DVB Logo
Home
မြန်မာသတင်း
ပို့ကုန်ရ ဝင်ငွေစာရင်းရှင်းရန် ကျန်သည့် ကုမ္ပဏီပေါင်း ၆၆၃ ခုရှိ ၊ မြန်မာဝမ်ပေါင် ကုမ္ပဏီ ပမာဏအများဆုံးဖြစ်
DVB
·
November 8, 2021
ပို့ကုန်ရ ဝင်ငွေစာရင်းရှင်းရန် ကျန်သည့် ကုမ္ပဏီပေါင်း ၆၆၃ ခုရှိ ၊ မြန်မာဝမ်ပေါင် ကုမ္ပဏီ ပမာဏအများဆုံးဖြစ်
Donate to DVB

ပို့ကုန်ရဝင်ငွေ စာရင်းရှင်းလင်းဖို့ ကျန်ရှိတဲ့ကုမ္ပဏီစာရင်းမှာ   စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီနဲ့ တရုတ် ဝမ်ပေါင်ကုမ္ပဏီတို့ဖက်စပ်ဆောင်ရွက်နေတဲ့ MYANMAR WANBAO MINING COPPER ကုမ္ပဏီက ငွေကြေးပမာဏ အများဆုံးဖြစ်တယ်လို့ ဗဟိုဘဏ် ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ၂၀၁၉ ခုနှစ်အတွင်း ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ဖို့ကျန်ရှိတဲ့ ကုမ္ပဏီတွေအနေနဲ့  စာရင်းရှင်းလင်းဖို့အချိန် ရက်ပေါင်း ၃၀ သတ်မှတ်ထားပြီး စာရင်းရှင်းလင်းခြင်းမရှိပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ပို့ကုန်/ သွင်းကုန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပါ ပြဋ္ဌာန်းချက်တွေအရ ဆက်လက်ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က  နိုဝင်ဘာ ၂ရက်က အသိပေးထုတ်ပြန်ထားပါတယ်။

အဆိုပါကြေညာချက်အရ ပို့ကုန်ရဝင်ငွေစာရင်းရှင်းလင်းဖို့ ကျန်နေတဲ့  ကုမ္ပဏီပေါင်း ၆၆၃ ခုရှိပြီး ငွေပမာဏအားဖြင့် အမေရိကန်ဒေါ်လာ ၅၇၆ ဒသမ ၈ သန်းရှိပါတယ်။ ဒီအထဲက MYANMAR WANBAO MINING COPPER ကုမ္ပဏီက အမေရိကန်ဒေါ်လာ ၁၀၃ သန်းကျော်နဲ့  အများဆုံးရှိတာတွေ့ရပါတယ်။

ပို့ကုန်ရဝင်ငွေစာရင်းရှင်းလင်းဖို့ ကျန်နေတဲ့ကုမ္ပဏီတွေ အထူးသဖြင့် စစ်တပ်နဲ့ ဖက်စပ်လုပ်နေတဲ့ တရုတ်ဝမ်ပေါင်ကုမ္ပဏီလို စီးပွားရေးလုပ်ငန်းတွေကို  စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်အနေနဲ့ ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်းစည်းကမ်းနဲ့အညီ  တကယ်တမ်း အရေးယူဆောင်ရွက်ပါ့မလား ဆိုတာကတော့ မသေချာပါဘူး။ 

