Home
မြန်မာသတင်း
အိန္ဒိယနိုင်ငံက ဆက်လက်ဝယ်ယူနေသဖြင့် မြန်မာမတ်ပဲ ဈေးကောင်းရနေ
DVB
·
November 6, 2021
Mat Bean
Mat Bean 1

အခုအချိန်မှာ အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံကထွက်ရှိတဲ့ မတ်ပဲတွေကို အချိန် ၂ လ သက်တမ်းတိုးပြီး ရသလောက် ဝယ်ယူနေတဲ့ အတွက်  ဈေးကောင်းရနေတယ်လို့ မန္တလေးပဲဈေးကွက်ကနေ သိရပါတယ်။ 

မတ်ပဲ ဈေးနှုန်းဟာ မနှစ်က ကာလတူအချိန်တုန်းက ၃ တင်းဝင် တအိတ်ကို ငွေကျပ် ၈ သောင်းကျော်သာရှိခဲ့ပြီး  ဒီနှစ်မှာတော့ ကျပ် ၁ သိန်း ၃ သောင်းကျော်ဝန်းကျင်အထိ ဈေးကောင်းရနေတယ်လို့ သိရပါတယ်။

လက်ရှိ မန္တလေးပဲဈေးကွက်မှာ ကုန်းစိုက်မတ်ပဲတွေအထွက် နည်းပါးလာချိန်မှာ ရေသွင်းစိုက်ပျိုးတဲ့ မတ်ပဲတွေ ဈေးကွက်အတွင်း အစားထိုးဝင်ရောက်လာတာကြောင့် အိန္ဒိယနိုင်ငံနဲ့ ဆက်လက် အရောင်းအဝယ်ပြုလုပ်နိုင်နေတယ်လို့လည်း  မန္တလေးမြို့က ပဲကုန်သည်တွေဆီက သိရပါတယ်။

ဒီလိုကုန်းစိုက်မတ်ပဲ နည်းပါးလာချိန်မှာ ရေသွင်းစိုက် မတ်ပဲတွေ အစားထိုး ဝင်ရောက်လာမှုကြောင့် မတ်ပဲဈေးကွက်အရောင်းအဝယ် ပြန်လည်တည်ငြိမ်လာတယ်လို့လည်း  ကုန်သည်တွေက ဆိုပါတယ်။

ကုန်းစိုက်မတ်ပဲဟာ ဆောင်းသီးနှံဖြစ်ပြီးတော့ တစ်နှစ်မှာ တစ်ကြိမ်သာ စိုက်ပျိုးနိုင်ကာ ရေသွင်းမတ်ပဲကတော့ သီးထပ်စိုက်ပျိုးနိုင်တယ်လို့ သိရပါတယ်။ 

အိန္ဒိယက အခုလို မတ်ပဲဝယ်ယူမှု မြင့်တက်နေချိန်မှာ ရေသွင်းစိုက်ပျိုးရတဲ့ မတ်ပဲ အသစ်တွေ လှိုင်လှိုင်ပေါ်လာတာကြောင့် ဈေးကွက်အတွင်းမှာ ပစ္စည်းပြတ်လပ်မှု မရှိဘူးလို့ ဆိုပါတယ်။

မန္တလေးမြို့ ပဲကုန်သည်တစ်ဦးက “အောက်ပြည်အောက်ရွာမှာ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းတွေမှာ သူက ဆောင်းသီးနှံအနေနဲ့က တစ်နှစ်ကို တစ်ကြိမ်ပဲ စိုက်ပျိုးလို့ရတယ်။ အခုလိုမျိုး အထက်အညာဒေသ တွေမှာတော့ သီးထပ်အနေနဲ့ ပထမအချက် မြစ်နားကမ်းနားဒေသတွေမှာ စိုက်ပျိုးလို့ရတယ်။ ဒုတိယအချက်အနေနဲ့ကတော့ ကျွန်းမြေလိုဒေသတွေမှာ မြေအောက်ရေကို ဖော်ထုတ်ပြီးတော့ မြစ်ရေတင်ရုံတင်မကဘူး၊ မြေအောက်က ကျနော်တို့အရပ်အခေါ်ပေါ့ အဝီစိရေကို ထုတ်ပြီးတော့ မြေအောက်ရေကို ထုတ်ပြီးတော့ စိုက်ပျိုးတာလည်း အောင်မြင်ဖြစ်ထွန်းတာကို မတ်ပဲကို တွေ့ရှိရတယ်။ မတ်ပဲအနေနဲ့ကတော့ ကျနော်တို့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ အိန္ဒိယအနေနဲ့က ဈေးကွက်က အခိုင်အမာရှိတယ်။ နှစ်စဉ်နှစ်စဉ်လည်း စာချုပ်တွေ ချုပ်ဆိုပြီးတော့ ဝယ်ယူနေတာတွေလည်း တွေ့ရတယ်” လို့ ပြောပါတယ်။

အိန္ဒိယနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကြောင့် ပဲနှမ်းစိုက်ပျိုးသူ နည်းပါးခဲ့ပြီး ရာသီဥတု ဖောက်ပြန်ခဲ့တာကြောင့် လိုအပ်တဲ့ ပဲတွေကို မြန်မာနိုင်ငံက ရသလောက် ဝယ်ယူနေတာ ဖြစ်တယ်လို့ ကုန်သည်တွေကဆိုပါတယ်။

ပဲကုန်သည်တစ်ဦးက “သူတို့ဆီမှာဆိုရင် ရာသီဥတုကလည်း ကျနော်တို့ တိုင်းပြည်လို မဟုတ်ဘူး။ ဒီနှစ် ဖောက်ပြန်တဲ့ ရာသီဥတုနဲ့ သူတို့ ကြုံတွေ့ခဲ့ရတယ်။ ကိုဗစ်-၁၉ ကာလအချိန်မှာ အိန္ဒိယလယ်သမားအနေနဲ့ ရောဂါဘယကြောင့် စိုက်ပျိုးဧကတွေ လျော့လာတဲ့အတွက် အိမ်နီးချင်းဖြစ်တဲ့ ကျနော်တို့နိုင်ငံကနေ အဓိကစားသုံးတဲ့ မတ်ပဲကို သူတို့လည်း ပိုမိုပြီးတော့ ဒီလို ရှောရှောရှူရှူ ဝယ်ယူရတာဖြစ်တယ်”လို့ ပြောပါတယ်။ 

"၂၀၁၇ ခုနှစ်ကတော့ မတ်ပဲကို ကန့်သတ်ဝယ်ယူမှုတွေနဲ့ ကျနော်တို့ ကြုံတွေ့ခဲ့ရဖူးလို့ မြန်မာ တောင်သူတွေမှာ အခက်အခဲတွေ ၂၀၁၇ ခုနှစ်က တစ်ကြိမ် ကြုံတွေ့ခဲ့ရဖူးပါတယ်။ အခုတော့ သူတို့ရဲ့ဝယ်လိုအားလည်း ကျနော်တို့ရှိတယ်"လို့ နောက်ထပ် ကုန်သည်တစ်ဦးက ပြောပါတယ်။

ရေသွင်းမတ်ပဲဟာ  အောက်တိုဘာလကုန်ပိုင်းမှာ စတင်ပြီး လှိုင်လှိုင်ပေါ်လာပြီးတော့ အိန္ဒိယနိုင်ငံက ဆောင်းသီးနှံ ကုန်းမတ်ပဲရော ရေသွင်းမတ်ပဲကိုရော နှစ်မျိုးစလုံးကို ဝယ်ယူနေတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024