DVB Logo
Home
မြန်မာသတင်း
နိုင်ငံခြားကုန်သွယ်မှုအခြေအနေကောင်းနေဟု စစ်ခေါင်းဆောင်ပြောဆိုချက် ပကတိအခြေအနေနှင့် ကွဲလွဲနေဟု စီးပွားရေးလေ့လာသူများပြော
DVB
·
November 2, 2021
နိုင်ငံခြားကုန်သွယ်မှုအခြေအနေကောင်းနေဟု စစ်ခေါင်းဆောင်ပြောဆိုချက် ပကတိအခြေအနေနှင့် ကွဲလွဲနေဟု စီးပွားရေးလေ့လာသူများပြော
1 / 2
Donate to DVB

မြန်မာနိုင်ငံနဲ့ ပြည်ပနိုင်ငံတွေအကြား ကုန်သွယ်မှုမှာ ပိုငွေပြပြီး အခြေအနေကောင်းနေတယ်လို့  အာဏာ သိမ်းစစ်ခေါင်းဆောင်ရဲ့ ပြောဆိုချက်ဟာ ပကတိမြေပြင်အခြေအနေနဲ့ ကွဲလွဲနေတယ်လို့  ပို့ကုန်သွင်းကုန်သမားတွေနဲ့  စီးပွားရေးသုတေသီတွေက ထောက်ပြပြောပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိ ဘဏ္ဍာနှစ် နိုင်ငံခြားကုန်သွယ်မှု အခြေအနေကောင်းပြီး လာမဲ့နှစ်ဝက်ဘတ်ဂျတ်မှာလည်း ကုန်သွယ်မှု ပိုငွေပြဖို့ မျှော်လင့်တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စစ်အာဏာသိမ်း ၉ လ ပြည့်တဲ့  နိုဝင်ဘာ ၁ ရက်နေ့ မိန့်ခွန်းမှာ ပြောဆိုခဲ့တာပါ။ 

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှာ မြန်မာ့ပို့ကုန်က ၁၄,၉၂၇ သန်းဖိုးရှိပြီး  သွင်းကုန်က ၁၄,၆၅၈ သန်းဖြစ်တဲ့အတွက်ကြောင့် ကုန်သွယ်မှု ပိုငွေ ၂၆၈ သန်း ဖြစ်တာကိုတွေ့ရကြောင်း ကာလတူ ပြီးခဲ့တဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ ကုန်သွယ်မှုအနေနဲ့ လိုငွေ အမေရိကန်ဒေါ်လာ ၁,၆၃၈ သန်း ဖြစ်ခဲ့တာကြောင့် ဒီနှစ်မှာ ကုန်သွယ်မှုအခြေအနေ ကောင်းတယ်လို့ စစ်ခေါင်းဆောင်က ပြောသွားတာပါ။

ဒါ့အပြင် ပြည်ပက ဝယ်ယူတင်သွင်းနေရတဲ့ စက်သုံးဆီနဲ့စားသုံးဆီကို ပြည်တွင်းမှာ လျှော့ချသုံးစွဲရင် အခုလာမယ့် အောက်တိုဘာကနေ မတ်လအထိ နှစ်ဝက်ဘတ်ဂျက်မှာ ကုန်သွယ်မှု ပိုငွေရရှိမယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံဟာ ပို့ကုန်က မယ်မယ်ရရ သိပ်မရှိဘဲ ဆန်၊ ဆန်ကွဲ၊ ပဲ၊ ရေထွက်ကုန်၊ သားငါးနဲ့ အထည်ချုပ် လောက်ပဲရှိပြီး    များသောအားဖြင့်  အပ်ကအစ လေယာဉ်အဆုံး ပြည်ပနိုင်ငံတွေကနေ တင်သွင်းနေရတဲ့ နိုင်ငံဖြစ်လို့ သွင်းကုန်က ပို့ကုန်ထက်ပိုများပြီး ကုန်သွယ်မှု လိုငွေအမြဲပြနေတာဖြစ်ပါတယ်။

အခုနှစ်မှာ ကိုဗစ်-၁၉ ကပ်ဘေးနဲ့ရော စစ်အာဏာသိမ်းမှုနဲ့ ကြုံတွေ့နေချိန်မှာ ပြည်တွင်းမှာ စီးပွားရေး လုပ်ငန်းတွေ ရပ်ဆိုင်းပြီး သွင်းကုန်ကလောလောဆယ် များများစားစား မသွင်းနိုင်သေးလို့ ကုန်သွယ်မှုပိုငွေပြနေတာလည်းဖြစ်တယ်လို့ စီးပွားရေးသမားတွေက သုံးသပ်ပါတယ်။  ဒါအပြင် စစ်အာဏာသိမ်းပြီးနောက် နယ်စပ်ဒေသတွေကနေ ပြည်တွင်းကို တရားမဝင် တင်သွင်းတဲ့ ကုန်ပစ္စည်ပမာဏလည်းပိုများလာပေမဲ့ ဒီပမာဏကိုတော့  စစ်ကောင်စီက ထည့်သွင်း တွက်ချက် ခြင်း မရှိပါဘူး။ 

