DVB Logo
Home
မြန်မာသတင်း
ပြည်သူပြဋ္ဌာန်းသည့် ဥပဒေများဖြစ်ရေး ကြိုးစားရန် ၈၈ တိုက်တွန်း
DVB
·
January 5, 2014
ပြည်သူပြဋ္ဌာန်းသည့် ဥပဒေများဖြစ်ရေး ကြိုးစားရန် ၈၈ တိုက်တွန်း
Donate to DVB

မြန်မာနိုင်ငံမှာ ဥပဒေတွေကို ပြည်သူတွေကတဆင့် ပြဋ္ဌာန်းတဲ့ ဥပဒေတွေဖြစ်အောင် ကြိုးစားဆောင်ရွက်သွားကြဖို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက တိုက်တွန်းလိုက်ပါတယ်။

IMG_9254 copy မြန်မာနိုင်ငံမှာ နိုင်ငံရေးလှုပ်ရှားသူတွေ အများအပြား ဖမ်းဆီးတရားစွဲဆို ထောင်ချရလေ့ရှိတဲ့  ပုဒ်မ ၁၈ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ကို ချိုးဖောက်မှု အပါဝင်   ဒီမိုကရေစီစနစ်နဲ့ မကိုက်ညီတဲ့ မတရားတဲ့ ဥပဒေများ ပယ်ဖျက်၊ ပြင်ဆင်ရေး၊ ဥပဒေနှင့် မလျော်ညီတဲ့  ဖိနှိပ်ညှဉ်းပန်းမှုတွေ ရပ်တန့်ရေးအတွက် ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းက ဒီကနေ့ ညနေ ၃ နာရီက ဆန္ဒပြခဲ့ကြတာပါ။

 ဒီဆန္ဒပြပွဲမှာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင် ဦးကိုကိုကြီးက မြန်မာနိုင်ငံအတွင်းက မတရားတဲ့ ဥပဒေတွေနဲ့ ပတ်သက်ပြီး အခုလို ပြောကြားခဲ့တာပါ။

 “ကျနော်တို့ ဖြတ်သန်းလာခဲ့တာက ဥပဒေဆိုတာ အပေါ်က ကျကျလာတာ။ အုပ်ချုပ်တဲ့သူက ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ဆိုရင် ကျနော်တို့က ဘာမှန်းမသိဘဲ လိုက်နာရတယ်။ အဲတော့ ကျနော်တို့ နောက်နောင်မှာ ကျနော်တို့ နိုင်ငံ၊ ကျနော်တို့ လူ့အဖွဲ့အစည်းမှာ ဥပဒေဆိုတာ ပြည်သူတွေကတဆင့် ပြဋ္ဌာန်းတဲ့ ဥပဒေတွေဖြစ်အောင် ကြိုးစားကြရမယ်။”

ဒါ့အပြင် အခုချိန်မှာ မြန်မာနိုင်ငံဟာ ပွင့်လင်းလာပြီ ဖြစ်ပေမယ့် စိတ်ချရတဲ့ အခြေအနေ မရောက်သေးဘူးလို့ ဆိုပါတယ်။

 “ကျနော်တို့ ပွင့်လင်းလာတယ်ဆိုပေမယ့် စိတ်ချရတဲ့ အခြေအနေ မဟုတ်သေးဘူး။ ဒီနေ့ နည်းနည်း ပွင့်လင်းလာတဲ့ အခြေအနေကို စိတ်ချရတဲ့ အခြေအနေရောက်ဖို့ဆိုတာ အားလုံးအပေါ်မှာ တည်တယ်။ ကျနော်တို့ နိုင်ငံသားတွေဟာ လွတ်လပ်ခွင့်နဲ့ ထိုက်တန်တဲ့ နိုင်ငံသားတွေ ဖြစ်တယ်ဆိုတာ ကျနော်တို့ ကိုယ်တိုင်က ပြသဖို့ လိုတယ်။ ကျနော်တို့ကို အမိန့်အာဏာတွေနဲ့ ခြိမ်းခြောက်စရာမလိုဘူး။ ကျနော်တို့ဟာ အသိတရားမြင့်မားတဲ့ လူမျိုးတွေဖြစ်တယ်။ ကျနော်တို့ အခွင့်အရေးကို ထိုက်ထိုက်တန်တန် အသုံးချနိုင်တဲ့သူတွေဖြစ်တယ်ဆိုတာ ပြသဖို့လိုတယ်။”