စီးပွားရေးလုပ်ငန်းရှင်တဦးကတော့ “များသောအားဖြင့် မြန်မာပြည်က စီးပွားရေးပြဿနာက အဲ့ဒါပဲဗျ။ မှန်မှန်ကန်ကန်လုပ်တဲ့သူဆိုရင် ဘယ်လိုမျှ တွက်ခြေမကိုက်ဘူး။ အကြီးကြီးတွေကတော့ သူတို့လက်ထဲမှာပဲ ရှိတယ်။ အခွင့်အလမ်း တွေကလည်း အများကြီးရတယ်။ ပြီးတော့ အခွန်မဆောင်တာတို့ ဆိုတာက ရှိသေးတယ်။ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းနဲ့ ဥပဒေလုပ်ထုံးလုပ်နည်းတွေကို မလိုက်နာကြဘူး။ ဆိုတော့ ဒါက မျှတတဲ့ကစားကွင်း မဟုတ်တော့ ဘူးလေ။ ရိုးရိုး အသေးစားအလတ်စား(SME)လုပ်ငန်းလေးတွေက မှန်မှန်ကန်ကန် လုပ်ရပြီး အခွန်ပေးရတယ်။ သူတို့ ကတော့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းအကြီးကြီးတွေ လုပ်ကြတယ်။ ဒါပေမဲ့ ပေးသင့်ပေးထိုက်တဲ့ အခွန်အခတွေကို မပေးဘူး။ စည်းမျဉ်းစည်းကမ်းတွေကိုလည်း မလိုက်နာဘူး။ ဒါက ယခင် စစ်တပ်အုပ်ချုပ်တဲ့ခေတ်မှာလည်း ဖြစ်ခဲ့တယ်။ အဲ့တော့ တကယ်လုပ်ချင်ကိုင်ချင်တဲ့ သူတွေက ဝင်မလုပ်တော့ဘူး” လို့ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပို့ကုန်ရငွေနဲ့ပတ်သတ်လို့ စာရင်းပြန်ရှင်းလင်းတဲ့ ကုမ္ပဏီအရေအတွက် ရာဂဏန်းကျော်အထိများနေ ရတဲ့အကြောင်းအရာနဲ့ ပတ်သတ်ပြီး ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တဦးက “ပို့ကုန်သမားတွေအတွက် သူတို့ရမယ့်ငွေကြေးက ဒေါ်လာငွေကြေးပေါ့။ အဲ့ဒီဒေါ်လာငွေကြေးကို လိုအပ်တော့မှ ကျပ်ငွေ ပြန်ပြောင်းတာ။ ဒါပေမဲ့ မြန်မာပြည်မှာက ငွေရေးကြေးရေးနဲ့ ပတ်သတ်လို့ပဲဖြစ်ဖြစ် ဘဏ်စနစ်နဲ့ပတ်သတ်လို့ပဲဖြစ်ဖြစ် တည်ငြိမ်မှုမရှိဘူး။ ဘဏ်တွေက အကျပ်အတည်းပေါ်လိုက် နိုင်ငံခြားငွေကြေးကလည်း အတက်အကျနဲ့ မတည်ငြိမ်လိုက်တော့ တော်တော်များများက မြန်မာနိုင်ငံမှာ ပို့ကုန်ရငွေကို မအပ်ကြဘူး။ ဘယ်မှာ စာရင်းထားကြလဲဆိုရင် များသောအားဖြင့် စင်္ကာပူဘဏ်မှာ စာရင်းထားကြတယ်နော်။ ဘာလို့လဲဆိုတော့ စင်္ကာပူက မြန်မာနိုင်ငံထက်စာရင် အတိုင်းအတာတခု အထိ ငွေရေးကြေးရေးက တည်ငြိမ်မှုရှိတယ်လေ။ အဲ့တော့ ပြည်တွင်းကို ပြန်မသယ်ဘူး။ တကယ်လို့ ပေးချေစရာရှိတယ် ဆိုရင် စင်္ကာပူဘဏ်ကနေ ပေးချေတယ်” လို့ဆိုပါတယ်။

စီးပွားရေးသုတေသီတဦး၏အမြင်ကတော့ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်မှာ ကြိုးစားလာတာက ယခင်က ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနဲ့ မညီညွတ်တဲ့ဟာတွေကို စည်းမျဉ်းစည်းကမ်းနဲ့ညီညွတ်အောင် ဆောင်ရွက်လာတာ တွေ့ရတယ်နော်။(ဥပမာ-စစ်တပ်ပိုင် ဦးပိုင်လုပ်ငန်းတွေကို အခွန်ပေးဆောင်ခိုင်းတာ၊ ပြီးတော့ ဥပဒေနဲ့အညီ ပိုင်ဆိုင်မှု တွေကို ဖော်ပြခိုင်းတာ)။ ဒါမျိုးလုပ်ဖို့ပြင်ဆင်နေတုန်းမှာ  ကိုဗစ်နဲ့ကြုံခဲ့ပြီးနောက် အခု အာဏာသိမ်းခံလိုက်ရတဲ့အတွက် လုပ်ငန်းစဉ်တွေက မပြီးပျက်သေးဘူး။ ဆိုတော့ ဘဏ္ဍာရေးလုပ်မယ်ဆိုရင် ဘဏ္ဍာရေးဆိုင်ရာပွင့်လင်းမြင်သာမှုရှိဖို့နဲ့ တာဝန်ယူမှု၊တာဝန်ခံမှု ရှိဖို့ဆိုတာက ဒီမိုကရေစီ ခေတ်မှာ ပြောတဲ့စကားလုံးတွေပဲ။ ဒါပေမဲ့ အရင်တုန်းက ဒီမိုကရေစီစနစ်မတိုင်မှီက ပွင့်လင်းမြင်သာမှုလည်းမရှိဘူး။ တာဝန်ယူမှု၊တာဝန်ခံမှုလည်း မရှိဘူး။ ဆိုတော့ ဒါတွေကို စစ်ကောင်စီက ဆက်လုပ်မလား၊ မလုပ်ဘူးလားဆိုတာကတော့ မသေချာဘူး” လို့သုံးသပ်ပြောပါတယ်။

Photo-WANBAO

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013