ဘုတလင်မြို့နယ်အတွင်း မိုင်တဲလ်တာဝါတိုင် ၃ တိုင်ကို နိုဝင်ဘာ ၉ ရက်နေ့ ည ၁၀ နာရီကျော်အချိန်က မိုင်းထောင် ဖျက်ဆီးတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ကျနော်တို့ လွဲတဲကျေးရွာအနီးမှာ တစ်တိုင်၊ ဘုတလင်မြို့ဘေးက တစ်တိုင်နဲ့ တောင်ကလပ် ကျောင်းအနီးက တစ်တိုင်စ စုစုပေါင်း ၃ တိုင်ပေါ့။ ကျနော်တို့ ဘုတလင်ပြည်သူကာကွယ်ရေး တပ်တွေက ဖျက်ဆီးခဲ့တယ်။ ဘာကြောင့် အခုလို ဖျက်ဆီးရတာလဲဆိုတော့ ဒီမိုင်တဲလ်က စီးပွားရေး အမြတ်ထုတ်လို့ဗျ။ ဘယ်လိုအမြတ်ထုတ်တာလဲဆိုတော့ အခြားဆက်သွယ်ရေးတွေကြတော့ အက်တာနက်လိုင်းတွေ ဖြတ်တယ်။ သူတို့မိုင်တဲလ်ကြတော့ အင်တာနက်လိုင်းတွေဖွင့်ထားပြီး စီးပွားရေးအမြတ်ထုတ်လို့ အခုလိုဖျက်ဆီးရတာ” လို့ ဘုတလင်ပြည်သူ့ကာကွယ်ရေးတပ် BPDF ရဲ့ ပြောခွင့်ရတာဝန်ရှိသူက ပြောပါတယ်။
ဘုတလင်မြို့နယ်အတွင်း စစ်ကောင်စီတပ်တွေကို ဘုတလင်ပြည်သူ့ကာကွယ်ရေး အင်အားစုတွေနဲ့ မဟာမိတ်တပ်တွေက မိုင်းဆွဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေတာတွေရှိသလို စစ်ကောင်စီဘက်မှာလည်း အထိအခိုက်အကျအဆုံးများစွာ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။