DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံတွင် စာသင်ကျောင်းများပြန်ဖွင့်သော်လည်း မြန်မာရွှေ့ပြောင်းကျောင်းများ မဖွင့်နိုင်သေး
DVB
·
November 1, 2021
ထိုင်းနိုင်ငံတွင် စာသင်ကျောင်းများပြန်ဖွင့်သော်လည်း မြန်မာရွှေ့ပြောင်းကျောင်းများ မဖွင့်နိုင်သေး
Donate to DVB

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေကြောင့် ကာလအတန်ကြာပိတ်ထားခဲ့ရတဲ့ စာသင်ကျောင်း ပေါင်း ၁၀၀၀၀ ကျော် ဒီနေ့ပြန်ဖွင့်လိုက်ပေမယ့် မြန်မာရွှေ့ပြောင်းလုပ်သား စာသင်ကျောင်းတွေတော့ ပြန်မဖွင့်နိုင်သေးပါဘူး။

မြန်မာအလုပ်သမားတစ်သိန်းကျော် ဝင်ရောက်လုပ်ကိုင်နေတဲ့ စမွတ်စခွန်းခရိုင် မဟာချိုင်မှာဆိုရင် ကိုဗစ်-၁၉ ကူးစက်မှုမပျောက်သေးဘဲ နေရာအခက်အခဲ၊ ကလေးတွေကာကွယ်မထိုးနှံရ သေးတဲ့အခက်အခဲတွေကြောင့် ခုထိပြန်မဖွင့်နိုင်သေးဘူးလို့ M.C.D.C (ရွှေ့ပြောင်း အလုပ်သမား ရင်သွေးငယ်များ အရည်အချင်းမြှင့်တင်ရေးကျောင်း)မှ ဆရာလရောင်စိုးက ဒီဗွီဘီကို ပြောပါတယ်။ 

“ကျနော်တို့ကျောင်းတွေကတော့ မဖွင့်နိုင်သေးပါဘူးခင်ဗျာ။ ကလေးတွေလည်း ကာကွယ်ဆေး မထိုးရသေးဘူး။ ကိုယ့်ကျောင်းကနေ စကူးတယ်ဆိုတာမျိုးလည်း မဖြစ်အောင် သတိထားနေရတယ်။ ကျနော်တို့ကျောင်းတွေလည်း ကိုဗစ်-၁၉ လူနာအတွက်  ယာယီဆေးရုံတွေ၊ ကွာရန်တင်းစင်တာတွေ ဖွင့်ထားတော့ နေရာအခက်အခဲလည်းရှိနေပါတယ်။  ကျနော်တို့က အွန်လိုင်းနဲ့တောင် မသင်နိုင်ဘူး၊ မိဘတွေက အလုပ်သွားနေရတော့ အွန်လိုင်းသုံးမယ့် သားသမီးတွေကို အနီးကပ်စောင့်မကြည့်နိုင်ဘူး။ အွန်လိုင်းကျောင်းပြန်ဖွင့်နိုင်ဖို့က အခြေအနေ စောင့်ကြည့်ရဦးမှာပါ။ ကျောင်းပြန်ဖွင့်မယ့် စည်းကမ်းသတ်မှတ်ချက်တွေကလည်း များတော့‌လေ။”

မဟာချိုင်မှာ မြန်မာရွှေ့ပြောင်းလုပ်သား ရင်သွေးငယ်တွေအတွက်ဖွင့်ထားတဲ့ စာသင်ကျောင်း ၃ ကျောင်းနဲ့ ကျောင်းသားလေးတွေထောင်ကျော်ရှိနေတာပါ။

အဆိုပါကျောင်းတွေကို ၁ နှစ်ကျော် ၂ နှစ်နီးပါးပိတ်ထားရတာကြောင့် တချို့ကလေးတွေ အထူးသဖြင့် အလယ်တန်းဆင့် ကလေးတွေဟာ လုပ်ငန်းခွင်ကို ရောက်ကုန်တယ်လို့ ဆရာလရောင်စိုးက ပြောပါတယ်။

တာ့ခ်ခရိုင် မဲဆောက်မှာတော့ ထိုင်းကျောင်းတွေရော မြန်မာကျောင်းတွေရော တကျောင်းမှ မဖွင့်သေးဘူးလို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက  ဒီဗွီဘီကို ပြောပါတယ်။ 

“ဒီမှာက ကလေးရောလူကြီးရော အကုန်လုံးကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနေကြတာ မပြီးသေးလို့ ထိုင်းကျောင်းရော မြန်မာကျောင်းတွေရော မဖွင့်သေးပါဘူးခင်ဗျ။ လာမယ့် ၂၀၂၂ ဇန်နဝါရီလမှာ နယ်စပ်ချစ်ကြည်ရေးတံခါးပေါက်ပါ ပြန်ဖွင့်နိုင်ဖို့ ကာကွယ်ဆေးအပြီးထိုးနိုင်ဖို့ လုပ်နေတာ တွေ့ရတယ်။ အခု လက်မှတ်ရှိတဲ့လူတွေရော မရှိတဲ့လူတွေပါ ၇ သိန်းလောက်ထိုးပြီး သွားပြီလို့ သိရတယ်။” 

