DVB Logo
Home
မြန်မာသတင်း
ကချင်၊ ချင်း၊ ရခိုင်၊ ရှမ်းပြည်နယ်တို့မှ လူဦးရေ ၃၇၀,၀၀၀ ကျော်ကို အီးယူက ယူရို ၄ သန်းဖိုး စားနပ်ရိက္ခာ ထောက်ပံ့
DVB
·
October 29, 2021
ကချင်၊ ချင်း၊ ရခိုင်၊ ရှမ်းပြည်နယ်တို့မှ လူဦးရေ ၃၇၀,၀၀၀ ကျော်ကို အီးယူက ယူရို ၄ သန်းဖိုး စားနပ်ရိက္ခာ ထောက်ပံ့
1 / 3
Donate to DVB

ကချင်၊ ချင်း၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တွေက လူဦးရေပေါင်း ၃၇၀,၀၀၀ ကျော်အတွက်  ဥရောပသမဂ္ဂ(အီးယူ)က ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)ကနေတဆင့် ယူရိုငွေ ၄ သန်း လှူဒါန်းခဲ့ပြီး  အသက်ကယ်စားနပ်ရိက္ခာနဲ့ အာဟာရ အ‌ထောက်အပံ့ တွေ ပေးအပ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဥရောပသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့(ECHO)က တဆင့် ပံ့ပိုးကူညီတဲ့ အဲဒီရန်ပုံငွေတွေဟာ ပဋိပက္ခဒဏ်၊ နိုင်ငံရေး မငြိမ်သက်မှုတွေနဲ့ အတူ ကိုဗစ်-၁၉ ကပ်ရောဂါရဲ့ လူမှုစီးပွားဆိုင်ရာ အကျိုးသက်ရောက်မှုစတဲ့ ရိုက်ခတ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံရဲ့ အခက်အခဲဆုံးအချိန်မှာ ရောက်ရှိလာခဲ့တာလို့ ဆိုပါတယ်။

“မြန်မာနိုင်ငံရဲ့ စားနပ်ရိက္ခာအခြေအနေဟာ ပြီးခဲ့တဲ့နှစ်ကစပြီး တော်တော်လေး ဆိုးဝါး လာပါတယ်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းတွေကို အကောင်အထည် ဖော်ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေအတွက် ထိခိုက်လွယ်သူတွေဆီ သွားရောက်ကူ ညီခွင့်ရရှိမှုအပိုင်းမှာ အခက်အခဲတွေပိုမိုများပြားလာနေပေမယ့် အခု EU ရဲ့  ပံ့ပိုးမှုကြောင့် WFP အနေနဲ့ မြန်မာနိုင်ငံအတွင်းမှာ စားနပ်ရိက္ခာအကူအညီလိုအပ်နေတဲ့သူတွေကို ကူညီ ရာမှာ ပိုမိုအားကောင်းလာစေသလို ကူညီဖို့ အသင့်ဖြစ်နိုင်စွမ်းကိုလည်း မြှင့်တင်ပေး နိုင်ပါလိမ့်မယ်။”လို့ မြန်မာနိုင်ငံအခြေစိုက် အီးယူလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများဆိုင်ရာ အကြီးအကဲ လူစီဗာနာက ပြောပါတယ်။

လတ်တလော စောင့်ကြည့်လေ့လာချက်တွေအရ မြန်မာနိုင်ငံက မြို့ပြနဲ့ နယ်စပ်ဒေသ ၂ ခု လုံးက ထိခိုက်လွယ်တဲ့ မိသားစုဝင်တွေဟာ အခုလက်ရှိဖြစ်ပွားနေတဲ့ ဘေးဒဏ်အမျိုး မျိုးကို ပိုမိုထိခိုက်ခံစားနေရပြီး အများစုဟာ ဝမ်းရေးကိစ္စအတွက်ကိုတောင် အစား လျှော့စားတာ၊ ငွေချေးငှားရတာ၊ မိမိတို့ပိုင်ဆိုင်မှုတွေကို ရောင်းချရတာတွေထိ လုပ် ဆောင်နေကြရတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်( WFP)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် စတီဖင်အန်ဒါဆန်က “စားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်လာတာနဲ့ ဝင်ငွေအခွင့်အလမ်းတွေ လျော့နည်းလာတာတွေကြောင့် အခုဆိုရင် မြန်မာနိုင်ငံ တဝန်းမှာ စားနပ်ရိက္ခာအခက်အခဲတွေဟာ တခါမှမကြုံဖူးတဲ့အခြေအနေကို ရောက်ရှိနေပြီး မိသားစုထမင်းဝိုင်းအတွက် နေ့စဉ်အစားအစာရရှိဖို့ကိုတောင် တော်တော်လေး ရုန်းကန်နေကြရပါတယ်။ ထိခိုက်လွယ်သူတွေ အလွန်လိုအပ်နေတဲ့ စားနပ်ရိက္ခာ အကူအညီတွေကို ထောက်ပံ့ပေးနိုင်ဖို့ အချိန်မီ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ပံ့ပိုးပေးတဲ့ ဥရောပသမဂ္ဂကို ကျနော်တို့အနေနဲ့ အထူးပဲ ကျေးဇူးတင်ရှိပါတယ်”လို့ ပြောပါ တယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်ကောင်စီက မတရားအာဏာသိမ်းယူထားခဲ့တာ ၉ လနီးပါး ကြာမြင့်ခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုတွေမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ကျဆုံးရသူတွေ၊ ဖမ်းဆီးထောင်ချခံရသူ တွေနဲ့အတူ နိုင်ငံအဝန်း တောရောမြို့ပါမကျန် ဒေသခံပြည်သူ့ကာ ကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြားတိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။

စားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်လာနေတာရယ်၊ စက်ရုံအလုပ်ရုံတွေ ဆောက် လုပ်ရေးလုပ်ငန်းတွေနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ ရပ်ဆိုင်းရတဲ့နောက်မှာ အလုပ်လက်မဲ့ တွေ တိုးပွားလာနေတာရယ်၊ ကိုဗစ် ရောဂါကူးစက်မူတွေကြောင့် စီးပွားရေးကျဆင်းမှု ပိုမို ဆိုးရွားလာနေပြီးတော့ လူမှုဘဝ အကျပ်အတည်းတွေ ပိုဆိုးလာနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံစီးပွားရေးအခြေအနေဟာ ပြီးခဲ့တဲ့  ၂၀၂၀ ပြည့်နှစ်ကတည်းက ကို ဗစ်-၁၉ ကပ် ဘေးကြောင့် ဆိုးဆိုးရွားရွား ထိခိုက်ခံစားခဲ့ရပြီးသား ဖြစ်နေတယ်လို့ WFP ကပြောပါတယ်။

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်( WFP)က ထုတ်ပြန်ခဲ့တဲ့ မြန်မာ့စား နပ်ရိက္ခာ သုံးသပ်ချက်စာတမ်းမှာတော့ မြန်မာနိုင်ငံတွင်းမှာ လူဦးရေ ၃ သန်းခွဲ လောက်ဟာ အငတ်ဘေးနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ သတိပေးပြောဆိုထားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013