DVB Logo
Home
မြန်မာသတင်း
၂၀၂၀ ရွေးကောက်ပွဲတွင် ရွေးချယ်ခံရသူများကို ပြည်သူ့ကိုယ်စားလှယ်များအဖြစ် အသိအမှတ်ပြုဆဲဟု SNLD ပါတီပြော
DVB
·
November 8, 2021
၂၀၂၀ ရွေးကောက်ပွဲတွင် ရွေးချယ်ခံရသူများကို ပြည်သူ့ကိုယ်စားလှယ်များအဖြစ် အသိအမှတ်ပြုဆဲဟု SNLD ပါတီပြော
Donate to DVB

၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ အနိုင်ရခဲ့ကြတဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေ အားလုံးကို  ပြည်သူ့ကိုယ်စားလှယ်များအဖြစ် အသိအမှတ်ပြုနေဆဲပဲလို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်  SNLD ပါတီက ဒီဗွီဘီကို ပြောပါတယ်။ 

 SNLD ပါတီပြောခွင့်ရသူ ဦးစိုင်းလိတ်က “ ပြည်သူတွေ တာဝန်ကျေစွာ ဆန္ဒပြုခဲ့တဲ့မဲရလဒ်ကို ဥပဒေမဲ့ ဖျက်သိမ်းလိုက်တဲ့အတွက် လူထုရဲ့ယုံကြည်ကိုးစားမှုကို သူတို့လက်လွှတ်ဆုံးရှုံးရမှာပါ။ အတိတ်က မှားခဲ့ဖူးတာကို သင်ခန်းစာ မယူတဲ့အပြင် ထပ်ပြီးတော့ ကျူးလွန်တယ်ဆိုတာမျိုးက ပြည်သူတွေအဖို့ ခွင့်လွှတ်သည်းခံစရာ ကျန်ပါဦးမလားလို့ မေးခွန်းထုတ်ရမလိုပါပဲ။ ကျနော်တို့ကတော့ အရွေးချယ်ခံကိုယ်စားလှယ်တွေကို ကနေ့အထိ ပြည်သူ့ကိုယ်စားလှယ်များအဖြစ် အသိအမှတ်ပြုနေဆဲပါပဲ။” လို့ ပြောပါတယ်။

အာဏာသိမ်း  စစ်ကောင်စီကတော့   ၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းကြောင်းကြေညာထားပြီး ၂၀၂၃ ခုနှစ်မှာ ရွေးကောက်ပွဲ သစ်ကျင်းပမယ်လို့ ကြေညာထားတာ ဖြစ်ပါတယ်။ 

ဒါနဲ့ ပတ်သက်ပြီး SNLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က “ရွေးကောက်ပွဲက ဘယ်နေမှန်းမသိသေးတော့ သဘောထားပေးဖို့ ခက်ပါတယ်။ တစ်ခုပဲ ပြောစရာရှိပါတယ်၊ လူထုဆန္ဒမပါတဲ့ ရွေးကောက်ပွဲတို့၊ နိုင်ငံရေးအပြောင်းအလဲတို့ဆိုတာ အောင်မြင်လေ့ မရှိပါဘူး။ တိုင်းပြည်နဲ့ အနာဂတ်မျိုးဆက်တွေ နစ်နာတာပဲ အဖတ်တင်တတ်တာမျိုးပါ”လို့  ပြောပါတယ်။

၂၀၂၀ နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလ ၂၆၀ ဦး အပါအဝင် ပါတီပေါင်း ၈၇ ပါတီမှ ကိုယ်စားလှယ်လောင်း ၅,၆၃၉ ဦးတို့က မဲဆန္ဒနယ်ပေါင်း ၁,၁၁၇ နေရာမှာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြတာပါ။

ဒီရွေးကောက်ပွဲမှာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်အတွက် ၁၃ နေရာ ၊ အမျိုးသားလွှတ်တော် ၂ နေရာ၊ တိုင်းနဲ့ပြည်နယ်လွှတ်တော် ၂၇ နေရာ စုစုပေါင်း    ၄၂ နေရာနဲ့  ပါတီတွေထဲမှာ တတိယ နေရာအများဆုံး အနိုင်ရရှိခဲ့တာပါ။ 

၂၀၂၀ ရွေးကောက်ပွဲမှာ စစ်တပ်ထောက်ခံတဲ့ ကြံ့ခိုင်ရေးပါတီရှုံးနိမ့်သွာပြီးနောက် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က နိုင်ငံတော် အာဏာကို တရားမဝင်သိမ်းယူခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲရလဒ်တွေကိုလည်း ပယ်ဖျက်ကြောင်း အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၂၆ ရက်မှာ  ကြေညာခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013