DVB Logo
Home
မြန်မာသတင်း
ပြည်တွင်း ငွေသားပေးချေမှုကို ကျပ် သိန်း ၂၀၀ ထက်မပိုရဟု စစ်ကောင်စီဗဟိုဘဏ် ကန့်သတ်
DVB
·
November 4, 2021
ပြည်တွင်း ငွေသားပေးချေမှုကို ကျပ် သိန်း ၂၀၀ ထက်မပိုရဟု စစ်ကောင်စီဗဟိုဘဏ် ကန့်သတ်
Donate to DVB

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ပြည်တွင်းမှာ ငွေသားနဲ့ ပေးချေမှုတွေကို ကျပ် သိန်း ၂၀၀ ထက်မပိုဖို့ ကန့်သတ်လိုက်တာဟာ လက်တွေ့မကျဘဲ အောက်ခြေမှာ ငွေသား ရာဂဏန်းနဲ့အထက် ပေးချေ ရောင်းဝယ် ကုန်သွယ်စီးပွားလုပ်နေသူတွေအတွက်  အခက်တွေ့စေမယ်လို့  စီးပွားရေးလုပ်ငန်းရှင်တွေက သုံးသပ်ပြောပါတယ်။

မြန်မာပြည်တွင်း ငွေသားဖြင့်ပေးချေမှုတွေအားလုံးကို  ကျပ် သိန်း ၂၀၀ ထက်မပိုဖို့ ကန့်သတ်လိုက်ကြောင်း  စစ်ကောင်စီလက်အောက်ခံ နိုင်ငံတော် ဗဟိုဘဏ်က နိုဝင်ဘာ ၃ ရက် နေ့စွဲနဲ့ အမိန့်ထုတ်ပြန်လိုက်တာပါ။

မြန်မာနိုင်ငံအတွင်း ငွေပေးချေမှုစနစ်တွေ ပိုမိုထိရောက်စွာအကောင်အထည်ဖော်ရန်အလို့ငှာ အခြေခံပစ္စည်းနဲ့ ကုန်ပစ္စည်း ရောင်းခြင်း၊ဝယ်ခြင်း၊ လွှဲပြောင်းခြင်းတွေအတွက် ငွေပေးချေမှုဝန်ဆောင်မှုအတွက် ငွေပေးချေမှုနဲ့ တခြားငွေပေးချေမှုတွေ ပြုလုပ်ရာမှာ တကြိမ်လျှင် ငွေသားနဲ့ ပေးချေမှုကို ကျပ်သိန်း ၂၀၀ ထက်မပိုစေရလို့ ကန့်သတ်လိုက်တာ ဖြစ်ပါတယ်။ 

ထိုပမာဏထက် ပိုတဲ့ ဘယ်လို ပေးချေမှုတွေအတွက်မဆို ဘဏ်စနစ်အသုံးပြုပြီး ဒစ်ဂျစ်တယ်ငွေပေး ချေမှုနည်းလမ်းတွေဖြစ်တဲ့ Mobile Banking နဲ့ Internet Banking ဖြင့်ပေးချေတာ၊ ဘဏ်ကတ်၊ ချက်လက်မှတ်၊ငွေပေးအမိန့်လွှာ (PO) တွေနဲ့ ပေးချေတာ၊ စာရင်းပြောင်း ပေးချေခြင်း (account transfer) တာနဲ့ ငွေသားနဲ့ ဘဏ်သို့ပေးသွင်းပြီး ငွေပေးသွင်းပြီးကြောင်း စာရွက်စာတမ်း အထောက်အထားများတင်ပြကာ ငွေပေးချေတဲ့ နည်းလမ်းများကို အသုံးပြုရမယ်လို့လည်း ဗဟိုဘဏ်အမိန့်မှာ ဖော်ပြထားပါတယ်။