စီးပွားရေးသုတေသီတဦးကတော့  လက်ရှိ ကုန်သွယ်မှုပိုငွေပြနေတယ်ဆိုတာ ကာလတိုသာဖြစ်ပြီး   ရှေရှည်က ကုန်သွယ်မှုပိုငွေ အမြဲတမ်းရှိဖို့ဆိုတာက မသေချာတဲ့ အကြောင်းနဲ့ စစ်ကောင်စီခေါင်းဆောင်ပြောသလို ကုန်သွယ်မှုပိုငွေ အမြဲရှိဖို့ဆိုရင် ယခင်စစ်တပ်အုပ်ချုပ်ခဲ့တဲ့ ကာလက ပုံစံမျိုးပြန်သွားမှရမယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“အခုကိုဗစ်ကာလမှာ ကျနော်တို့က သွင်းကုန်နည်းတယ်လေနော်။ ဒါကြောင့် ပိုငွေပြနေတာလို့ ကျနော်ယူဆတယ်။ အခု ဒါက ကာလတိုပေါ့။ ဒါပေမယ့် ရေရှည်ဆက်သွားရင် ကျနော်တို့ သွင်းကုန်နည်းတာ ဖြစ်ချင်မှဖြစ်မယ်။ နောက်တခုက စကစ ရဲ့မူကလည်း သွင်းကုန်တွေကို လျှော့ချဖို့ လုပ်နေတယ်။ ဘာလို့လဲဆို ပိုက်ဆံချွေတာဖို့ပေါ့နော်။ အဲ့တော့ ကျနော်ထင်တယ် ရှေ့လျှောက်မှာ အရင်စစ်တပ်အုပ်ချုပ်တဲ့ခေတ်က ပုံစံမျိုးပေါ့။ ရောင်းကုန်ရှိမှ အဲ့က ရတဲ့ ပိုက်ဆံကို အခြေခံပြီး ပြန်သွင်း ဆိုတာမျိုးလေ။ ဆိုတော့ ဒီလိုပုံစံမျိုး သွားမယ်ဆိုရင်တော့ ကုန်သွယ်မှုလိုငွေ မရှိဘူးပေါ့နော်။ ဒါကဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကုန်သွယ်မှုမှာ အမြဲတမ်း ပိုငွေပြမယ် ဆိုတာမျိုးတော့ မဖြစ်နိုင်ဘူး။ ဘာလို့လဲဆို ကျနော်တို့မှာ ရောင်းကုန်က သိပ်ရှိတာ မဟုတ်ဘူးလေ။ ဆိုတော့ ရောင်းကုန်က သိပ်မရှိတဲ့အတွက် သွင်းကုန်ကသာ အမြဲတမ်းရှိနေတာ။ ဒါကြောင့် ရှေရှည်က ကုန်သွယ်မှုပိုငွေ အမြဲတမ်းရှိဖို့ဆိုတာက မသေချာဘူး။”

တကယ်တမ်း တိုင်းပြည်ရဲ့ ကုန်သွယ်မှု ပမာဏကို ပြန်ကြည့်ရင်လည်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ဟာ ကိုဗစ်ကပ်ရောဂါအပြင် စစ်အာဏာသိမ်းမှုကြောင့် ကုန်သွယ်မှုနှောင့်နှေးခဲ့ရပြီး ၊၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်နဲ့ယှဉ်ရင် ပို့ကုန်ပိုင်းမှာ ကန်ဒေါ်လာ ၂ ဒသမ ၇၅၄ဘီလီယံ ကျော်၊ သွင်းကုန်ပိုင်းမှာ ကန်ဒေါ်လာ ၄ ဒသမ ၃၉၂ ဘီလီယံကျော်အထိ   လျော့ကျခဲ့တယ်လို့ စီးပွားကူးသန်းထုတ်ပြန်ချက် အရသိရပါတယ်။ 

ကုန်သွယ်မှုပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ  ၂၉ ဒသမ ၆ ဘီလီယံကျော်သာရရှိခဲ့တာကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်ကုန်သွယ်မှုထက် ၂၀ ရာခိုင်နှုန်း နီးပါးလျော့ကျခဲ့ပါတယ်။ 

ဒါကြောင့် ပြီးခဲ့တဲ့ဘဏ္ဍာနှစ်က ကုန်သွယ်မှုပမာဏကို ပြည့်မှီဖို့အတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း ၉၂၀၀ ကျော် လိုအပ်ချက်ရှိနေတာပါ။ ဘဏ္ဍာနှစ်ကုန်ဆုံးဖို့ကလည်း အချိန်အားဖြင့် တလတာသာ ကျန်ရှိတာကြောင့် ယမန်နှစ်ပမာဏကို ဘယ်လိုမျှပြည့်မှီမှာမဟုတ်ပါဘူးလို့ စီးပွားရေး လေ့လာသူတစ်ဦးကသုံးသပ်ပါတယ်။

