အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့မှာ နိုဝင်ဘာ ၅ ရက်က ဖြစ်ပွားခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှုအတွင်း ဆန္ဒပြသူတွေနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ သေဆုံးမှုနဲ့ ဒဏ်ရာရမှုတွေကို စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီဖြစ်ကြောင်း အီရတ်ရဲ့ ပူးတွဲစစ်ဆင်ရေးကွပ်ကဲမှုကို ကိုးကားပြီး အီရတ်သတင်းအေဂျင်စီ (INA) က ဖော်ပြပါတယ်။
ဝန်ကြီးချုပ် မူစတာဖာအယ်လ်ကာဒီမီက အောက်တိုဘာလက ကျင်းပခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲရလဒ်ကို ငြင်းခုံနေတဲ့ ပါတီတွေကို ထောက်ခံသူတွေနဲ့ အီရတ်လုံခြုံရေးတပ်ဖွဲ့တွေ အကြား ထိပ်တိုက်တွေ့ဆုံမှုတွေအပြီးမှာ စုံစမ်းစစ်ဆေးတဲ့ ကော်မတီတရပ် ဖွဲ့စည်းဖို့ အမိန့်ပေးခဲ့ပါတယ်။
အောက်တိုဘာ ၁၀ ရက် မဲခွဲဆုံးဖြတ်ပြီးနောက်မှာ ပါလီမန်က နေရာပေါင်း ဒါဇင်များစွာ ဆုံးရှုံးခဲ့တဲ့ အီရန်နဲ့ မဟာမိတ်ပြုထားတဲ့ နိုင်ငံရေးပါတီတွေရဲ့ လက်နက်ကိုင်အင်အားရှိ ထောက်ခံသူတွေနဲ့ အစိုးရတပ်ဖွဲ့တွေအကြား ပထမဆုံး ထင်ရှားတဲ့ အပြင်းအထန် တိုက်ခိုက်မှုဖြစ်ပါတယ်။
ဆန္ဒပြသူ အများအပြားဟာ ကျောက်ခဲတွေနဲ့ ပစ်ပေါက်ကြပြီး အစိုးရ အဆောက်အအုံတွေနဲ့ နိုင်ငံခြား သံရုံးတွေ ထားရှိရာ ဘဂ္ဂဒက်ရဲ့ လုံခြုံရေးတင်းကျပ်ထားတဲ့ အစိမ်းရောင်ဇုန်ကို ချီတက်ဖို့ ကြိုးစားခဲ့ကြတာကြောင့် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးနဲ့ ကျည်ဆန်တွေကို လေထဲ ပစ်ဖောက်ခဲ့တယ်လို့ လုံခြုံရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဆန္ဒပြသူ ၂၁ ဦးထက်မနည်း အများစုမှာ မီးခိုးတွေ ရှူရှိုက်မိခြင်းကြောင့် ထိခိုက်ဒဏ်ရာရခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၉ ဦးဟာ ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခံရလို့ ဒဏ်ရာရရှိခဲ့တယ်ဆိုပေမဲ့ ပူးတွဲစစ်ဆင်ရေး ကွပ်ကဲမှုရဲ့ ထုတ်ပြန်ချက်မှာ သေဆုံးသူနဲ့ ဒဏ်ရာရသူ အရေအတွက်ကို မဖော်ပြထားပါဘူး။