DVB Logo
Home
Lead Story
စင်ပြိုင်ဒီဂျူရီအစိုးရများနှင့် မြန်မာ့နိုင်ငံရေးခရီး
DVB
·
November 5, 2021
စင်ပြိုင်ဒီဂျူရီအစိုးရများနှင့် မြန်မာ့နိုင်ငံရေးခရီး
Donate to DVB

စင်ပြိုင်အစိုးရလို့ပဲပြောပြော၊ အဝေးရောက်အစိုးရလို့ပဲဆိုဆို ကြိုက်သလို ကင်ပွန်းတပ်လို့ရတယ်။ ဒီဝေါဟာရတွေကို နိုင်ငံရေးလေ့လာသူတွေ အတိုက်အခံနိုင်ငံရေးသမားတွေနဲ့ သတင်းမီဒီယာတွေ စတင်သုံးနှုန်းရာက ပေါ်လာခဲ့တာလို့ ယူဆနိုင်တယ်။ နိုင်ငံရေး စစ်ရေးပဋိပက္ခရှိတဲ့နိုင်ငံတိုင်မှာ ဖြစ်ပေါ်လေ့ရှိတဲ့ ပြဿနာတွေပါပဲ။ De Facto ခေါ်တဲ့ တရားမဝင်အဖွဲ့ရဲ့ အာဏာလုမှုကြောင့် De Jure Government တွေဟာ ‘စင်ပြိုင်အစိုးရ’အဖြစ်ပေါ်လာခဲ့တာ။ ကျနော်ကတော့ မြန်မာနိုင်ငံရေးခရီးမှာရှိခဲ့တဲ့ စင်ပြိုင်အအစိုးရတွေကို “စင်ပြိုင်ဒီဂျူရီအစိုးရ”အဖွဲ့လို့ပဲ သုံးချင်တယ်။ သူတို့ကို လူထုရွေးချယ်အတည်ပြုပေးခဲ့တာပဲ မဟုတ်လား။

မြန်မာနိုင်ငံရေးခရီးမှာတော့ မတူညီတဲ့အစိုးရဖွဲ့စည်းမှုဟာ အခုတကြိမ်နဲ့ဆိုရင် (၅) ကြိမ်မြောက်ရှိသွား ပြီလို့ ဆိုရမှာပါ။ ပထမအကြိမ်ကိုတော့ ‘စစ်ပြေးအစိုးရ’လို့ သတ်မှတ်လို့ရတယ်။ သူက စစ်အတွင်း စစ်ဆုတ်ရင်း အိန္ဒိယနိုင်ငံဆင်းမလားမြို့မှာဖွဲ့စည်းခဲ့တဲ့ ဒေါ်မန်စမစ်ရဲ့‘ မြန်မာပြည်အစိုးရ’ပေါ့။

ဂျပန်တို့မြန်မာပြည်ထိုးစစ်မှာ အင်္ဂလိပ်တို့အိန္ဒိယနိုင်ငံအထိစစ်ဆုတ်ရင်း မြန်မာပြည်ဘုရင်ခံ ဒေါ်မန်စမစ်လည်း မေလ ၄ ရက်နေ့မှာ ကာကတ္တားကိုရောက်ပြီး ဇွန်လထဲမှာတော့ ဆင်းမလားမြို့မှာ မြန်မာအစိုးရအဖြစ်ပြန်လည် ဖွဲ့စည်းခဲ့တယ်။ အဲ့ဒီအစိုးရအဖွဲ့ကို မြန်မာတို့က ‘မြန်မာပြည်ဆိုင်ရာ စစ်ပြေးအစိုးရ’လို့သမုတ်ခဲ့ကြတာကိုး။ တကယ်လည်း စစ်ပြေးရင်းဖွဲ့ခဲ့ကြတာပဲလေ။

