DVB Logo
Home
မြန်မာသတင်း
တောင်တွင်းကြီးက စာသင်ကျောင်းများတွင် တက်ရောက်သူ ၁၀ ရာခိုင်နှုန်းမပြည့်
DVB
·
November 7, 2021
တောင်တွင်းကြီးက စာသင်ကျောင်းများတွင် တက်ရောက်သူ ၁၀ ရာခိုင်နှုန်းမပြည့်
Donate to DVB

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်က စာသင်ကျောင်းတွေမှာ ကျောင်းတက်သူ ကျောင်းသား အရေအတွက် ၁၀ ရာခိုင်နှုန်းမပြည့်ဘူးလို့ သိရပါတယ်။

ကျောင်းသားမိဘတဦးက “ကလေးတွေကကို ကျောင်းသွားချင်စိတ် မရှိကြတာလေ။ တကယ်တော့ ကျောင်းပို့လည်း ဘာမှမတတ်တာလေ။ အိမ်က အလုပ်ပဲ ကူပြီးလုပ်ခိုင်းလိုက်တော့ မယ်” လို့ ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီက စာသင်ကျောင်းတွေကို နိုဝင်ဘာလဆန်းပိုင်းက ပြန်ဖွင့်ခိုင်းထားပြီး နောက် ၃ လ အကြာမှာ အတန်းတင်စာ မေးပွဲဖြေဆိုကြရမယ်လို့ သိရပါတယ်။

“စာတတ်တာနဲ့ ပညာတတ်တာ မတူဘူးဗျ။ စစ်တပ်ထဲကကောင်တွေက စာလည်းမတတ်သလို ပညာလည်းမတတ်ဘူး။ နိုင်ငံတကာကို လိမ်စားဖို့ ကျောင်းတွေကို ဇွတ်အတင်းပြန်ဖွင့်ခိုင်းနေတာ။ သူတို့ဆင်တဲ့အကွက်ထဲ မဝင်ချင်လို့ ကျောင်းမသွားဘူးဗျာ” လို့ အမည်မဖော်လိုတဲ့  အထက်တန်း ကျောင်းသားတဦးက ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီက ကျောင်းတွေပြန်ဖွင့်ပြီး ကျောင်းသားတွေကို စာသင်ခန်းထဲရောက်ဖို့ ကျောင်းတာဝန်ရှိသူတွေကို ဖိအားပေးနေတယ်လို့လည်း သိရပါတယ်။

“ကျောင်းသားတွေကို စာသင်ခန်းထဲရောက်အောင် အရပ်ထဲလည်ခေါ်ရမယ်လို့ မြို့နယ်ပညာရေးမှူး ဒေါ်လှလှဝင်းကလည်း ပြောနေတယ်။ တို့မှာလည်း အသက်နဲ့။ ငါတို့ရဲ့အသက်အန္တရာယ်ကို သူတို့ စစ်ကောင်စီက ဘယ်လောက်အထိ တာဝန်ယူမှာလဲ။ သူတို့ ကလေးတွေက မလာချင်လို့ မလာကြတာကို အိမ်တွေလည်ခေါ်ရမယ်လို့ အဓိပ္ပာယ်မရှိတာ” လို့ လက်ရှိ တာဝန်ထမ်းဆောင်နေ တဲ့ အလယ်တန်းပြ ပညာရေးဝန်ထမ်းတဦးက ပြောပြပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက နတ်မောက်မြို့မှာ လက်ထောက်ပညာရေးမှူး ဦးခင်မောင်သန်း ရွာအပြန် လမ်းမှာ သေဆုံးမှုနဲ့ပတ်သက်ပြီး ပညာရေးဝန်ထမ်းတွေက ကျောင်းတက်သွားဖို့ စိုးရိမ်စိတ်တွေ ဖြစ်ပေါ်နေတယ်လို့ ဆက်လက် ပြောပြပါတယ်။

တောင်တွင်းကြီးမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက အာဏာဖီဆန် CDM လှုပ်ရှားမှုမှာပါဝင်တဲ့ ပညာရေး ဝန်ထမ်းတွေတချို့လည်း ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အာဏာဖီဆန် CDM လှုပ်ရှားမှုမှာပါဝင်တဲ့ ပညာရေးဝန်ထမ်းတဦးက “အရင်ရက်ကပဲ CDM ပညာရေးဝန်ထမ်းတွေ အဖမ်းခံရတယ်။ ငါတို့လည်း CDM သမားဆိုတော့ အခြားတနေရာကို အမြန်ရှောင်နေရတာပေါ့။ စစ်ကောင်စီက ဖွင့်တဲ့ကျောင်းကို အသက်နဲ့ရင်းပြီး ကျောင်းမတက် ကြပါနဲ့လို့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို မှာချင်ပါတယ်'' ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီက နိုဝင်ဘာ ၁ ရက်နေ့ကနေစပြီး စာသင်ကျောင်းတွေ ပြန်ဖွင့်ခိုင်းနေပေမယ့် တောင်တွင်းကြီးမြို့က စာသင်ကျောင်းတွေ ကျောင်းတက်တဲ့ ကျောင်းသား မရှိသလောက်ဖြစ်နေပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားတွေရဲ့ သား၊ သမီးတွေသာ ကျောင်းတက်ကြတယ်လို့ ပညာရေးဝန်ထမ်းတွေဆီက သိရပါတယ်။

တောင်တွင်းကြီးမြို့မှာ ထက်၊ လယ်၊ မူ စာသင်ကျောင်းပေါင်း ၂၅၀ ကျော်ရှိပြီး ယခင်နှစ်များက စာရင်းတွေအရ ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမ ၂၅၀၀ ဝန်းကျင်ရှိကာ တမြို့နယ်လုံး ကျောင်းသားဦးရေ ၁၀၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

မြို့နယ်ပညာရေးမှူးရုံးဝန်ထမ်းတဦးက “စာသင်ကျောင်းတွေ စတင်ဖွင့်လှစ်တဲ့ နိုဝင်ဘာ ၁ ရက်နေ့ကနေ ၅ ရက်နေ့အထိ ၅ ရက်တာစာရင်းတွေအရ တမြို့နယ်လုံးမှာ ကျောင်းတက်သူ ကျောင်းသားဦးရေ ရာဂဏန်းပဲ ရှိတယ်။ ၁၀ ရာခိုင်နှုန်းမပြည့်ဘူး” လို့ ဆိုပါတယ်။

တောင်တွင်းကြီးမြို့မှာ အာဏာဖီဆန် CDM မှာပါဝင်လို့ အကြမ်းဖက်စစ်ကောင်စီရဲ့ တာဝန်ကနေ ရပ်စဲခြင်းခံရတဲ့ ပညာရေးဝန်ထမ်းပေါင်း ၅၀၀ နီးပါးရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013