DVB Logo
Home
မြန်မာသတင်း
သဘာဝဘေးစီမံအမှုအတွက် ပြစ်မှုကျူးလွန်ခြင်းမရှိဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တရားရုံးတွင် ထွက်ဆို
DVB
·
November 2, 2021
သဘာဝဘေးစီမံအမှုအတွက် ပြစ်မှုကျူးလွန်ခြင်းမရှိဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တရားရုံးတွင် ထွက်ဆို
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသမ်းစစ်တပ်က တရားစွဲဆိုထားတဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ အမှုကို နိုဝင်ဘာ ၂ ရက်နေ့က နေပြည်တော်၊ ဇမ္ဗသီရိတရားရုံးမှာ ဆက်လက်စစ်ဆေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က ပြစ်မှုကျူးလွန်ထားတာမရှိဘူးလို့ ပြောဆိုခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီက စုံစမ်းသိရှိရပါတယ်။ 

ရုံးချိန်းမှာ တရားသူကြီးက အမှုအတွက်ဘာကြောင့်မတောင်းပန်တာလဲလို့ ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းခဲ့ရာမှာ  ဒေါ်အောင်ဆန်းစုကြည်က ပြစ်မှုကျူးလွန်ခဲ့တာမရှိခဲ့ဘူးလို့  ထွက်ဆိုခဲ့တာဖြစ်ပါတယ်။

သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ အမှုအတွက် တရားလိုပြသက်သေ ဦးဝေလွင်ဦး၊ ဒုရဲမှူးကြီးသန်းအေး၊ တရားလိုဦးညီညီတို့ကို ရှေ့နေအဖွဲ့က အပြန်အလှန်မေးခွန်းတွေမေးမြန်းခဲ့ပြီး နောက်ရုံးချိန်းကို နိုဝင်ဘာ ၉ရက်နေ့မှာပြန်လည်ချိန်းဆိုခဲ့ပါတယ်။

နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဒေါက်တာမျိုးအောင်တို့ သုံးယောက်တွဲ အစွဲခံထားရဲ့ ပုဒ်မ ၅၀၅(ခ) အမှုကိုလည်း ဒီနေ့ ဆက်လက်စစ်ဆေးခဲ့ပြီး နိုဝင်ဘာ ၁၆ ရက်နေ့မှာ နိုင်ငံ့ခေါင်းဆောင်တွေဘက်က အပြီးသတ်လျှောက်လဲချက်တင်သွင်းသွားဖို့ရှိနေပါတယ်။

တရားရုံးထုံးစံအရ အပြီးသတ်လျှောက်လဲချက်တင်ပြီး နောက်တစ်ကြိမ်ရုံးချိန်းမှာ အမှုကို စွဲချက်တင်သင့်မတင်သင့်  တရားရုံးက အမိန့်ချတော့မှာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၂ ရက်နေ့ရုံးချိန်းကို သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဒေါက်တာမျိုးအောင်တို့ သုံးဦးစလုံးလာရောက်ခဲ့ပေမယ့် စစ်ဆေးဖို့ကျန်နေတဲ့ ဒေါက်တာမျိုးအောင် တစ်ယောက်ကိုပဲ အပြီးသတ်စစ်ဆေးခဲ့ပါတယ်။

တရားလိုစစ်ကောင်စီဘက်က သက်သေထပ်ပြီးမတင်သွင်းတော့တဲ့အတွက် နိုဝင်ဘာ ၁၆ ရက်နေ့ နောက်ရုံးချိန်းမှာ နိုင်ငံ့ခေါင်းဆောင်တွေက အပြီးသတ်လျှောက်လဲချက်တင်သွင်းရမှာဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဖေဖော်ဝါရီ ၁ ရက်နေ့ကစတင်ပြီး စစ်ကောင်စီက  ပုဒ်မ ၆ ခုနဲ့တရားစွဲခဲ့တာပါ။ 

ဇွန်လ  ၉ရက်နေ့မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နဲ့ အမှုထပ်ဖွင့်ခဲ့ပါတယ်။ ဇူလိုင် ၁၂ ရက်နေ့ ရုံးချိန်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက မန္တလေးတိုင်းတရားလွှတ်တော်မှာ အဂတိပုဒ်မ အမှုလေးခုနဲ့ ထပ်မံစွဲဆိုခဲ့ပါတယ်။ အဲ့ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရတဲ့အမှုဟာ စုစုပေါင်း ၁၁ မှုအထိရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013