သူတို့ရဲ့ ခံယူချက်နဲ့ယုံကြည်ချက်ကလည်း စစ်ဆုတ်တာဟာ ယာယီသဘောမျှသာဖြစ်တယ်။ ဗမာပြည်ကို သူတို့ စစ်နိုင်တာနဲ့ပြန်လည်အုပ်ချုပ်ရမယ်လို့ တထစ်ချယုံကြည်ချက်ကလည်းရှိ ပေတာပေါ့။ တကယ်လည်းယုံကြည်တဲ့အတိုင်း စစ်နိုင်ခဲ့သလို အင်္ဂလိပ်တို့အုပ်ချုပ်ရေးလည်း White Paper on Burma စက္ကူဖြူစာတမ်းနဲ့ အတူတကျော့ ပြန်လာနိုင်ခဲ့ပါတယ်။

မြန်မာပြည်ကို အရင်ကအခြေအနေလိုပြန်လည်ထောင်ပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်ကောင်းခဲ့ပေမယ့် ပြောင်းလဲ လာတဲ့ခေတ်အခြေနေအရ အင်္ဂလိပ်တို့ရေရှည်မအုပ်ချုပ်နိုင်ခဲ့တော့။ စစ်ကြီးပြီးတာနဲ့အတူ ကမ္ဘာ့အခင်းအကျင်းကလည်း ပြောင်းလဲသွားခဲ့သလို မြန်မာလူငယ်တွေရဲ့ အမြင်ကလည်းပြောင်းလဲသွားခဲ့တဲ့အတွက် ဆင်းမလားအခြေစိုက် စစ်ပြေးအစိုးရဟာ မြန်မာနိုင်ငံကပါ အပြီးပိုင်စွန့်ခွာလိုက်ရတော့တယ်။ ဒါပေမဲ့  လွတ်လပ်ရေးရတော့ သူတို့ ရဲ့ Blue Print for Burma အတိုင်း တချို့အချက်တို့ကို သင့်လျော်အောင်ဖြည့်စွက်ပြင်ဆင်ပြီးနိုင်ငံကိုပြန်လည် တည်ဆောက်နိုင်ခဲ့ကြတယ်လို့ဆိုပါတယ်။

ဒုတိယအကြိမ် စင်ပြိုင်အစိုးရအဖြစ် ၁၉၆၉ ခုနှစ်မှာပေါ်ထွက်ခဲ့တဲ့ ဦးနုဦးဆောင်တဲ့ ပြည်ချစ်ဒီမိုကရေစီပါတီပါပဲ။ သူလည်း ၁၉၆၀ ရွေးကောက်ပွဲ အနိုင်ရ ‘ပထစ’ အစိုးရပဲ။ ၁၉၆၂ ဗိုလ်နေဝင်းအာဏာသိမ်းတာခံရလို့ ၁၉၆၉ ဩဂုတ်လ ၂၉ ရက်နေ့မှာဖွဲ့စည်းခဲ့တာ။ Parliamentary Democracy Party (PDP)လို့ ရေးပြီး မြန်မာလိုတော့ ‘ပါလီမန်ဒီမိုကရေစီပါတီ’ လို့ခေါ်ကြတယ်။ အာဏာအလုခံခဲ့ရတဲ့ ဝန်ကြီးချုပ်ဦးနုက ဥက္ကဋ္ဌ အဖြစ်ဦး ဆောင်ပြီး ရဲဘော်သုံးကျိတ်ဝင် ဗိုလ်လကျ်ာ၊ ဗိုလ်ရန်နိုင်၊ ဗိုလ်မှူးအောင်တို့ ပါဝင်ခဲ့ကြတယ်။