 ဒီနေ့ ဆန္ဒပြတဲ့ ရည်ရွယ်ချက်ကိုလည်း ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးကျော်ကျော်ထွေး ခေါ် ဦးမာကီးက အခုလိုပြောပါတယ်။

 “အဓိက ရည်ရွယ်ချက်ကတော့ ပုဒ်မ ၁၈ ကို ဖျက်သိမ်းဖို့တင် မဟုတ်ပါဘူး။ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွတ်မြောက်ဖို့၊ ဒီမိုကရေစီ ခေတ်စနစ်နဲ့ မကိုက်ညီတဲ့ ဥပဒေတွေ၊ လူ့အခွင့်အရေးချိုးဖောက်တဲ့ ဥပဒေတွေကို ဖျက်သိမ်းပေးဖို့။ ဘာလို့လဲဆိုတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွေက စစ်အစိုးရလက်ထက်မှာ မြစ်ဖျားခံခဲ့တယ်။ စစ်အစိုးရလက်ထက်မှာ သူတို့ အာဏာတည်မြဲဖို့ သူတို့ လိုသလိုဆွဲထားတဲ့ပုဒ်မတွေဟာ ဒီဘက် အစိုးရလက်ထက်မှာ မရှိသင့်တော့ဘူး။ အဲဒါကို ပြည်သူတွေ သိစေချင်လို့ ကျနော်တို့ ဆန္ဒ ပြရခြင်းဖြစ်ပါတယ်။”

 ၈၈ မျိုးဆက်ခေါင်းဆောင် တဦးဖြစ်တဲ့ ဒေါ်မီးမီးကလည်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသွင်းကူးပြောင်းရေးကို သွားနေပေမယ့် ဖိနှိပ်မှုတွေ ရှိနေဆဲပဲလို့  ပြောကြားသွားပါတယ်။

 “နိုင်ငံသားအခွင့်အရေးကို ဖိနှိပ်ချုပ်ချယ်တဲ့ မည်သည့်လုပ်ရပ်မျိုးကိုမဆို၊ မည်သည့်ပုဒ်မမျိုးမဆို ဆက်လက်ပြီး ဆန့်ကျင်သွားမယ်။ ဒီမိုကရေစီ အသွင်းပြောင်းမှုကို ကြုံတွေ့နေရတဲ့ ကျမတို့ တိုင်းပြည်မှာ အခုချိန်ထိ ဖိနှိပ်မှုတွေ ဖြစ်နေပါတယ်။ ဆန္ဒပြမှုဆိုတာ ဒီမိုကရေစီနဲ့ မစိမ်းပါဘူး။ ဒီမိုကရေစီနိုင်ငံမှာ ဆန္ဒပြမှုတွေဟာ အမြဲတမ်း ရှိနေဦးမှာပဲ။ ဆန္ဒပြတဲ့ ပြည်သူပြည်သားတွေကို နည်းမျိုးစုံနဲ့ သူတို့ထုတ်ပြန်ထားတဲ့ တည်ဆဲဥပဒေဆိုတဲ့ ဥပဒေတွေကို လက်တလုံးခြား အသုံးပြုပြီး နိုင်ငံသူနိုင်ငံသားတွေကို ဆက်လက်ဖမ်းဆီးမှု မပြုဖို့ ပြောချင်ပါတယ်။”

 ဒီနေ့ ဆန္ဒပြပွဲကို မဟာဗန္ဓုလပန်းခြံထောင့်နဲ့ ဧမာနွေလ အနီးမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ တရားဝင် ပထမဆုံးအကြိမ် ဆန္ဒပြတာဖြစ်ပြီး လူ ၂၀၀ သာ ခွင့်ပြုချက်ရရှိတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဒီနေ့ ဆန္ဒပြပွဲကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ ပြည်သူတွေအပါအ၀င် လူပေါင်း ၁၀၀၀ လောက် တက်ရောက်ခဲ့ကြပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013