DVB Logo
Home
မြန်မာသတင်း
ထိုင်းဆန္ဒပြပွဲများနှင့် မပတ်သက်ရန် မြန်မာသံရုံး ထပ်မံသတိပေး
DVB
·
January 7, 2014
ထိုင်းဆန္ဒပြပွဲများနှင့် မပတ်သက်ရန် မြန်မာသံရုံး ထပ်မံသတိပေး
Donate to DVB

ထိုင်းနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ဆန္ဒပြမှုတွေမှာ မပါဝင်၊ မပတ်သက်ကြဘဲ ကင်းကင်းရှင်းရှင်း နေထိုင်ကြဖို့ ထိုင်းရောက် မြန်မာနိုင်ငံသားတွေကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက နှိုးဆော် လိုက်ပါတယ်။

Thai Myanmarဘန်ကောက်မြို့က ဆန္ဒပြပွဲတွေမှာ မပါဝင်၊ မပတ်သက်ကြဖို့နဲ့ မိမိလုံခြုံရေးကို အထူး ဂရုစိုက်ကြဖို့ မြန်မာသံရုံးက ကြေညာချက် ထုတ်ပြန် နှိုးဆော်လိုက်တာ ဖြစ်ပါတယ်။

အထူးသဖြင့် ဆန္ဒပြသမားတွေဘက်က လာမယ့် ဇန်န၀ါရီ ၁၃ ရက်နေ့မှာ လုပ်ဆောင်မယ်လို့ ကြေညာထားတဲ့ ဘန်ကောက်တမြို့လုံး ပိတ်ဆို့ဆန္ဒပြပွဲမှာ ပါဝင်ပတ်သက်မှု မပြုကြဖို့ ဇန်န၀ါရီ ၆ ရက်နေ့ နေ့စွဲနဲ့ နှိုးဆော်ထားတာ ဖြစ်ပါတယ်။

ဆန္ဒပြသူတွေက လမ်းတွေကို ပိတ်ဆို့ပြီး အသွားအလာ ရပ်ဆိုင်းအောင် လုပ်ဆောင်မယ် လို့ ကြေညာထားတာကြောင့် အဲဒီနေရာတွေကို ရှောင်ရှားဖို့ ထုတ်ပြန်နှိုးဆော်ထားတာ ဖြစ်ပါတယ်။

ဒါအပြင် ထိုင်းနိုင်ငံမှာ အလုပ်သမားတွေအနေနဲ့ရော၊ ဧည့်သည်အနေနဲ့ပါ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ နှစ်နိုင်ငံချစ်ကြည်ရေးကို မထိခိုက်အောင် နေထိုင်ဖို့နဲ့ ဒေသဆိုင်ရာ သတင်းမီဒီယာတွေ မပြတ်လေ့လာဖို့ကိုလည်း မြန်မာသံရုံးက တိုက်တွန်းထားပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အလုပ်သမားရေးရာ သံအရာရှိ ဦးကျော်ကျော်လွင်က “အလုပ်သမားတွေအတွက် စိုးရိမ်ရလို့ပါ။ ပြဿနာဖြစ်နိုင်တဲ့ ဧရိယာထဲသွားတဲ့အခါကျရင် မလိုအပ်ဘဲ ဖမ်းဆီးခံရတာ၊ ထိခိုက်တာတို့ ဖြစ်ကုန်မှာ။ အလုပ်သမားတွေချည်း မဟုတ်ပါဘူး။ ကိုယ့်နိုင်ငံသား အားလုံးအတွက် ပြောတာပါ။ ဆန္ဒပြ၀န်းကျင်ထဲ မသွားဖို့၊ နောက်ပြီးတော့ သတင်းတွေ မျက်ခြည်မပြတ်ဖို့ပေါ့။ မနေ့က အဖြစ်အပျက်တခုမှာ ဆန္ဒပြတာနဲ့တော့ မဆိုင်ဘူး။ ဒါပေမယ့် ဆန္ဒပြတဲ့ ဧရိယာနားမှာ အလုပ်သမားတယောက် ထိခိုက်ဒဏ်ရာရသွားတာ၊ သူ မနက်စောစော မုန့်လိုက်ပို့တဲ့အချိန်မှာ ဖြစ်သွားတာ။ အဲဒါကြောင့် အဲဒီအနီး ပတ်ဝန်းကျင်ကို အလုပ်လုပ်ဖို့ သွားမယ်ဆိုလည်း သတိထားကြဖို့ပါ။”

