
လူသစ်သင်္ဘောသား အမျိုးသား၊ အမျိုးသမီးတွေကို သင်္ဘောသား မြန်မာနိုင်ငံကူးလက်မှတ် (PS) အမျိုးအစား ပတ်စ်ပို့နဲ့ ပြည်ပထွက်ခွင့် မပေးတော့ဘူးလို့ စစ်အာဏာရှင်အစိုးရက စက်တင်ဘာ ၃ ရက်မှာ ကြေညာပါတယ်။
သင်္ဘောသားတွေအတွက် ခွင့်ပြုထုတ်ပေးထားတဲ့ PS အမျိုးအစားပတ်စ်ပို့ ကိုင်ဆောင်ထားသူ တွေမှာ သတ်မှတ်ချက်နဲ့ ကိုက်ညီမှု မရှိတဲ့ အခြေအနေတွေ ကြုံနေရတာကြောင့်လို့ဆိုကာ လူသစ် သင်္ဘောသားတွေကို စက်တင်ဘာ ၁၅ ရက်ကစပြီး ပြည်ပအလည်ထွက်ခွင့် ပေးတော့မှာ မဟုတ်ကြောင်း ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ သင်္ဘောသားဌာနခွဲက အသိပေး ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
အခုလို ကန့်သတ်တာကို အကြောင်းပြချက် ပေးထားပေမဲ့ အဓိကရည်ရွယ်ချက်မှာ လူငယ် သင်္ဘောသားအသစ်တွေ ပြည်ပဆက်မထွက်ဖို့အတွက်လို့ မြင်ကြောင်း လက်ရှိ သင်္ဘောလိုက်နေသူ တယောက်က ပြောပါတယ်။
“သူတို့ရဲ့ ပြည်ပထွက်ခွင့် တရစ်ချင်းကျပ်တဲ့ အစီအစဥ်ထဲက တခုလို့ပဲ မြင်တယ်။ ကိုယ့်နိုင်ငံသား သင်္ဘောသားတွေက သူတို့ခွင့်ပြုထားတဲ့ လိုင်စင်ရလိုင်းက ထွက်ပြီး ဒုက္ခရောက်တော့ရော ဘာလုပ် ပေးနိုင်လို့လဲ။”
အဲဒီ PS ပတ်စ်ပို့ ကိုင်ဆောင်ထားသူတွေက အလည်အပတ်ထွက်စာရယူပြီး ဌာနမှာ တရားဝင် လိုင်စင် မယူထားတဲ့ ပြည်ပကကုမ္ပဏီ၊ ကြားခံပွဲစားတွေနဲ့ ချိတ်ဆက်လိုက်ပါနေတာကနေ ပြဿနာ ဖြစ်ပွားမှုတွေ ရှိနေတာကြောင့်လို့ စစ်အာဏာရှင်အစိုးရရဲ့ ရေကြောင်းပို့ဆောင်ရေးဦးစီးဌာနက ဆိုပါတယ်။
သင်္ဘောမလိုက်ရဘဲ ပင်လယ်ကွေ့နိုင်ငံတွေက လုပ်ငန်းခွင်ထဲ ရောက်သွားတာ၊ ခွင့်မပြုထားတဲ့ ငါးဖမ်းသင်္ဘောတွေပေါ် ခေါ်ယူစေလွှတ်ခံရတာ၊ ခိုင်မာတဲ့စာချုပ်မရှိဘဲ လုပ်ကိုင်တဲ့အတွက် လုပ်ခ အပြည့်မရတာအပြင် မှောင်ခိုပစ္စည်းတင်တဲ့ သင်္ဘောပေါ် လိုက်ပါရလို့ ပြည်ပမှာ ဖမ်းဆီး ခံရတာစတဲ့ဖြစ်ရပ်တွေ ရှိနေတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီလိုအခြေအနေတွေကြောင့် သင်္ဘောသား လူသစ် ယောကျ်ား၊ မိန်းကလေးတွေ ပြည်ပကို ထွက်ခွာဖို့ရှိရင် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ဆီမှာ PS ပတ်စ်ပို့အစား PV ပတ်စ်ပို့ ပြောင်းလဲကိုင်ဆောင် ထွက်ခွာရမှာဖြစ်တယ်လို့ အသိပေးထားတာ ဖြစ်ပါတယ်။