ဗဟိုဘဏ်ရဲ့ အခုလိုကန့်သတ်ချက်အပေါ်  ပို့ကုန်လုပ်ငန်းရှင်တဦးက “ဗဟိုဘဏ်က သူကတော့ ငွေသားသုံးစွဲမှုကို လျှော့ချပြီး account transfer နဲ့သွားဖို့ကြိုးစားတာပေါ့။ ဒါပေမဲ့ လက်တွေ့မှာတော့ သိန်း ၂၀၀ ကနည်းတာပေါ့။ တကယ်တမ်း လုပ်ငန်းအကြီးလုပ်နေတဲ့သူတွေအတွက်ကလေ။ အထူးသဖြင့်တော့ ပို့ကုန်သမားတွေ ဆန်၊ပဲ တို့လုပ်တဲ့ သူတွေအတွက်က ပိုခက်မယ်။ ဘာလို့လဲဆို နောက်ဆုံး တောင်သူလယ်သမားတွေ ပေးဖို့အတွက်က ငွေသားနဲ့မှ ပေးလို့ရတာလေ။ သာမန်မြို့ပြမှာနေတဲ့သူတွေအတွက်ကတော့ ပြဿနာသိပ်မရှိဘူး။ သူတို့က ဟိုဘက် အကောင့်ဖွင့်၊ ဒီဘက်အကောင့်ဖွင့်ပြီး ရွှေ့ရွှေ့နေကြတာလေ။ ဒါပေမဲ့ လယ်သမားနဲ့ တိုက်ရိုက်ဆက်ဆံ ရတဲ့ သူတွေအတွက်ကတော့ အခက်အခဲရှိစေတယ်” လို့ပြောပါတယ်။

အလားတူပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တဦးကလည်း “ကန့်သတ်ချက်တွေလုပ်လာတဲ့အခါ တကယ်တမ်း စီးပွားရေး လုပ်နိုင်ဖို့က ကျပ်ကျပ်လာတယ်ဗျ။ လုပ်ရကိုင်ရတာ ပိုပြီးတော့ ခက်လာတယ်။ ဘာပဲပြောပြော ကျနော်တို့မြင်တာကတော့ လက်တွေ့ကျကျစဉ်းစားဖို့လိုတာပေါ့နော်။ ကြေညာချက်ထုတ်တော့မယ် ဆိုရင်လေ။ နောက်ဆုံးအဆင့်ပေါ့။ လယ်သမား အဆင့်အထိ ကျနော်တို့က ဘယ်လိုငွေပေးမလဲဆိုတာ စဉ်းစားဖို့လိုတယ်။ ပြီးတော့ အထူးသဖြင့် ကျနော်တို့ တိုင်းပြည်က လယ်ယာထွက်ကုန်ကိုရောင်းချရတဲ့တိုင်းပြည်လေဗျာ။ ဆိုတော့ ဒါတွေကို ညိနှိုင်းပြီးမှ ကြေညာချက်ထုတ်တာမျိုး ဆိုရင်တော့ ပိုကောင်းတာပေါ့” လို့ဆိုပါတယ်။

တခြားစီးပွားရေးလုပ်ငန်းရှင်တဦးရဲ့ အမြင်ကတော့ ဗဟိုဘဏ်က ငွေသားသုံးစွဲမှုကိုလျှော့ချစေချင်ရင် တဖက်မှာလည်း ငွေသားထုတ်မရလို့ ရာခိုင်နှုန်းတခုပေးပြီး လုပ်စားနေတာတွေကို စိစစ်ဖို့လိုတဲ့အကြောင်း အခုလိုမှတ်ချက်ပေးပါတယ်။