ဆန္ဒပြတဲ့ နေရာမှာ ထိခိုက်ဒဏ်ရာရခဲ့တဲ့ အဲဒီအလုပ်သမားကို လိုအပ်တဲ့ အကူပေးဖို့ ဆက်သွယ်နေကြောင်း သူကဆက်ပြောပါတယ်။

အလုပ်သမားတွေအနေနဲ့ ဆန္ဒပြမှုမှာ မပတ်သက်လိုပေမယ့် တကယ်လို့ မိမိအလုပ်ရှင်က မိမိကိုပါ အင်အားပြဖို့ အတင်းခေါ်ယူတာ၊ စည်းရုံးသိမ်းသွင်းတာတွေခံရရင် သက်ဆိုင်ရာ အလုပ်သမားကာကွယ်ရေးရုံး ဒါမှမဟုတ် ထိုင်းနိုင်ငံက မြန်မာသံရုံးကို အကြောင်းကြား နိုင်တယ်လို့လည်း ဦးကျော်ကျော်လွင်က ပြောပါတယ်။
မြန်မာနိုင်ငံသားတွေအနေနဲ့ ဦးကျော်ကျော်လွင် ဖုန်း ၀၈၆၇၇၄၆၈၂၅ ကို ဆက်သွယ်နိုင်ပါတယ်။

ထိုင်းဆန္ဒပြပွဲတွေနဲ့ မပတ်သက်ဖို့ ထိုင်း-မြန်မာသံရုံးက သတိပေးနှိုးဆော်ချက် ထုတ်တာ ဟာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့က တခါထုတ်ပြန်ခဲ့ကြောင်း၊ နောက်နောင်လည်း ထိုင်းရောက်မြန်မာနိုင်ငံသားတွေအတွက် သတိပြုစရာကိစ္စတွေ ပေါ်ပေါက်ရင် အလျဉ်းသင့်သလို ထုတ်ပြန်သွားမှာဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ပြောပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာတွေ အများအပြား ၀င်ရောက်လုပ်ကိုင်လာတဲ့ ဆယ်စုနှစ်အတွင်း အခုလို မြန်မာသံရုံးက အရေးတယူ ဆောင်ရွက်ပေးလာတဲ့အပေါ်မှာ ကြိုဆိုပါကြောင်း ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေးကွန်ရက်အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောပါတယ်။

“လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စကို ခုမှ စပြီး လုပ်လိုက်ပြီလို့ ကျနော့်အမြင် ပေးချင်ပါတယ်။ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသား အလုပ်သမား ၃ သန်းကျော်ရှိတယ်။ ဒီလောက် များပြားလှတဲ့ ကျနော်တို့ မြန်မာနိုင်ငံသား တိုင်းရင်းသားတွေ ရှိတဲ့နေရာမှာ မြန်မာသံရုံးသည် မြန်မာအစိုးရရဲ့ ကိုယ်စား ထိုင်းနိုင်ငံမှာ ရှိတဲ့ မြန်မာနိုင်ငံသားတွေအတွက် အရေးပါ အရာရောက်တဲ့ အခန်း ကဏ္ဍတွေမှာ ရှေ့တန်းကနေ မားမားရပ်ရပ် တာဝန်ယူ ဖြေရှင်းပေးမယ်လို့ ကျနော်တို့ မျှော်လင့် ထားတယ်။ အန္တရာယ်ကြား ၀င်မပါဖို့ သတိပေးထုတ်ပြန်တာတွေဟာ လုပ်သင့်လုပ်ထိုက်တာကို လုပ်လိုက်တာပါ။ အစဉ်အမြဲ လုပ်ပေးဖို့ ကျနော်ထပ်ပြီး ပြောလိုပါတယ်။”

ထိုင်းနိုင်ငံမှာ လွတ်ငြိမ်းချမ်းသာခွင့်ဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး အငြင်းပွားဖွယ်ကိစ္စ၊ လက်ရှိဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်ဟာ ယခင်က အာဏာအလွဲသုံးစားမှုနဲ့ ပြည်ပကို တိမ်းရှောင်နေတဲ့ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ရဲ့ သြဇာနဲ့ မကင်းကြောင်း စွပ်စွဲချက်တွေနဲ့ နုတ်ထွက်ပေးဖို့ အတိုက်အခံတွေဘက်က ဆန္ဒပြနေကြတာ လနဲ့ချီ ကြာမြင့်နေပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013