တကယ်တော့ ဦးနုက စစ်တိုက်ချင်တာမဟုတ်ဘူး။ စည်းမပြတ်တော့ စစ်ရေးထက် ဘာသာရေးရှုထောင့်ပိုအလေးကဲနေတာကိုး။ PLA ဆိုပြီး ပြည်ချစ်တပ်ကိုတည်ထောင်ခဲ့ပေမယ့် နေဝင်းတပ်ကို လက်နက်ကိုင်တိုက်ခိုက်ခြင်းထက် နိုင်ငံရေးအရစကားပြောပြီး တိုင်းပြည်အာဏာကို ပြန်တောင်းချင်တဲ့သဘောထားလောက်ပဲရှိခဲ့တာကလား။ ငမ်းငမ်းတက် အာဏာလိုချင်လို့ အာဏာလုထားတဲ့လူကို ဗုဒ္ဓတရားနဲ့နားချပြီးတောင်းလို့ ဘယ်ကလာ ရနိုင်မလဲလေ။ လက်တွေ့ဆန်ဆန်ကြည့်မြင်မှု အားနည်းဟန်ပဲလို့ဆိုကြတယ်။ ဦးနုစရိုက်နဲ့မကိုက်ညီတဲ့အပြင် ဦးနုကိုယ်တိုင်က စစ်ရေးနဲ့ ပတ်သက်ရင်အားနည်းချက်ကလည်းရှိပေတာကိုး။

အဲ့ဒီကိစ္စအပေါ်မှာ သဘောထားကွဲကြရာက ဦးနုဟာ ၁၉၇၃ ခုနှစ်မှာ  ဥက္ကဋ္ဌ အဖြစ်နုတ်ထွက်လိုက်တယ်။ သူ့နေရာကိုတော့ ဗိုလ်လက်ျာကတာဝန်ယူပြီး ‘ပြည်သူ့ပြည်ချစ်ပါတီ (People’s Patriotic Party PPP)အဖြစ် အမည်ပြောင်းလိုက်တယ်။ အကြောင်းအမျိုးမျိုးကြောင့် မကြာမတင်မီမှာပဲ ပြိုကွဲပျက်သုဉ်းသွားခဲ့တယ်။ အဲ့လိုပြိုကွဲရတဲ့ အချက်များစွာထဲမှာ ခေတ်ကာလအခြေနေတွေပါနေသလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဖက်ဒရယ်ယုံ ကြည်မှုတည်ဆောက်ဖို့ အားနည်းခဲ့တယ်ဆိုတဲ့အချက်ကလည်း အဓိကအနေအထားမှာ ရှိနေခဲ့ပါတယ်။

တတိယအကြိမ်ကတော့ ၁၉၈၈ အရေးတော်ပုံကာလထဲမှာဖွဲ့စည်းခဲ့တဲ့ ဦးနုဦးဆောင်တဲ့ “ကြားဖြတ်အစိုးရ”ပဲဖြစ်တယ်။ တကယ်တော့ အရေးတော်ပုံတလျောက်လုံးမှာ မဆလ မရှိတော့ပေမယ့် သမ္မတဦးမောင်မောင်ကာလဟာ လူထုအာဏာဖီဆန်မှု အမြင့်ဆုံးရောက်ခဲ့တဲ့အချိန်ပဲဖြစ်တယ်။ အုပ်ချုပ်ရေးပျက်ပြားနေတဲ့ကာလလည်းဖြစ်တယ်။ ဒါကြောင့်လည်းကျောင်းသားသမဂ္ဂအဖွဲ့တွေက ‘ကြားဖြတ်အစိုးရ’အတွက် လူကြီးတွေ တညီတညွတ် တည်းလုပ်ဆောင်ကြဖို့ ညှိနှိုင်းခဲ့ကြပေမယ့် အဆင်မပြေဖြစ်ခဲ့တယ်။

အဲ့ဒီအချိန်မှာပဲဦးနုက‘သူသာဝန်ကြီးချုပ်ဖြစ်တယ်’ဆိုတဲ့စကားနဲ့အတူ ကြားဖြတ်အစိုးရကို စက်တင်ဘာ ၉ ရက်နေ့မှာ ဖွဲ့စည်းလိုက်တယ်။ ဒီတကြိမ်မှာတော့ ဦးနုဟာ စစ်ရေးအရမဟုတ်ပဲ နိုင်ငံရေးအရတောင်းဆိုလိုက်ခြင်းပဲ။ ဒါကလည်း ဗိုလ်နေဝင်းဟာ ကျိုးကြောင်းမဲ့ ဦးနုလက်ထဲကအာဏာကို လုယူခဲ့တာကြောင့် ဦးနုက သူ့ လက်ထဲအာဏာပြန်အပ်ဖို့ Legitimacy အရ ဗိုလ်နေဝင်းထံတောင်းဆိုလိုက်တဲ့သဘောပါပဲ။  

