DVB Logo
Home
မြန်မာသတင်း
ဧရာဝတီမြစ် ဆည်များ၏ တရုတ်အစီရင်ခံစာ ကချင်အဖွဲ့ ဝေဖန်
DVB
·
January 8, 2014
ဧရာဝတီမြစ် ဆည်များ၏ တရုတ်အစီရင်ခံစာ ကချင်အဖွဲ့ ဝေဖန်
Donate to DVB

ဧရာဝတီမြစ်ပေါ်မှာ တည်ဆောက်နေတဲ့ မြစ်ဆုံစီမံကိန်းအပါအ၀င် ဆည်ကြီး ၇ ခုဟာ ကချင်ပြည်နယ်အတွက် သာမက မြန်မာတနိုင်ငံလုံးအတွက် အကျိုးရှိတဲ့ စီမံကိန်းအဖြစ် တရုတ် ကုမ္ပဏီရဲ့ အစီရင်ခံစာကို ကချင်လူမှုဖွံ့ဖြိုးရေးကွန်ရက်အဖွဲ့က (KDNG) ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။

တရုတ်နိုင်ငံပိုင် စွမ်းအင်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ China Power Investment (CPI) ပါဝင်ပတ်သတ်နေတဲ့ ဧရာဝတီမြစ်ဆုံ အထက်ပိုင်း ရေအားလျှပ်စစ်ထုတ်လုပ်ရေးကုမ္ပဏီ (ACHC) က ဒီဇင်ဘာလမှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာတွေကို ပြန်လည်တုံ့ပြန်လိုက်ပါ။

Untitled-1 copyမြစ်ဆုံဆည် စီမကိန်းကြောင့် ထိခိုက်လာနိုင်တဲ့ လူမှုရေး၊ သဘာဝပတ်ဝန်းကျင်နဲ့ စီးပွားရေးဆိုင်ရာ ဆိုးကျိုးတွေကြောင့် မြန်မာနိုင်ငံသားတွေ အပြင်းအထန် ကန့်ကွက်နေစဉ်မှာ ဆည်စီမံကိန်းကြောင့် ကချင်ပြည်ကို ဖွံ့ဖြိုးတိုးတက်ပြီး စီးပွားရေး၊ သဘာဝ ပတ်ဝန်းကျင်၊ လူမှုရေး စတာတွေကို အသွင်ပြောင်းစေမှာဆိုပြီး တရုတ်ကုမ္ပဏီက ထုတ်ပြန်တဲ့ အစီရင်ခံစာက ရေးသားထားတာပါ။

ကချင် လူမှုဖွံ့ဖြိုးရေး ကွန်ရက် (KDNG) အဖွဲ့ဝင် ကိုစာဂျီက ဟန်ပြအနေနဲ့ တရုတ်ကုမ္ပဏီက ထုတ်ပြန်တဲ့ အစီရင်ခံစာကို ကန့်ကွက်တယ်လို့ ပြောပါတယ်။

သမ္မတ ဦးသိန်းစိန်က မြစ်ဆုံရေကာတာ စီမံကိန်းကို သူရဲ့ သက်တမ်းအတွင်း ရပ်ဆိုင်းထားဖို့ ပြောဆိုခဲ့ပေမယ့်လည်း အခုချိန်မှာ ချီဖွေငယ်ရေအားလျှပ်စစ် စီမံကိန်းတွေဟာ ပြီးစီးနေပြီ ဖြစ်သလို စီမံကိန်းကို ပြန်လည်လုပ်ဆောင်နေတဲ့ အထောက်အထားတွေကို တွေ့လာရတဲ့ အကြောင်း သူက အခုလို ပြောပါတယ်။

ကိုစာဂျီက “လက်ရှိအခြေအနေက ရပ်စဲထားတဲ့ ရေကာတာ တည်ဆောက်မယ့် စီမံကိန်းအောက်က တံတားပေါ်မှာ အရင်က ကွန်ကရစ် တံစိုက်ထားတယ်။ အခုအဲဒီတံတားကို ပြန်တည်ဆောက်ဖို့ အလုပ်သမားတွေ ရောက်လာတယ်။ လွန်ခဲ့တဲ့နှစ် လကုန်ပိုင်းက ကြိုးတံတားကို တည်ဆောက်တယ်။ ဒီကြိုးတံတားပြီးတာနဲ့ တပြိုင်နက် အခု ဒီတံတားကို ဆက်လုပ်ဖို့ အစီအစဉ်ရှိနေတယ်။ ဒီတံတားက တရုတ်ပြည်က မြန်မာပြည် ကချင်ပြည်နယ်ကို သွားတဲ့ ဖြတ်တဲ့ ဟိုင်းဝေးလမ်းက အခုမြစ်ဆုံကို ဖြတ်တော့မယ်။ အဲဒီလမ်းကို သူတို့ ပြန်လည်လုပ်နေတယ်။ နောက်ပြီး ဒီအစီရင်ခံစာကို လွန်ခဲ့တဲ့ အပတ်က ဘုရားရှစ်ခိုးကျောင်းမှာ စီပီအိုင် ကုမ္ပဏီက သက်ဆိုင်ရာ စီပီအိုင် ခေါင်းဆောင်တွေနဲ့ ၀န်ထမ်းတွေက လူတစုကို စည်းရုံးလှုံ့ဆော်ပြီးမှ ရေကာတာဆက်လက်လုပ်ဖို့ လှုံ့ဆော်နေတာတွေ့ရတယ်။ ဒီအခြေအနေ တွေကို ကြည့်ခြင်းအားဖြင့် မြစ်ဆုံရေကာတာကို လွယ်လွယ်နဲ့ အရှုံးပေးဖို့ဆိုတာ သူတို့မှာ မဖြစ်နိုင်ပဲ ဆက်လက်ကြိုးစားသွားမယ်ဆိုတဲ့ သင်္ကေတတွေ တွေ့ရပါတယ်” လို့ ပြောပါတယ်။