အခုနောက်ဆုံး ရရှိတဲ့ကိန်းဂဏန်းအရ စစ်ကောင်စီခေါင်းဆောင်ရဲ့ ပြောဆိုချက်ကိုကြည့်ရင် ၂၀၂၀-၂၁ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှု အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၉,၅၈၅ ရှိတာကြောင့် မနှစ်က ကာလတူ ကုန်သွယ်မှု ပမာဏကိုပြည့်မှီဖို့ အမေရိကန်ဒေါ်လာသန်းပေါင်း ၇၁၀၀ ကျော်လိုအပ်ချက်ရှိနေပါတယ်။ 

နိုင်ငံရေး၊စီးပွားရေးလေ့လာသူတဦးကလည်း “ကျနော်တို့မှာ နိုင်ငံရေးအရ ပြဿနာရှိတယ်။ စီးပွားရေးအရလည်း ပိတ်ဆို့မှုတွေ ရှိတာကြောင့် ဒီအခြေအနေက ပုံမှန်မဟုတ်ဘူးပေါ့နော်။ ဒါပေမဲ့ ဦးသိန်းစိန် အစိုးရ လက်ထက်မှာ ဘာလုပ်လဲဆိုရင် အခြေအနေတွေကို နိုင်ငံတကာမှာ ပုံမှန်ပြန်ဖြစ်အောင် ပြန်လုပ်ခဲ့ရတယ်။ လုပ်တော့မှ ကျန်တဲ့ နိုင်ငံတွေနဲ့ အေးအေးဆေးဆေး ဆက်ဆံနိုင်တာပေါ့နော်။ ကျနော်ထင်တယ်။ အဲ့ဒါမျိုးက ပြန်ဖြတ်ကျော်ရဦးမယ်ဗျ။ အခုက စကစက သူတို့ချထားတဲ့မူအရ အသေးစားအလတ်စား လုပ်ငန်း (SME) တွေကို ဦးစားပေးမယ်လို့တော့ ပြောတာဘဲ။ နောက်တခါ ပိုက်ဆံချေးမယ်ဆိုပြီး ကြေညာချက်တွေလဲ ထုတ်တာတော့ တွေ့ရတယ်။ အဲ့တော့ ဘယ်လောက်အထိ ကောင်းကောင်းအကောင်အထည်ဖော်နိုင်မလဲဆိုတာကလည်း မသေချာဘူးနော်။ နောက်တခုကလည်း ကျနော်တို့က အခုအချိန်ထိ စိုက်ပျိုးရေးထုတ်ကုန်ကို အားထားနေရတာလေ။ ဒါပေမဲ့ ကျနော်တို့ဆီမှာ တောင်သူတွေက ဖြူကာပြာကာကျတာက ကြာနေပြီဗျ” လို့ဆိုပါတယ်။

လက်ရှိဘဏ္ဍာနှစ်မှာ ပို့ကုန်ပိုင်းမှာလယ်ယာထွက်ကုန်တင်ပို့မှုတစ်ခုသာ သန်း၉၀၀၀န်းကျင် မြင့်တက်ခဲ့တာတွေ့ရပြီး၊  ကျန်ပြည်ပပို့ကုန်အားလုံး လျော့ကျခဲ့ပါတယ်။ သွင်းကုန်းပိုင်းမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ်တန့်ထားတာကြောင့် ရင်းနှီးမြှပ်နှံမှုကုန်ပစ္စည်းတင်သွင်းမှု  ၂ ဒသမ၅ ဘီလီယံကျော် မနှစ်ကထက်လျော့ကျခဲ့ပြီး၊ လုပ်ငန်း သုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ CMPကုန်ကြမ်းတင်သွင်းမှုတွေလည်း အသီးသီးလျော့ကျခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ပုံမှန်အားဖြင့်နှစ်စဉ် ကုန်သွယ်မှုလိုငွေ ပြလေ့ရှိပါတယ်။ နိုင်ငံပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်နေတဲ့ကာလတွေဖြစ်တဲ့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွေမှာ ကုန်သွယ်မှုလို ငွေအမေရိကန် ဒေါ်လာ ၅ ဘီလီယံကျော်ရှိခဲ့ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၃ဒသမ ၈၁၁ ဘီလီယံ ၊၂၀၁၈ နှစ်ဝက်ဘတ်ဂျတ်မှာ ကန်ဒေါ်လာ ၁ ဘီလီယံကျော် ၊၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ ကုန်သွယ်မှုလိုငွေကန် ဒေါ်လာ   ၁ ဒသမ ၀၂၆ ဘီလီယံ စသဖြင့် ကုန်သွယ်မှုလိုငွေပြမှု ပမာဏ ကျဆင်းလာတာ တွေ့ရပါတယ်။

Photo- မြန်မာ့ဆိပ်ကမ်းအာဏာပိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013