ဒါဟာ နိုင်ငံရေးတိုက်ကွက်တခုဖြစ်သလို ဦးနုတောင်းဆိုပိုင်ခွင့်ရှိတယ်။ ဗိုလ်နေဝင်းကို တိုက်ဖို့ ရည်ရွယ်ပြီးဖွဲ့စည်းခဲ့တာပါပဲ။ တပြိုင်တည်း ဗိုလ်နေဝင်း အာဏာလုယူခဲ့တဲ့ သမိုင်းကို ပြန်လည်နှိုးဆွရာလည်း ရောက်စေခဲ့ပါတယ်။ လူအများစုကတော့ သူ့ကို ‘အာဏာရူးကြီး’လို့စွပ်စွဲပြီး လက်မခံခဲ့ကြဘူး။ သမိုင်းရှိခဲ့တဲ့ နိုင်ငံရေးသမားတွေနဲ့ လူကြီးတွေညီ ညီညွတ်ညွတ်အတူတကွညှိနှိုင်းပြီး ကြားဖြတ်အစိုးရဖွဲ့ဖို့ပြင်ဆင်နေချိန်မှာ အဲ့လိုကြေညာလိုက် တာကြောင့် မနှစ်သက်တာလည်း တကြောင်းဖြစ်နိုင်ပါတယ်။

နောက်တချက်ကတော့ လူထုအနေနဲ့သမိုင်းအပြစ်ကင်းတဲ့ ခေါင်းဆောင်အသစ်ကို အလိုရှိနေတာလည်းပါတယ်။ ဒါဟာလည်းပြောင်းလဲသွားတဲ့ခေတ်ကာလရဲ့ ပြဋ္ဌာန်းချက်တခုပါပဲ။ ဒီတကြိမ်မှာတော့ စစ်တပ်ကအာဏာပြန်သိမ်းသွားခဲ့ပေမယ့် ဦးနုက သူ့ရဲ့စင်ပြိုင်အစိုးရကို မဖျက်သိမ်းပဲ ဆက်လက်ရပ်တည်ခဲ့တယ်။ စစ်တပ်(နဝတ)အဖွဲ့က စင်ပြိုင်အစိုးရကို ဖျက်သိမ်းပေးဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမယ့် ဦးနုဟာအလျော့မပေးပဲ တောင့်ခံခဲ့တယ်။ နောက်ဆုံး ဦးနုဟာနေအိမ်အကျယ်ချုပ်ဘဝနဲ့သေဆုံးသွားချိန်အထိ ‘စင်ပြိုင်အစိုးရ’ကို မဖျက်သိမ်းပဲ ရပ်တည် သွားခဲ့ပါတယ်။

၈၈ ခုနှစ် ဦးနုရဲ့ စင်ပြိုင်အစိုးရဟာ အောင်မြင်မှုမရခဲ့ပေမယ့် လုံးဝရှုံးနိမ့်တယ်လို့တော့ ပြောလို့မရခဲ့ပါဘူး။ သူ့ရဲ့သမိုင်းဆိုင်ရာတရားဝင်မှု(Legitimacy)ကိုပြရင်း ဗိုလ်နေဝင်းရဲ့အမဲစွန်းကို ဖေါ်ထုတ်ရာလည်းဖြစ်စေခဲ့တယ်။ ၁၉၆၉ ကလည်း သူသာဝန်ကြီးချုပ်အဖြစ်ကြေညာခဲ့သလို ၁၉၈၈ မှာလည်း ထပ်တူကြေညာခဲ့တယ်။ ၁၉၆၉ ကအတိုင်းပဲ အာဏာကို ပြန်မရနိုင်မှန်းသိပေမယ့် နိုင်ငံရေးနည်းအရ ဆက်လက်တိုက်ပွဲဝင်ခဲ့တာပါပဲ။

