DVB Logo
Home
မြန်မာသတင်း
မြန်မာ့စီးပွားရေးထိခိုက်ဆုံးရှုံးမှု ၈၈ စစ်အာဏာသိမ်းချိန်ကထက် ပိုဆိုးနေ
DVB
·
November 5, 2021
မြန်မာ့စီးပွားရေးထိခိုက်ဆုံးရှုံးမှု ၈၈ စစ်အာဏာသိမ်းချိန်ကထက် ပိုဆိုးနေ
Donate to DVB

မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ  ၁၉၈၈ ခုနှစ်မှာ စစ်အာဏာသိမ်းခဲ့တဲ့အခြေအနေထက်  အခု ၂၀၂၁ ခုနှစ်မှာ စစ်တပ်အာဏာသိမ်းတဲ့ အခြေအနေက ထိခိုက်ဆုံးရှုံးမှုပိုများတယ်လို့ စီးပွားရေးလေ့လာသုံးသပ်သူတွေက နှိုင်းယှဉ်သုံးသပ်ပြောပါတယ်။

ပြီးခဲ့တဲ့ ၁၉၈၈ တုန်းက မြန်မာနိုင်ငံအခြေအနေမှာ ဆိုရှယ်လစ်စနစ်ဖြစ်ပြီး တိုင်းပြည်ရဲ့စီးပွားရေးကလည်း စီမံကိန်းကို အခြေခံတဲ့စီးပွားရေးသာဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်ရဲ့ စီးပွားရေးအားလုံးဟာ အစိုးရရဲ့လက်ထဲမှာသာ ရှိပြီး ချုပ်ကိုင် ထားပါတယ်။ ပုဂ္ဂလိကပိုင်တဲ့ကဏ္ဍ စီးပွားရေးဆိုတာ မရှိသေးပါဘူး။

ဒါကြောင့် အခုတကြိမ်အာဏာသိမ်းမှုက မြန်မာ့သမိုင်းမှာ စီးပွားရေးအရ ထိခိုက်မှုအဆိုးဆုံးဖြစ်မယ်လို့  စီးပွားရေးသုတေသီတဦးကသုံးသပ်ပါတယ်။

“၈၈ ထက်ပိုဆိုးမယ်လို့ပြောတာ ဘာကြောင့်လဲဆို ၈၈ တုန်းကလည်း မြန်မာပြည်ရဲ့ စီးပွားရေး က ကျဆင်းသွားတယ်နော်။ ဘယ်လောက်ကျဆင်းသွားတာလဲဆိုရင် အနုတ် ၁၁ အထိဖြစ်သွားတယ်။ အဲ့ဒီ့တုန်းက စီးပွားရေးက ဘာမျှမရှိသေးဘူး။ ပြီးတော့ လုပ်ငန်းတွေအားလုံးက နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေပါ။ အခုက ဘယ်လောက်အထိ ဆိုးမလဲဆိုရင် အနုတ် ၁၈ အထိကျဆင်းသွားမယ်ဆိုပြီး ကမ္ဘာ့ဘဏ်ကလည်း တွက်ချက်ထားတာရှိတယ်။ နောက်တချက်က ၈၈ တုန်းက မြန်မာနိုင်ငံက (Globalization) ကမ္ဘာ့နိုင်ငံတွေနဲ့ချိတ်ဆက်မှု မရှိသေးဘူးနော်။ မရှိသေးတဲ့အတွက် ဒီပြဿနာတွေက ကိုယ့်ပြည်တွင်းမှာဘဲ ရှိနေသေးတယ်။ အခုက ကမ္ဘာ့နိုင်ငံတွေနဲ့ချိတ်ဆက်မှုက ရှိနေတာကြောင့် နိုင်ငံတကာရဲ့ပိတ်ဆို့မှုတွေက ပိုပြင်းထန်မယ်။ ဒါကြောင့် အခုကပိုဆိုးမယ့်သဘောရှိတယ်” လို့ဆိုပါတယ်။

