DVB Logo
Home
မြန်မာသတင်း
တီးတိန်တွင် ဒေါ်အောင်ဆန်းစုကြည် ဖွဲ့စည်းပုံပြင်ရေး ရှင်းလင်း
DVB
·
January 7, 2014
တီးတိန်တွင် ဒေါ်အောင်ဆန်းစုကြည် ဖွဲ့စည်းပုံပြင်ရေး ရှင်းလင်း
Donate to DVB

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာတော့ ချင်းပြည်နယ် တီးတိန်မြို့ကို ရောက်ရှိပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောကြားပါတယ်။

2DASSK Chin trip 07012014ချင်းပြည်နယ်ကို ရောက်ရှိနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ ညနေပိုင်းမှာ တီးတိန်မြို့ရောက်ရှိပြီး ဒေသစံတော်ချိန် ၄ နာရီခွဲလောက်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ပတ်သက်ပြီး ဟောပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က “ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျမတို့ ပြုပြင်ပြောင်းလဲမယ်ဆိုတာ အခုမှ ပြောတာ မဟုတ်ပါဘူး။ ဒီ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ၂၀၀၈ အတည်မပြုခင်ကတည်းက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လုံးဝ သဘောမတူဘူးဆိုတာ တရားဝင် ကြေညာခဲ့တာပါ။ သဘောမတူတဲ့ အကြောင်းက အကြမ်းဖျင်းအားဖြင့် အချက်ကြီး ၂ ချက်ပေါ့။ တခုက ဒီဥပဒေ ဆွဲပုံ ဆွဲနည်းကိုက မမှန်ဘူး၊ ဒီမိုကရေစီ နည်းမကျဘူး။ ပြည်သူတွေက ရွေးချယ်တင်မြှောက်ပြီးတော့ သဘောကျတဲ့ ကိုယ်စားလှယ်တွေကို အခြေခံပြီး ဆွဲခဲ့တာ မဟုတ်ဘူး။ အာဏာရှင်စနစ်အရ အထက်ကလူတွေ သဘောကျဆွဲခဲ့တာ။ နောက် တကြောင်းက ဘာလဲဆိုတော့ ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ပါတဲ့ အချက်အလက်တွေက ကျမတို့ရဲ့ နိုင်ငံကို စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ပေးနိုင်တဲ့ အချက်အလက်တွေ မဟုတ်ပါဘူး။ အဲဒီတော့ ဒီအချက်ကြီး ၂ ချက်ကြောင့် အစကတည်းက ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဆန့်ကျင်ခဲ့တယ်” လို့ ပြောပါတယ်။

ဒ့ါအပြင် ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၈ တုန်းက ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အတည်ပြုရင်း ပြည်သူ့ဆန္ဒခံယူပွဲ လုပ်ခဲ့တာဟာလည်း မတရားကြောင်း၊ တကယ့်ပြည်သူတွေရဲ့ ဆန္ဒကို ရောင်ပြန်မဟပ်တဲ့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံနိုင်ကြောင်း ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

“အဲဒီတုန်းက ၉၂ ရာခိုင်နှုန်းက ထောက်ခံခဲ့တယ်လို့ ပြောပေမယ်။ ကျမမေးမယ်… အခု ဒီ တီးတိန်က တကယ်ပဲ ၉၂ ရာခိုင်နှုန်းက ထောက်ခံခဲ့တာလား။ ကျမတို့ မြေပြန့်မှာလည်း ဒီအတိုင်းပဲ ဘယ်တော့မှ ၉၂ ရာခိုင်နှုန်းကို ထောက်ခံခဲ့တယ်ဆိုတာ ဟုတ်ကို မဟုတ်ဘူး။ ဒါပေမယ့်လည်း တရားဝင် ဆန္ဒခံယူပွဲရဲ့ ရလဒ်တွေ ထွက်လာတော့ ၉၂ ရာခိုင်နှုန်းသော ပြည်သူလူထုက ထောက်ခံအတည်ပြု ခဲ့ပါတယ်ဆိုပြီး ထွက်လာတယ်။ အဲဒါက တတိယအချက်ပေါ့။ ဒီ အတည်ပြုပုံ အတည်ပြုနည်းကလည်း မမှန်ဘူး။ ဒါကြောင့် ကျမတို့က ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေကို လက်မခံဘူး။”

ဒီဟောပြောပွဲကို တီးတိန်မြို့ ဘောလုံးကွင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ပြည်သူလူထု ၃၀၀၀ လောက် တက်ရောက်ခဲ့တယ်လို့ ဒီခရီးစဉ်ကို လိုက်ပါသတင်းယူခဲ့တဲ့ သတင်းထောက်တဦးက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မနက်ကလည်း ချင်းပြည်နယ် တီးတိန်မြို့နယ် ဇိုနွမ်းဇန်ကျေးရွာက မူလတန်းလွန်ကျောင်း ဖွင့်လှစ်ပွဲကို တက်ရောက်ခဲ့ပြီး အလွတ်ကျက်ပညာရေးစနစ်ဟာ တိုင်းပြည်ရဲ့ အနာဂတ်အတွက် အဆင်မပြေဘူးလို့ ပြောကြားခဲ့ပါတယ်။

ဒီဇင်ဘာလ ၈ ရက်နေ့မနက်မှာ ဖလန်းမြို့ကို သွားရောက်မှာဖြစ်ပြီး ပြည်သူလူထုနဲ့တွေ့ဆုံမှာ ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၉ ရက်နေ့မှာတော့ ဟားခါးမြို့မှာရှိတဲ့ ပြည်သူလူထုနဲ့တွေ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပေဒဆိုင်ရာ လူထုဆန္ဒခံယူပွဲကို ပြုလုပ်မှာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ချင်းပြည်နယ်ခရီးစဉ် အဖြစ် မနေ့က စတင်ထွက်ခွာခဲ့တာပါ။

မနေ့က ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကိုင်းတိုင်း ကလေးမြို့ တည်းခိုရိပ်သာတခုမှာ အဖွဲ့ချုပ် ဗဟိုကော်မတီဝင်တွေ၊ ညီလာခံကျင်းပရေး ကော်မရှင် အဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ကိစ္စ ဆွေးနွေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ချင်းပြည်နယ်ကို ၂၀၀၃ ခုနှစ်ကလည်း တကြိမ်ရောက်ရှိခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013