၁၉၉၅ ဖေဖေါ်ဝါရီ ၁၄ ရက်မှာ ဦးနုဆုံးတယ်။ ၁၉၉၅ ဇူလိုင်  ၂၇ ရက်နေ့မှာတော့ ဗိုလ်နေဝင်းက “သံသရာတရားတွေ၊ သင်္ခါရတရားတွေ၊အနိစ္စ အနတ္တတရားတွေကို ဒီနေ့သိမြင်သလိုများ ဟိုတုန်းကသိခဲ့မယ်ဆိုရင် ၁၉၆၂ ခုနှစ် မတ်လက ကိစ္စကို ကိုယ်မလုပ်ခဲ့ပါဘူး”လို့ ဦးတင်အောင်ဟိန်းနဲ့ ဦးချစ်လှိုင်ကိုပြောခဲ့တယ်လို့မှတ်သားခဲ့ဖူးတယ်။ ဒါဟာလည်း စကားလုံးအရ ထည့်မပြောခဲ့ပေမယ့် ‘သူမှားခဲ့ကြောင်းဝန်ခံရာရောက်စေခဲ့တယ်’လို့ ဆိုနိုင်ကောင်း ဆိုနိုင်ပါရဲ့။ ဒါဟာလည်း ဦးနု‘စစ်ပြိုင်ဒီဂျူရီအစိုးရ’ရဲ့ ခြောက်လှန့်ခြင်းခံနေရတာကြောင့်လည်းဖြစ်နိုင်တယ်။

ဒီအချက်ကြောင့်လည်း အဆုံးသတ်မှာ ဦးနုဟာ ဗိုလ်နေဝင်းကိုအနိုင်ရသွားခဲ့တယ်လို့ ဆိုရင်ရနိုင်ကောင်းပါတယ်။ ဦးနုရဲ့စင်ပြိုင် ဒီဂျူရီအစိုးရဟာ အုပ်ချုပ်ရေးအာဏာမရရှိနိုင်ခဲ့ပေမယ့် ခေါင်းဆောင်တယောက်ရဲ့ မဆုတ်မနစ် ရပ်တည်ချက်ကြောင့် မရှုံးနိမ့်ခဲ့ဘူးလို့ဆိုနိုင်ပါတယ်။ ဦးနုမှန်ခဲ့ပါတယ်။ နိုင်ခဲ့ပါတယ်လို့ပဲဆိုချင်တယ်။ ဒါကြောင့် ဦးနုရဲ့ ‘စင်ပြိုင်ဒီဂျူရီအစိုးရ’ဖွဲ့စည်းခဲ့တာဟာလည်း အချီးအနှီးမဖြစ်ခဲ့ဘူးလို့ပဲဆိုရမှာပါ။

စတုတ္ထအကြိမ် စင်ပြိုင်ဒီဂျူရီအစိုးရဖွဲ့ခဲ့တာကတော့ ၁၉၉၀ ဒီဇင်ဘာ ၁၈ ရက်နေ့မှာဖွဲ့ခဲ့တဲ့ NCGUB အဖွဲ့ပါပဲ။ မြန်မာလိုတော့ ‘ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ’(The National Coalition Government of the Union of Burma)ပေါ့။ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ဖွဲ့စည်းခဲ့တာဖြစ်တယ်။

အဲ့ ဒီကာလကိုပြန်ကြည့်လိုက်ရင် လူထုကရွေးကောက်တင်မြှောက်လိုက်တဲ့ကိုယ်စားလှယ်တွေဟာ အစိုးရတရပ်ကိုဖွဲ့ခွင့်မရခဲ့ဘဲ တချို့ကအဖမ်းခံရပြီးထောင်ချခံကြရတယ်။ တချို့က အဖမ်းမခံပဲလွတ်မြောက်နယ်မြေမှာ ထွက်ပြေးခိုလှုံကြရတယ်။ အဲ့လိုနဲ့တောထဲရောက်သွားတဲ့ ရွေးကောက်ခံကိုယ်စားလှယ်တွေစုပေါင်းပြီး KNU မာနယ်ပလောမှာ ‘ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ’(NCGUB)ကိုဖွဲ့စည်းလိုက်တာဖြစ်တယ်။ ဝန်ကြီး၏ချုပ်ကတော့ ဒေါက်တာစိန်ဝင်းပေါ့။ အဝေးရောက်အစိုးရအဖြစ်နဲ့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာ ရုံးစိုက်ခဲ့တာ။