တာ့ခ်ခရိုင် ၅ မြို့နယ်ထဲမှာ မြန်မာရွှေ့ပြောင်းလုပ်သားစာသင်ကျောင်းပေါင်း ၇၀ ကျော်၊ ဆရာဆရာမ ၇၀၀ ကျော်နဲ့ ကျောင်းသူကျောင်းသားက ၁၆၀၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။ 

ရနောင်းခရိုင်မှာလည်း ကိုဗစ်-၁၉ ကာကွယ်ဆေးအားလုံးထိုးပြီးမှ ပြန်ဖွင့်နိုင်မယ်လို့  BEAM ဖောင်ဒေးရှင်း ရနောင်းကျောင်းခွဲ တာဝန်ခံ ဒေါ်အိအိသက်က ဒီဗွီဘီကို ပြောပါတယ်။ 

“ကျမတို့ဆီမှာ ကာကွယ်ဆေးက ပထမအကြိမ်တော့ ထိုးပြီးကုန်သလောက်ရှိပြီ၊ ဒုတိယ တကြိမ် ကျန်သေးတယ်။ ကလေးတွေက နေရာဒေသစုံကလာပြီး စုပြုံနေရတာဆိုတော့ သတိထားရတာပေါ့နော်၊ ဒုတိယအကြိမ်ကာကွယ်ဆေးက ဒီလ ၁၈ ရက်နေ့ထိ ထိုးနေရမှာဆိုတော့ ဒီ ၁၁ လပိုင်း လကုန်ပိုင်းလောက်မှ ပြန်ဖွင့်နိုင်မယ်လို့ထင်ပါတယ်ရှင့်။”

ရနောင်းမှာ ကိုဗစ်=၁၉ ကူးစက်မှုရှိကတည်းက အွန်လိုင်းစနစ်နဲ့ ပြောင်းလဲသင်ကြား နေတာမို့ ကလေးတွေ ကျောင်းသင်ခန်းစာအဆက်ပြတ်မှုတော့ သိပ်မရှိကြောင်း၊ သူတို့ဆီမှာ  အေးရှား ဖောင်ဒေးရှင်း၊ BEAM ဖောင်ဒေးရှင်းလက်အောက်ခံ REWC စာသင်ကျောင်းနဲ့ ရနောင်း ဌာနီ ကျောင်း တို့ရှိပြီး စုစုပေါင်းရွှေ့ပြောင်းလုပ်သား သားသမီး ၂၀၀၀ ကျော်ရှိတယ်လို့ ဒေါ်အိအိသက် က ပြောသွားပါတယ်။ 

အလားတူ ဘန်ကောက်မှာဖွင့်ထားတဲ့  DEAR Burma Academy သင်တန်းကျောင်းလည်း မဖွင့်နိုင်သေးဘူးလို့ သင်တန်းကျောင်းဒါရိုက်တာ ဦးမြင့်ဝေက ပြောပါတယ်။

“ကျနော်တို့ကျောင်းကတော့ သင်တန်းသားတွေ သူတို့ကာကွယ်ဆေး အကုန်ထိုးလို့မပြီး သေးလို့ အွန်လိုင်းကနေပဲ သင်နေကြပါတယ်။ အွန်လိုင်းသင်တော့ နည်းပညာ အခက်အခဲ နည်းနည်း ရှိတယ်။ ဥပမာ တချို့က ဇော်ဂျီဖောင့်ကို သုံးနေတုန်းပဲ၊ ဖုန်းထဲမှာ ဇော်ဂျီကနေ ယူနီကုတ် မပြောင်းတတ်တော့ ကျနော်တို့ပို့ပေးတဲ့ အချက်အလက်တွေ၊ သင်ခန်းစာတွေ ဖတ်မရတာ ရှိတယ်။ တချို့အိမ်ဖော်အလုပ်သမားတွေကလည်း အလုပ်ရှင်က သူတို့ကိုအပြင်မပေး ထွက်ချင်ကြဘူး၊  စာသင်ခန်းပြန်ပြီးအသုံးပြုခွင့်ရဖို့ ဖောင်ဒေးရှင်းနဲ့ ထပ်ပြီးတော့လည်းညှိရဦးမှာ ပါခင်ဗျ။”

DEAR Burma Academy ကျောင်းမှာ ယခင်က သင်တန်းသားပေါင်း ၁၀၀ နီးပါးရှိပြီး အားလုံးဟာ အရွယ်ရောက်ပြီး ရွှေ့ပြောင်းအလုပ်သမားလူငယ်တွေ ဖြစ်ကြပါတယ်။

မြန်မာပြည်မှာ ပညာသင်ကြားဖို့ အခွင့်အလမ်းမရှိခဲ့သူတွေ၊ ပညာတပိုင်းတစနဲ့ အလုပ်လာလုပ်နေရသူတွေ အတွက် ရည်ရွယ်ဖွင့်လှစ်ထားပြီး လက်ရှိကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂၀ ရာခိုင်နှုန်း လောက်သာ အွန်လိုင်းကနေ ဆက်လက်သင်ကြားနေရတယ်လို့ ဦးမြင့်ဝေက ပြောသွားပါတယ်။ 

မြန်မာပြည်တွင်းမှာလည်း  ကိုဗစ်-၁၉ ရောဂါဘေးနဲ့ စစ်အာဏာရှင်ဘေးကြုံတွေ့နေရတဲ့ ကြားက စစ်ကောင်စီက ဒီကနေ့ စာသင်ကျောင်းတွေ ပြန်ဖွင့်လှစ်နေပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013