DVB Logo
Home
မြန်မာသတင်း
ပြည်သူလူထုအပေါ် စစ်တပ်က ပစ်မှတ်ထားတိုက်ခိုက်နေမှု အန်စီအေအပစ်ရပ်အဖွဲ့များ ရှုတ်ချ
DVB
·
November 5, 2021
ပြည်သူလူထုအပေါ် စစ်တပ်က ပစ်မှတ်ထားတိုက်ခိုက်နေမှု အန်စီအေအပစ်ရပ်အဖွဲ့များ ရှုတ်ချ
Donate to DVB

ဘာသာရေးအဆောက်အအုံတွေအပါအဝင် ပြည်သူတွေရဲ့ အိုးအိမ်တွေကို စစ်တပ်က ပစ်မှတ်ထား တိုက်ခိုက်နေတဲ့အပေါ် အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေက ပြင်းပြင်းထန်ထန် ရှုတ်ချပြီး ကျူးလွန်သူတွေကို အရေးယူပေးဖို့ တောင်းဆိုလိုက်ပါတယ်။

အပစ်ရပ်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ရဲ့ ဒီနေ့ အစည်းအဝေးကနေ ထုတ်ပြန်လိုက်တာဖြစ်ပြီး နိုင်ငံရေးမတည်ငြိမ်တာနဲ့ လူထုရင်ဆိုင်နေရတဲ့ အထွေထွေ အကျပ်အတည်းကြီးဟာ တိုင်းပြည်ပျက်စီးရေးလမ်းကြောင်းပေါ်ကို ရောက်နေပြီး ဒေသတွင်းတည်ငြိမ်မှုကိုပါ ခြိမ်းခြောက်နေတယ်လို့ ဆိုပါတယ်။

PPST ခေါင်းဆောင် နိုင်အောင်မင်းက “ရေရှည် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး ရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ဒီမိုကရေစီရေးတို့အတွက် နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းဆောင်ရွက်နေကြတဲ့ ပြည်သူလူထုတို့နဲ့ မိမိတို့ တသားတည်းရပ်တည်နေပါကြောင်းကို စစ်မှန်သော သတိပြုစေလိုပါတယ်” လို့ နိဂုံးချုပ်မိန့်ခွန်းမှာ ပြောပါတယ်။

PPST အနေနဲ့ NCA (တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်) အနှစ်သာရ ၃ ရပ်ကို စွဲကိုင်ပြီး ချမှတ်ထားတဲ့ နိုင်ငံရေးရည်မှန်းချက်အတိုင်း လက်ရှိနိုင်ငံရေးအကျပ်အတည်းဖြေရှင်းရေး ကြိုးပမ်းသွားမယ် လို့လည်း ပြောပါတယ်။ အနာဂတ်အသွင်သစ်နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပနိုင်ရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အဖက်ဖက်နဲ့ လက်တွဲပူးပေါင်းမယ်လို့လည်း သူက ဆက်ပြောပါတယ်။

နိုဝင်ဘာ  ၄ ရက်ကနေ ၅ ရက်အထိ ၂ ရက်ကြာ ပြုလုပ်တဲ့ အစည်းအဝေးအပြီး ထုတ်ပြန်ချက်မှာတော့ ချင်းပြည်နယ် ထန်တလန်ကိစ္စအပါအဝင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ကရင်နီဒေသတွေမှာ ပြည်သူလူထုနေအိမ်တွေ၊ ဘာသာရေးအဆောက်အဦတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုအပေါ် အပစ်ရပ်တိုင်းရင်းသားအဖွဲ့တွေက စစ်ကောင်စီကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။

အောက်တိုဘာ ၂၉ က်နေ့က စစ်ကောင်စီတပ်တွေက ချင်းပြည်နယ်၊ ထန်တလန်မြို့ကို ပစ်ခတ်မီးရှို့မှုကြောင့် အိမ်ခြေတရာကျော်နဲ့ ဘာသာရေးအဆောက်အဦတွေ မီးလောင်ပျက်စီးခဲ့ရတာဖြစ်ပါတယ်။

PPST ပြောခွင့်ရသူ ဦးမျိုးဝင်းက "အန်စီ​အေ အ​ခြေခံမူ သုံးချက်က နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့တွေ့ဆုံဆွေးနွေးအဖြေရှာရန်၊ ပါဝင်သင့်ပါဝင်ထိုက်သူတွေအားလုံးပါဝင်ဆွေးနွေးအဖြေရှာဖို့၊ အရပ်သားပြည်သူကို အကာအကွယ်ပေးရေးပေါ့။ လက်နက်ကိုင်ပဋိပက္ခဖြစ်တဲ့နေရာမှာ အရပ်သားပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်ကို တတ်နိုင်သ​​လောက် ကာကွယ်စောင့်ရှောက်ရမယ့်အစား အများကြီးထိခိုက်တယ်ဆိုတော့ မဖြစ်သင့်တဲ့ကိစ္စပေါ့။ ဒါကို ကျွန်တော်တို့ ပြင်းပြင်းထန်ထန်ကန့်ကွက်တယ်။ ထိထိရောက်ရောက် အရေးယူဖို့လိုတယ်။ တာဝန်ယူမှုတာဝန်ခံမှုမရှိရင် မလိုလားအပ်တဲ့ ပဋိပက္ခတွေ ပိုကြီးထွားလာမယ်လို့ ရှုမြင်တယ်။ "လို့ ပြောပါတယ်။

PPST အနေနဲ့ ပြည်တွင်းပြည်ပ Stakeholdersများနဲ့တွေ့ဆုံပြီးလက်ရှိနိုင်ငံရေးအကျပ်အတည်းဖြေရှင်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာ သဘောထားများ စုစည်းနိုင်ဖို့အတွက် ဆွေးနွေးညှိနှိုင်းရေးကော်မတီတရပ်ကို ဖွဲ့စည်းပြီးပြီလို့ ဆိုပါတယ်။.
ဦးမျိုးဝင်းက "နိုင်ငံရေးရည်မှန်းချက်တွေကိုဖော်ဆောင်ဖို့ ဖွဲ့စည်းလိုက်တဲ့ကော်မတီပါပဲ။ နဂိုကတည်းကလည်းပဲ မြန်မာနိုင်ငံအကျပ်အတည်းဖြေရှင်းဖို့ ပြည်တွင်းပြည်ပနဲ့တွေ့ပါတယ်၊ ပြည်ပကဆို နိုင်ငံတကာ၊ကုလသမဂ္ဂ၊ အာဆီယံလိုမျိုး၊ ပြည်တွင်းမှာဆိုလည်း တွေ့သင့်တွေ့ထိုက်တဲ့ အင်အားစုအားလုံးနဲ့တွေ့ဖို့ ပြင်ဆင်နေပြီ၊ တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ တွေ့နေပါပြီ။"လို့ပြောပါတယ်။
စစ်ဘေးရှောင်တွေရဲ့လုံခြုံရေးနဲ့ လူသားချင်းစာနာမှုအကူအညီ အမြန်ဆုံးရအောင် ဝိုင်းဝန်းကြိုးပမ်းမယ့်အကြောင်းနဲ့ ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် နိုလင်းဟေဇာနဲ့ နိုင်ငံရဲ့အထွေထွေအကျပ်အတည်းဖြေရှင်းရေးမှာ လက်တွဲဆောင်ရွက်မယ်လို့ PPST က ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013