DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံ ရဲဘော် ၄ ဦးလွတ်မြောက်ရေး ဆက်သွယ်ဆောင်ရွက်နေဟု ABSDF တာဝန်ရှိသူပြော
DVB
·
November 3, 2021
ဖမ်းဆီးခံ ရဲဘော် ၄ ဦးလွတ်မြောက်ရေး ဆက်သွယ်ဆောင်ရွက်နေဟု ABSDF တာဝန်ရှိသူပြော
Donate to DVB

စစ်ကောင်စီတပ်ထဲမှာ ဖမ်းဆီးခံထားရတဲ့ ရဲဘော်တွေ ပြန်လည်လွတ်မြောက်ရေးအတွက် သက်ဆိုင်ရာကို စုံစမ်းဆက်သွယ်ပြီးတော့ တတ်နိုင်သရွေ့ ဆက်လက် ဆောင်ရွက်နေတယ်လို့ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တာဝန်ရှိသူတစ်ဦးက ဒီဗွီဘီကိုပြောပါတယ်။ 

ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ဖွင့်လှစ်ထားတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)ရဲ့ ဆက်ဆံရေးရုံးကို နိုဝင်ဘာ ၂ ညနေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ပြီး ရဲဘော် ၄ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။

ဖမ်းဆီးခံရသူတွေနဲ့ ပတ်သက်ပြီး ABSDF ပြောရေးဆိုခွင့်ရှိသူတဦးဖြစ်တဲ့ ရဲဘော်ဆန်နီက “မနေ့ညက လာခေါ်သွားတယ်။ တပ်ကော ရဲကော ပါလာတယ်။ ရုံးမှာ မေးစရာရှိလို့ပါဆိုပြီး ကိုအောင်ဘော်၊ နောက်ထပ် ရဲဘော် ၃ ဦး၊ ပေါင်း ၄ ဦး ခေါ်သွားပါတယ်။ ခေါ်သွားစမှာ ဖုန်းခဏလေး ရပါတယ်။ အခုနောက်ပိုင်း ဖုန်းအဆက်အသွယ်မရပါဘူး။ ကျနော်တို့ တတ်နိုင်သရွေ့ လိုက်အဆက်သွယ်လုပ်နေပါတယ်။ ဘာကြောင့် အဆက်အသွယ်မရတာလဲ၊ ဘာကြောင့် ခေါ်သွားတာလဲ လိုက်ဆက်သွယ်နေပါတယ်။ အခြေအနေပေါ် မူတည်ပြီး သက်ဆိုင်တဲ့ အင်အားစုတွေနဲ့ ညှိနှိုင်းပြီးမှ အဖြေသိရအောင် ဆက်စုံစမ်းနေပါတယ်။”လို့ ပြောပါတယ်။

မြဝတီ ဆက်ဆံရေးရုံးတာဝန်ခံ ရဲဘော် ကိုအောင်ဘော်၊ ကိုတင်စိုး၊ ကိုကပ္ပလီ၊ ကိုခင်မောင်ဝင်းတို့ကို မြဝတီအခြေစိုက်စစ်တပ်က  ထိန်းသိမ်းထားပြီး ဖုန်းတွေကို သိမ်းဆည်းထားကာ  ပြင်ပနဲ့ ဆက်သွယ်ခွင့်လည်းမရဘူးလို့လည်း သိရပါတယ်။ 

နိုဝင်ဘာလ ၁ ရက်က ABSDF ဖွဲ့စည်းတည်ထောင်ခြင်း (၃၃) နှစ်ပြည့်  အထိမ်းအမှတ် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရေးအင်အားစုတွေနဲ့အတူ လက်တွဲ တိုက်ပွဲဝင်သွားမယ်လို့ (ABSDF) က ကြေညာလိုက်ပြီး နောက်တနေ့မှာ ခုလို ဖမ်းဆီးမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ 

ဒါနဲ့ပတ်သက်ပြီး ရဲဘော်ဆန်နီက “ထုတ်ပြန်ကြေညာချက်ကြောင့် ဆိုရင်လည်း ကျနော်တို့အဖွဲ့အစည်းကို လှမ်းမေးလို့ရတယ်။ အခုက နှစ်ဘက် ဆက်ဆံ‌ရေးရုံး ဖြစ်နေတော့ ဒီဆက်ဆံရေးရုံးတွေမှာရှိတဲ့ ရဲဘော်တွေကျတော့ တမျိုးဖြစ်နေတာပေါ့။ ကျနော်တို့ ဆက်သွယ်နိုင်တာတွေကို ဆက်သွယ်ပြီးတော့ ဆက်လက် ဆောင်ရွက်နေပါတယ်။”လို့ပြောပါတယ်။

ဒီလိုမျိုး မဖြစ်သင့်တဲ့အကြောင်းနဲ့ ဒီလိုအခြေအနေမျိုး ဖြစ်ရတာဟာ အားလုံးအတွက် မကောင်းပါဘူးလို့ ပြောချင်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလကလည်း  ဘားအံမြို့မှာရှိတဲ့ ABSDF ဆက်ဆံရေးရုံးကို စစ်တပ်က ဝင်ရောက် ဖမ်းဆီးတာကြောင့် ABSDF ရဲဘော်တချို့ အဖမ်းခံထားရပြီး ခြံကိုလည်း ချိတ်ပိတ်ခံထားရပါတယ်။

ABSDF ဟာ ၂၀၁၃ ခုနှစ် ကြံ့ခိုင်ရေးပါတီ အစိုးရလက်ထက်မှာ  NCA လက်မှတ်ရေးထိုးခဲ့ ပြီးနောက် ဆက်ဆံရေးရုံးတွေကို တရားဝင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်က အန်စီအေ ၆ နှစ်မြောက် အခမ်းအနားကို အာဏာသိမ်း စစ်ကောင်စီက ဦးစီးကာ နေပြည်တော်မှာ ကျင်းပခဲ့ရာမှာ  ABSDF  အဖွဲ့ဝင် တချို့ တက်ရောက် ခဲ့ကြတာဖြစ်ပါတယ်။

အန်စီအေနှစ်ပတ်လည်အခမ်းအနားကို တက်ရောက်တာဟာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဗဟိုကော်မတီရဲ့ သဘောထား မဟုတ်ဘူးလို့ အောက်တိုဘာ ၂၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013