အဆိုပါပုဂ္ဂိုလ်ကပဲ “၈၈တုန်းကလည်း ပိတ်ဆို့မှုတွေ လုပ်တော့လုပ်တယ်။ ဒါပေမဲ့ အဲ့လောက်မထိဘူး။ ဘာလို့လဲဆို ကျနော်တို့နိုင်ငံရဲ့ စီးပွားရေးက ကမ္ဘာ့နိုင်ငံ တွေနဲ့မချိတ်ဆက်ထားဘူး။ နောက်တချက်က ပုဂ္ဂလိကကဏ္ဍဆိုတာလည်း မရှိသေးဘူး။ အခု ၂၁ မှာတော့ ပုဂ္ဂလိကကဏ္ဍ ထဲမှာ နိုင်ငံပိုင်စီးပွားရေးတော်တော်များများကရောက်သွားပြီ။ ဆိုတော့ ပုဂ္ဂလိကကဏ္ဍစီးပွားရေးက ဘယ်အပါ်မှာ မူတည် သလဲဆိုရင် အနည်းဆုံးတော့ အာဆီယံစီးပွားရေးနဲ့ချိတ်ဆက်နေတာ။ အဲ့ဒါတွေက လုပ်လို့မရဘူးဆိုရင် ကျနော်တို့က စီးပွားရေးမှာ ပိုထိတယ်နော်။ နောက်တခု ထပ်ဆောင်းလိုက်တာက ၈၈ မှာ ကိုဗစ်မရှိဘူး။ အခု ၂၁ မှာ ကိုဗစ် နဲ့ (ကိုစစ်) အာဏာသိမ်းတာ။ ဒီတော့ မြန်မာပြည်က မိအေး နှခါ နာတယ်လို့ ပြောလို့ရတယ်။ သူများနိုင်ငံတွေက ကိုဗစ်ဖြစ်တဲ့ ဒဏ်ကိုပဲခံနေရတာ။ ဒါကြောင့် သူတို့နိုင်ငံတွေက ပြန်လည်ထူထောင်ရေးကို လုပ်နေကြပြီ။ ကျနော်တို့ကတော့ ပြန်လည်ထူ ထောင်ရေးကို မလုပ်နိုင်ဘူး။ ဘာကြောင့်မလုပ်နိုင်လဲဆိုရင် ကိုစစ်ကြောင့် (အာဏာသိမ်း)ပေါ့နော်” လို့ထပ်လောင်းပြောပါတယ်။

စစ်တပ်က ၁၉၈၈ မှာအာဏာသိမ်းပြီးနောက် မြန်မာပြည်၏ ရေခံမြေခံအပေါ် နိုင်ငံရေး၊စီးပွားရေးလေ့လာသုံးသပ်သူ တဦးကလည်း “၈၈ မှာ အရေးအခင်းဖြစ်တယ်။ ဖြစ်တော့ ထုံးစံအတိုင်း စစ်တပ်က အာဏာသိမ်းလိုက်တယ်ပေါ့နော်။ အာဏာသိမ်း ပြီးတက်လာတဲ့ စစ်အစိုးရက သူတို့ အချက် နှစ်ချက်လုပ်မယ်ဆိုပြီး ပြောခဲ့ကြတယ်။ ပထမတချက်က နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုပေါ့နော်။ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုက ဘာလဲဆိုရင် ယခင်က တပါတီအာဏာရှင်စနစ်ကနေ ဒီမိုကရေစီ စနစ်ဆီ သွားမယ်ဆိုပြီး သူတို့ ပြောခဲ့တာပဲ။ ဒါက အာဏာသိမ်းပြီးနောက် သူတို့ ကြေညာချက်ထဲမှာလည်း ပါတယ်နော်။ ဒုတိယတချက်ကတော့ စီးပွားရေးစနစ်ကို ပြောင်းမယ်ဆိုပြီး သူတို့ပြောခဲ့ကြတယ်။ စီးပွားရေးစနစ်မှာ ဆိုရှယ်လစ်စီးပွား ရေးစနစ်ကနေ စျေးကွက်စီးပွားရေးစနစ် ပြောင်းမယ်ဆိုပြီး သူတို့ကြွေးကြော်ခဲ့ကြတယ်” လို့ဆိုပါတယ်။