ပြည်တွင်းမှာ NLD ပါတီလှုပ်ရှားခွင့်မရချိန်မှာ ပြည်ပကနေတဆင့် အဝေးရောက်အဖွဲ့က ဒီမိုကရေစီရေးလှုပ်ရှားမှုတွေကို များစွာလှုပ်ရှားခဲ့တာ။ NLD ကို တော်လှန်ရေးကာလတလျောက်လုံး ပြင်ပကနေ အားဖြည့် ပေးနိုင်ခဲ့တာကိုတွေ့ရတယ်။ ၂၀၁၂ ခုနှစ်မှာ NLD က ကြားဖြတ်ရွေးကောက်ပွဲဝင်တော့မှ NCGUB အဝေးရောက် အစိုးရ အဖွဲ့ကိုဖျက်သိမ်းပေးခဲ့တာ ဖြစ်တယ်။

ဘယ်လိုပဲဖြစ်စေ NCGUB အဝေးရောက်အစိုးရဟာNLD ပါတီအတွက် ကိုယ်စားပြုပြီး တော်လှန်ရေးကာလတလျှောက်လုံး ဒီမိုကရေစီရေးလှုပ်ရှားမှုကို လုပ်ဆောင်ပေးနိုင်ခဲ့တယ်။ ဒါကြောင့် အဝေးရောက်အစိုးရအဖွဲ့NCGUB ဟာ NLD ပါတီအတွက်‘ငြမ်း’တခုအဖြစ်တည်ရှိခဲ့သလို မြန်မာဒီမိုကရေစီအရေးအတွက် တတပ်တအားပါဝင်ခဲ့တာကြောင့် အာဏာမရရှိသော်လည်း တန်ဖိုးတခုဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ Legitimacy ကို အကျိုးရှိရှိ ရပ်တည်နိုင်ခဲ့တယ်လို့ ယူဆကြရမှာပဲဖြစ်တယ်။

အခုပဉ္စမအကြိမ် ဖွဲ့စည်းတာကတော့ အများ သိတဲ့အတိုင်း NUG (National Unity Government) ပေါ့။ မြန်မာ့နိုင်ငံရေးခရီးတလျှောက် ဒီဂျူရီအစိုးရတွေထဲမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရဟာ အောင်မြင်မှုအရဆုံး ဖြစ်တယ်။ အချိန်တိုအတောအတွင်းမှာ နိုင်ငံတကာရဲ့ မြင်ကွင်းမှာ ရှေ့တန်းရောက်ခဲ့တယ်။ နိုင်ငံတကာ ဆက်ဆံရေးမှာလည်း အောင်မြင်ခဲ့တယ်။

ကုလသမဂ္ဂမှာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းတက်ခွင့်ရနေတာဟာလည်း မတူညီတဲ့ခေတ်မှာ အောင်မြင်မှုတခုဖြစ်ခဲ့တယ်။ အာဆီယံထိပ်သီးစည်းဝေးပွဲမှာ အာဏာလု စစ်အုပ်စုကို မဖိတ်ကြားဘဲထားနိုင်သည်အထိ အောင်မြင်မှုရရှိခဲ့တယ်။ ကမ္ဘာနိုင်ငံတချို့မှာ NUG ရဲ့သံရုံးကိုယ်စားလှယ်ကိုထားရှိနိုင်တဲ့အထိ အောင်မြင်ခဲ့တယ်။ အသိအမှတ် အပြုခံရတယ်။ ကုလသမဂ္ဂအဖွဲ့အစည်းနဲ့နိုင်ငံတကာရဲ့ ထောက်ခံမှုကို အံ့ဘနန်းရရှိခဲ့တယ်။