အဆိုပါပုဂ္ဂိုလ်က “ကျနော်ဆိုရင် လမ်းစီမံကိန်းတခုလုပ်နေတော့ လုပ်သားတွေရှိတယ်။ ပြီးတော့ supplier တွေရှိတယ်။ အဲ့ထဲက တချို့ လူတွေကို bank account နဲ့ transfer ပေးလို့ရတယ်။ တချို့သူတွေကတော့ account transfer နဲ့ပေးဖို့က ခက်တော့ ငွေသားနဲ့ပေးရတာမျိုးရှိတယ်။ အဲ့တော့ အခက်အခဲရှိတာက ဘဏ်ကနေ ငွေသားထုတ်လို့မရတာဘဲ။ ကျနော်ဆိုရင် လုပ်ငန်းအတွက် တပတ်ကို ငွေသား သိန်း ၂၀၊ သိန်း ၃၀ ရဖို့ ကျနော့်လူတွေက ဘဏ်မန်နေဂျာအခန်းရှေ့မှာ တန်းစီပြီး မနည်းရအောင်ထုတ်နေတာ။ ဒါက အခက်အခဲတခုပေါ့။ နောက်တချက်က ကျနော် ဘိလပ်မြေဝယ်တာ၊ သံဝယ်တာ ကို account transfer နဲ့ပေးလို့ရတယ်။ ဒါပေမယ့် ဘာပြဿနာရှိလဲဆိုရင် ၅% နဲ့ ၆% ကြား အပိုထပ်ဆောင်းပြီးတော့ ပေးရတယ်။ သိန်းရာနဲ့ ထောင်နဲ့ချီပြီး ပေးနေရတဲ့ လုပ်ငန်းတွေမှာ သိန်း ၁၀၀ ကျရင် ၁၀၆ သိန်း၊ သိန်း ၁၀၀၀ ကျရင် ၁၀၆၀ အပိုဆောင်းပြီး လွှဲပေးရတယ်။ ဆိုတော့ ပေးရတဲ့ ရာခိုင်နှုန်းက ဘဏ်တိုးနှုန်းထက်တောင်များနေပြီး အလကားပေးနေရ တာဗျာ။ ပြီးတော့ ဒါက တရားဝင်သတ်မှတ်ပေးထားသလိုမျိုး ဖြစ်နေတာ။ အမှန်တကယ်တော့ ကျနော်တို့ကလည်း ငွေစက္ကူကို မကိုင်ချင်ပါဘူး။ ဒါပေမဲ့ အဲ့လိုမျိုး ရာခိုင်နှုန်းတခုသတ်မှတ်ပြီး လုပ်စားနေတာကိုတော့ ဗဟိုဘဏ်က ဘယ်လို ပပျောက်အောင်လုပ်မလဲ ဆိုတာက ပိုပြီးတော့ အရေးကြီးတယ်လို့ “ပြောပါတယ်။

ဗဟိုဘဏ်က  ငွေသားနဲ့ ပေးချေမှုတွေကို ကန့်သတ်ပြီး  ဘဏ်စနစ်အသုံးပြု ဒစ်ဂျစ်တယ်ငွေပေး စနစ်ကို သုံးဖို့ပြောနေပေမဲ့ လက်ရှိ စစ်အာဏာသိမ်းထားတာ အချိန် ၉ လကြာတဲ့အထိ ပြည်သူတွေဟာ မိမိစုဆောင်းထားတဲ့ ငွေကို အကန့်အသတ်နဲ့ပဲ ပြန်ထုတ်ခွင့်ရနေတာ ဖြစ်ပါတယ်။

တချို့ စီးပွားရေးလုပ်ငန်းတွေကလည်း  ဒစ်ဂျစ်တယ်ငွေပေး စနစ်နဲ့ ပေးချေတာကို လက်မခံဘဲ ငွေသားပဲလက်ခံတာ၊ လက်ခံတဲ့သူတွေကလည်း ရာခိုင်နှုန်းတခုထပ်ဆောင်းပေးရတာ စတဲ့ အခက်အခဲတွေရှိနေသလို ATM စက်တွေမှာလည်း   ငွေသားထုတ်ယူဖို့ အခက်အခဲနဲ့ ကြုံတွေ့ နေရဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013