စစ်တပ်က ပြောခဲ့တဲ့စကားအတိုင်း အကောင်အထည်ဖော်နိုင်မှုရှိ မရှိအပေါ် အဆိုပါပုဂ္ဂိုလ်က “ဆိုတော့ အာဏာသိမ်း ပြီးနောက် ၁၉၉၀ ခုနှစ်မှာ အထွေထွေရွေးကောက်ပွဲလုပ်တယ်။ အဲ့တုန်းကလည်းသိတဲ့အတိုင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ခဲ့တယ်။ ဒါပေမဲ့ ရွေးကောက်ပွဲရဲ့ အောင်နိုင်မှုကို အသိအမှတ်မပြုဘဲ ပြစ်ပယ်ခဲ့ကြတယ်နော်။ အဲ့ဒါက စစ်တပ်က နိုင်ငံရေးရွေးကောက်ပွဲတွေကို ဖျက်ဆီးပြစ်ခဲ့တာ။ ဒါက ပထမတချက်။ ဒုတိယတချက် ဖြစ်တဲ့ ဆိုရှယ်လစ်စီးပွားရေးစနစ် ကနေ စျေးကွက်စီးပွားရေးစနစ်ပြောင်းလဲမယ်လို့ ပြောခဲ့ပေမယ့် စစ်အစိုးရဖြစ်တာကြောင့် နိုင်ငံတကာရဲ့ ထောက်ပံ့ကူညီမှုတွေ မရခဲ့ဘူး။ ပြီးတော့ အနောက်နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့မှုခံရတယ်။ အဲ့တော့ ထုံးစံအတိုင်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှုက ထင်သလောက်မဝင်ဘူး။ ဒါပေမဲ့ ဘယ်ကဝင်လာသလဲဆိုရင် ထိုင်း နဲ့ တရုတ်က ဝင်လာတယ်။ အဲ့လိုဝင်လာတဲ့အခါမှာ ပြည်တွင်းမှာ ပုဂ္ဂလိကလုပ်ငန်းရှင်ဆိုတာ မရှိသေးဘူး။ ဘာပဲရှိသေးလဲဆိုရင် စစ်တပ်နဲ့ နီးစပ်တဲ့ ခရိုနီဆိုတဲ့လုပ်ငန်းရှင်ပဲရှိတယ်။ ဆိုတော့ သူတို့နဲ့သိတဲ့သူတွေကို လုပ်ပိုင်ခွင့်တွေ ချပေးပြီးတော့ ဘဏ်လုပ်ငန်းရှင်တွေ လုပ်ခိုင်းတယ်။ ကျောက်မျက်ကုမ္ပဏီတွေဖွင့်ပြီး စီးပွားရေးကို ထူထောင်လိုက်တာ။ တကယ်တမ်းက လူတိုင်းပါဝင်နိုင်တဲ့ လွတ်လပ်တဲ့ စျေးကွက်စီးပွားရေးစနစ်ဆိုတာ ပီပီပြင်ပြင်ပေါ်ပေါက်မလာခဲ့ဘူး” လို့သုံးသပ်ပြောပါ တယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အခုလို အမြော်အမြင်နည်းပြီး မဆင်မခြင်လုပ်ရပ်ကြောင့် မြန်မာပြည်ရဲ့စီးပွားရေးအခြေအနေက ခေတ်နောက်ပြန်လှည့်သွားပြီး ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများစာရင်းမှာ ပြန်လည်ပါဝင်တော့မယ့် အခြေအနေဆီ ဦးတည်နေပြီ  ဖြစ်ပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်ကတော့ ၅ နှစ်အတွင်း အာဆီယံမှာ အလယ်အလတ်အဆင့် ရောက်နိုင်ပြီး ၁၀ နှစ်အတွင်း အာဆီယံမှာ ထိပ်တန်းနိုင်ငံဖြစ်ရမယ်လို့ယုံကြည်တဲ့ အကြောင်း ပြောပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013