စစ်ရေးအရဆိုရင်လည်း ‘ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF နဲ့ EAOတချို့ရဲ့ တိုက်ပွဲဝင်မှုဟာ အောင်မြင်မှုတွေရရှိ စေခဲ့တယ်။ အကြောင်းကြောင်းကြောင့် နယ်မြေသိမ်းစစ်ကို မဆင်နွှဲနိုင်သေးပေမယ့် မြန်မာ့နှလုံးသားနယ်မြေဖြစ်တဲ့ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့အထိ တိုက်ခိုက်နိုင်လာခဲ့တယ်။ မြေပြန့်ဒေသရဲ့ နှလုံးသားနယ်မြေကို ဓားစိုက်နိုင်ခဲ့တယ်။ မြန်မာပြည်အနှံ့ ကာကွယ်ခုခံနိုင်မှုဧရိယာကျယ်ပြန့်နေတာ အားလုံးအမြင်အသိ။ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းမြောက်၊ ကရင်နီပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ စစ်ကောင်စီရဲ့ဩဇာကျဆင်းတာနဲ့ အတူ အုပ်ချုပ်ရေးမတည်ရှိတော့တာကို တွေ့နေရတယ်။

ပြည်တွင်းပြည်ပထောက်ခံမှုအရဆိုရင်လည်း NUG ရရှိတဲ့အလှူငွေစာရင်းတွေအရသိနိုင်တယ်။ နယ်မြေအရ လက်ဆုပ်လက်ကိုင်မပြနိုင်သေးပေမယ့် ဩဇာအာဏာသက်ရောက်မှုက တပြည်လုံးအတိုင်းအတာနဲ့တည်နေတာ ကိုတွေ့ရတယ်။ သာဓကအနေနဲ့ဆိုရင် မီတာခမဆောင်ခြင်း၊ အောင်ဘာလေထီမထိုးကြခြင်း၊ စစ်ကောင်စီအုပ်ချုပ်ရေးကို မပူးပေါင်းမဆောင်ရွက်ကြခြင်း တို့ဖြစ်တယ်။

ဒါကြောင့်မြန်မာနိုင်ငံရေးသမိုင်းတလျောက်မှာပေါ်ထွက်လာခဲ့တဲ့  စင်ပြိုင်ဒီဂျူရီအစိုးရတွေထဲမှာ NUG အစိုးရဟာ ပိုမိုအောင်မြင်မှုကြီးကြီးမားမား ရနေတာကြောင့် မကြာမီအချိန်တွင်း စစ်ကောင်စီအပေါ်အောင်ပွဲခံလာနိုင်တော့မယ်လို့ လူထုမျှော်လင့်ချက်ဟာလည်း မြင့်မားလာတယ်။

ဒါကြောင့် မြန်မာနိုင်ငံရေးခရီးရှည်အတွင်းမှာပေါ်လာခဲ့တဲ့ စင်ပြိုင်ဒီဂျူရီအစိုးရ တိုင်းဟာ အချည်းအနှီးမဖြစ်ပဲ အကျိုးတစုံတရာဖြစ်ထွန်းစေခဲ့ပါတယ်။ ဖွဲ့ခဲ့တဲ့  စင်ပြိုင်ဒီဂျူရီအစိုးရတိုင်းဟာ လည်း ရွေးကောက်ခံတွေဖြစ်ခဲ့တဲ့အတွက် တရားဝင်မှုရှိပြီး ကိုယ့်ပိုင်ဆိုင်ခွင့်အတွက်တိုက်ပွဲ ဝင်နေတဲ့ ဓမ္မဘက်တော်သားတွေလို့ဆိုရမှာပါ။ ဓမ္မဘက်တော်သား NUG  ဒီဂျူရီအစိုးရရဲ့ အောင်ပွဲနဲ့အတူ မြန်မာ့မြေပေါ်မှ အာဏာလုစစ်အာဏာရှင်ကြီးစိုးမှု အပြီး တိုင်ချုပ်ငြိမ်းပျောက်ကွယ်သွားဖို့ရာ  နိုင်ငံလိုအပ်ချက်တခုပင်ဖြစ်နေပါတော့တယ်။

ဂန္ထဝင်မောင်ထူး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013