DVB Logo
Home
မြန်မာသတင်း
ကျောင်းမအပ်၊ ကျောင်းမတက်ကြရန် ကျောင်းသားအဖွဲ့ချုပ် တိုက်တွန်း
DVB
·
October 31, 2021
ကျောင်းမအပ်၊ ကျောင်းမတက်ကြရန် ကျောင်းသားအဖွဲ့ချုပ် တိုက်တွန်း
Donate to DVB

စစ်ကောင်စီက ဖွင့်လှစ်မယ့် အခြေခံပညာကျောင်းများသို့ ကျောင်းမအပ်နှံကြ၊ မတက်ရောက်ကြဖို့ အခြေခံပညာကျောင်းသားများရေးရာအဖွဲ့ချုပ် (အ.က.ရ) က ပူးတွဲတိုက်တွန်း နှိုးဆော်ချက်ထုတ်ပြန်ပါတယ်။

စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနက နိုင်ငံတဝန်း အချို့သော ကန့်သတ်နယ်မြေများမှအပ အခြေခံပညာကျောင်းများကို နိုဝင်ဘာ ၁ ရက်နေ့ စတင်ဖွင့်လှစ်ဖို့ ကြေညာခဲ့ပြီးနောက် တုံ့ပြန်တဲ့ ထုတ်ပြန်ချက်ဖြစ်ပါတယ်။

အ.က.ရ ရဲ့ ထုတ်ပြန်ချက်ထဲမှာ အကြမ်းဖက်အာဏာလုစစ်ကောင်စီက ဇူလိုင်လမှာ  ကျောင်းတွေဖွင့်တုန်းက  စီမံခန့်ခွဲမှုအလွဲကြောင့် ကိုဗစ်ကပ်ရောဂါ ပိုမိုဆိုးရွားလာပြီး ကျောင်းတွေ ပြန်ပိတ်ခဲ့ရတာကို ဖော်ပြထားပြီး အခုအခါမှာလည်း ကျောင်းတွေကို တက်သုတ်ရိုက် ဖွင့်လှစ်တာဟာ ကလေးငယ်တွေရဲ့ ကျန်းမာရေးအတွက် စိုးရိမ်ဖွယ်ဖြစ်တယ်လို့ ဆိုပါတယ်။ 

“ကျောင်းများပြန်လည်ဖွင့်လှစ်ရာတွင် အသက် ၁၂ နှစ်အောက်များကို ကာကွယ်ဆေးထိုးပေးမည်ဟုဆိုကာ စစ်ကောင်စီသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကပင် အသက် ၁၈ နှစ်အောက်များအား ထိုးပေးရန် ခွင့်ပြုထားခြင်းမရှိသော ကာကွယ်ဆေးများကို ဖြစ်သလို ထိုးပေးရန် စီစဉ်လျက်ရှိနေသည်။ ထို့ကြောင့် မိဘများ၊ ကျောင်းသားကျောင်းသူများအနေဖြင့် သူတို့ရဲ့ ကာကွယ်ဆေးကို ထိုးလိုသောစိတ်ဖြင့် မအပ်ကြရန် တိုက်တွန်းလိုပါသည်” လို့ ရေးသားထားပါတယ်။

ဒါ့အပြင် လက်ရှိမှာ အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတဝန်း တော်လှန်နေချိန်မှာ နေရာအနှံ့အပြားမှာ တိုက်ပွဲတွေဖြစ်နေတာကြောင့် မြို့ပြတွေမှာ တိုက်ပွဲတွေ အချိန်မရွေး ပိုမိုပြင်းထန်လာနိုင်တာကြောင့် ကျောင်းတက်ကြတဲ့ ကျောင်းသူကျောင်းသားတွေရဲ့လုံခြုံရေးကို စိုးရိမ်ရမှုကိုလည်း ထောက်ပြထားပြီး ကျောင်းမတက်ကြဖို့၊ စစ်ကျွန်ပညာရေးကို သပိတ်မှောက်ကြဖို့ တိုက်တွန်းထားပါတယ်။

ဖေဖော်ဝါရီလဆန်း စစ်အာဏာသိမ်းပြီးကတည်းက ပညာရေးဝန်ကြီးဌာနက ၀န်ထမ်းတွေ အများအပြားဟာ တခြားဌာနဆိုင်ရာအသီးသီးကလိုပဲ စစ်ကောင်စီလက်အောက် အလုပ်မဝင်တဲ့ စီဒီအမ်လှုပ်ရှားမှုကို လုပ်ဆောင်နေကြဆဲ ဖြစ်ပါတယ်။ 

စီဒီအမ်လှုပ်ရှားမှုမှာ ပါ၀င်ခြင်းမရှိတဲ့ အလယ်တန်းပြကျောင်းဆရာမတဦးက “ကျမတို့ကို အောက်တိုဘာ ၂၃ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ကျောင်းမှာ ကျောင်းတွင်းလုံခြုံရေးကို ဂရုထားကြဖို့ဆိုတဲ့ ညွှန်ကြားထားတယ်။ ကျောင်းဖွင့်ဖို့က ဒီဇင်ဘာလလောက်ကျမှ ဖြစ်နိုင်တယ်လို့ တွေးထားကြတာ။ ဒါပေမဲ့ ရုတ်တရက် ကောက်ကာငင်ကာပဲ နိုဝင်ဘာ ၁ ရက်နေ့ ကျောင်းတွေ ပြန်ဖွင့်ဖို့ ကပ်ပြီး အကြောင်းကြားလာတယ်။ ဆရာ၊ ဆရာမတွေကိုယ်တိုင် သင်ရိုးနဲ့ပတ်သက်လို့ လုပ်ရမှာတွေ မပြီးပြတ်ကြသေးဘူး။ ပြင်ဆင်ချိန် တပတ်တောင် မရှိတော့ ကသီလင်တ နိုင်မယ်ထင်တယ်” လို့ ပြောပါတယ်။ 

မြန်မာကလေးငယ်တွေ ကျောင်းသူကျောင်းသားတွေကို ကိုဗစ်ကာကွယ်ဆေးကို ဘယ်အမျိုးအစား ထိုးပေးမယ်ဆိုတာကို စစ်ကောင်စီဘက်က မကြေညာသေးပါဘူး။ 

အခြေခံပညာကျောင်းသားများရေးရာအဖွဲ့ချုပ် (အ.က.ရ) ကြေညာချက်မှာ အ.က.ရ (ဗဟို)၊ အ.က.ရ (ရန်ကုန်တိုင်း) အပါအဝင် အ.က.ရ ၃၁ ဖွဲ့က ပူးတွဲ တိုက်တွန်းချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013