ဆောက်လုပ်ရေး လုပ်ဆောင်နေစဉ် ဧရာဝတီဆည်စီမံကိန်းတခုလုံးမှ ရရှိမယ် ၀င်ငွေရဲ့ ၆၀ ရာခိုင်နှုန်း အမေရိကန်ဒေါ်လာ ၅၄ ဘီလီယံကို အခွန်ဘဏ္ဍာ၊ အခမဲ့စွမ်းအင်၊ အခမဲ့ ရှယ်ယာ စတာတွေကနေ ရရှိမှာ ဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူက အမေရိကန် ဒေါ်လာ ၃၅ ဘီလီယံ ရရှိမယ်လို့ တရုတ်ရဲ့ ထုတ်ပြန်ချက်က ရေးသားထားပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဗဟိုအစိုးရဟာ မြန်မာနိုင်ငံရဲ့ သဘာဝသယံဇာတတွေ အားလုံး ပိုင်ဆိုင်ပြီး စီမံကိန်းက ရရှိတဲ့ ၀င်ငွေအားလုံး ကို ထိန်းချုပ်ပိုင်ခွင့်ရှိတဲ့အကြောင်း KDNG က တုံ့ပြန်ပါတယ်။

ဒါ့အပြင် ACHC ဟာ တာဝန်ယူမှုရှိတဲ့ ကုမ္ပဏီတခုဖြစ်ပြီး ရိုးသားမှု၊ မျှတမှုနဲ့ ပွင့်လင်းမြင်သာမှု မူဝါဒအတိုင်း ဆောင်ရွက်နေတယ်လို့ တရုတ် အစီရင်ခံစာက ရေးသားထားခဲ့ပါတယ်။

ဒီစီမံကိန်း စတင်တဲ့ အချိန်ကစပြီး ထိခိုက်ခံရတဲ့ ဒေသခံပြည်သူတွေရဲ့ ဆန္ဒသဘောထားကို ရယူတာမရှိဘဲ ဖုံးကွယ် လုပ်ဆောင်ခဲ့သလို ငွေကြေးဆိုင်ရာ အသေးစိတ်သတင်း အချက်အလက်နဲ့ အတည်ပြုခဲ့တဲ့ စစ်အစိုးရရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး သတင်းအချက်အလက်ပေးတာ မရှိဘူးလို့ KDNG က တုံ့ပြန်ပါတယ်။

စီမံကိန်းကြောင့် သဘာဝနဲ့ လူသားဖန်တီးထားမှုနှစ်မျိုးလုံး ပေါင်းစပ်ထားတဲ့ ပိုဆွဲဆောင်မှု ရှိတဲ့ မြစ်ဆုံ မြင်ကွင်းသစ် တခုကို ပုံဖော်နိုင်မှာ ဖြစ်သလို ခရီးသွားလုပ်ငန်းနဲ့ ၀န်ဆောင်မှု လုပ်ငန်းတွေအတွက် အလွန် အရေးပါတယ်လို့ ရေးသားထားပါတယ်။

ဒါနဲ့ပတ်သက်ပြီး KDNG က မြစ်ဆုံဟာ ကချင်လူမျိုးတွေရဲ့ မွေးရပ် ဖြစ်လသို မြန်မာနိုင်ငံရဲ့ ပြည်သူ တရပ်လုံးရဲ့ အရေးပါတဲ့ ပြယုဂ် ဖြစ်တဲ့ အတွက် တရုတ်လျှပ်စစ် စွမ်းအားတင်ပို့ရေး စီမံကိန်းနဲ့ ကိုက်ညီတဲ့ ပုံစံ အသစ် ပြောင်းလဲတာကို လက်မခံနိုင်တဲ့အကြောင်း တုံ့ပြန်ပါတယ်။

သဘာဝသယံဇာတဆိုင်ရာ အကြောင်းအရာဟာ ပြည်တွင်းစစ်ကို ဖြစ်စေတဲ့ အဓိက အကြောင်းအရာ ဖြစ်တဲ့အတွက် ဆည်စီမံကိန်းကို ပြန်စတင်ဖို့ ကြိုးစားတာဟာ ဖြစ်နေတဲ့ ပဋိပက္ခကို ပိုကြီးထွားစေတာကို KDNG က အထူး စိုးရိမ်သလို မြစ်ဆုံစီမံကိန်းကို ကန့်ကွက်တဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းက ပြည်သူတွေကို ဒေါသထွက်စေမယ်လို့လည်း ဆိုပါတယ်။

အရင်ရက်ပိုင်းက တရုတ်ကုမ္ပဏီက မြစ်ဆုံစီမံကိန်း နှောင့်နှေးထားမှုနဲ့ ပတ်သက်ပြီး သတိပေးမှုတွေ လုပ်ဆောင်ခဲ့တဲ့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

ဒါ့အပြင် အငြင်းပွားဖွယ် မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းနဲ့ ပတ်သက်ပြီးတော့ သမ္မတ ဦးသိန်းစိန်က ပြတ်ပြတ်သားသား ဆုံးဖြတ်ခဲ့တာ မရှိတဲ့ အတွက် နောင်လာမယ့် အစိုးရအဖွဲ့ကို ၀န်ထုတ်ဝန်ပိုးဖြစ်အောင် လုပ်ဆောင်ထားတယ်လို့ အရင်ရက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013