DVB Logo
Home
နိုင်ငံတကာ
ယူကရိန်းပန်းခြံကို ရုရှား ဒရုန်းတိုက်ခိုက်မှုကြောင့် ကလေး ၃ ဦးအပါအဝင် ၆ ဦး သေဆုံး
DVB
·
October 20, 2026
Photo: Ukrainian Minister of Internal Affairs
Photo: Ukrainian Minister of Internal Affairs
Donate to DVB

ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်း၊ ခါကိဗ်ဒေသရှိ နိုဗာဗိုဒိုလာဟာမြို့နယ်က ပန်းခြံတခုအတွင်းကို အောက်တိုဘာ ၁၉ ရက် ညနေ ၄ နာရီခွဲလောက်မှာ ရုရှားရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ကလေး ၃ ယောက် အပါအဝင် လူ ၆ ယောက် သေဆုံးခဲ့တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ပြောပါတယ်။

ဇလန်းစကီးက ဒီတိုက်ခိုက်မှုကို “အထိန်းအကွပ်မရှိတဲ့ ရက်စက်ယုတ်မာမှု”လို့ ခေါ်ဆိုခဲ့ပါတယ်။ ကလေးတွန်းလှည်းထဲမှာရှိတဲ့ အသက် ၁ နှစ်ကျော်အရွယ် မိန်းကလေးငယ်တယောက်၊ ဆေးရုံမှာ သေဆုံးသွားခဲ့တဲ့ အဲဒီကလေးရဲ့ မိခင်ဖြစ်သူနဲ့ အသက် ၁၁ နှစ်အရွယ် မိန်းကလေးငယ်တယောက်တို့ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

ခါကိဗ်ဒေသ ရဲစခန်း အမှတ် ၃ စခန်းမှူး ယူရီ ယူးချန်ကိုရဲ့ ပြောကြားချက်အရ မိခင်တွေနဲ့ ကလေးတွေ အပန်းဖြေနေကြချိန်မှာ ဂျက်အင်ဂျင်သုံး ရှာဟဒ်ဒရုန်းဟာ ပန်းခြံဧရိယာကို ထိမှန်ခဲ့တာ ဖြစ်ပါတယ်။

ကလေးတွေနဲ့ လူအများ စုဝေးလေ့ရှိတဲ့ ကဖေးဆိုင် ဝရန်တာနဲ့ ရေပန်းအနီး ပန်းခြံရဲ့ ဗဟိုနေရာကို တိုက်ရိုက်ထိမှန်ခဲ့တာကြောင့် အခင်းဖြစ်နေရာမှာ ၂ ယောက်နဲ့ ဆေးရုံရောက်မှ ၄ ယောက်၊ စုစုပေါင်း ၆ ယောက် သေဆုံးခဲ့ရတာပါ။

ဒါ့အပြင် ကလေး ၇ ယောက် အပါအဝင် ၁၅ ယောက် ဒဏ်ရာရရှိခဲ့ပြီး အဲဒီအထဲက ကလေး ၂ ယောက်မှာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတာကြောင့် ဆရာဝန်တွေ အသက်လု ကယ်တင်နေရတယ်လို့လည်း စခန်းမှူးက ဆက်လက်ပြောပါတယ်။

မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်အရ အဲဒီ ရှာဟဒ်ဒရုန်းဟာ မတိုက်ခိုက်ခင် ကျေးရွာအထက်မှာ ၂ ကြိမ်တိုင်တိုင် ဝဲပျံခဲ့တာကြောင့် ဒီတိုက်ခိုက်မှုဟာ အရပ်သားတွေကို သီးသန့် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့လည်း ရဲစခန်းမှူးက သုံးသပ် ပြောဆိုခဲ့ပါတယ်။

ရိုက်တာသတင်းဌာနရဲ့ ရိုက်ကူးချက်တွေအရ ပျက်စီးသွားတဲ့ ကဖေးဆိုင် ဝရန်တာ၊ ပေါက်ကွဲမှုကြောင့် စုတ်ပြဲသွားတဲ့ ကလေးကစားစရာ ထရမ်ပိုလင်းနဲ့ သွေးစွန်းနေတဲ့ စားပွဲ၊ ကုလားထိုင်တွေကို တွေ့မြင်ခဲ့ရပြီး ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ စုံစမ်းစစ်ဆေးသူတွေက အခင်းဖြစ်ပွားရာနေရာမှာ လိုအပ်တာတွေ ဆက်လက် ဆောင်ရွက်ခဲ့ကြပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013