DVB Logo
Home
မြန်မာသတင်း
အာဆီယံထိပ်သီးအစည်းအဝေးဂယက် မြန်မာ-အာဆီယံ ကုန်သွယ်စီးပွားရေးအပေါ် ရိုက်ခတ်မှုရှိ ရှိနိုင်မလား
DVB
·
October 29, 2021
အာဆီယံထိပ်သီးအစည်းအဝေးဂယက် မြန်မာ-အာဆီယံ ကုန်သွယ်စီးပွားရေးအပေါ် ရိုက်ခတ်မှုရှိ ရှိနိုင်မလား
Donate to DVB

အာဆီယံဒေသတွင်းနိုင်ငံတွေက လက်ရှိအာဏာသိမ်းထားတဲ့ စစ်ကောင်စီခေါင်းဆောင်ကို အသိအမှတ် မပြုတာဟာ  မြန်မာနဲ့အာဆီယံအကြား အပြန်အလှန်ကုန်သွယ်မှုနဲ့ ရင်းနှီးမြုပ်နှံမှုလုပ်ငန်းတွေအပေါ် သက်ရောက်မှုရှိနိုင်မယ်လို့ စီးပွားရေး သုတေသီတွေက ထောက်ပြပြောဆိုလိုက်ပါတယ်။

ဘရူနိုင်းနိုင်ငံက အိမ်ရှင်အဖြစ်စီစဉ်ကျင်းပတဲ့ အာဆီယံ ထပ်သီးအစည်းအဝေးနဲ့ ဆက်စပ်ထိပ်သီးအစည်းအဝေးတွေကို အောက်တိုဘာ ၂၆ ကနေ ၂၈ ရက်အထိ ၃ ရက်ကြာကျင်းပပြီးစီးသွားတာဖြစ်ပါတယ်။

ထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံက အာဏာသိမ်းစစ်ခေါင်းဆောင်ကို မဖိတ်ခေါ်ဘဲ ချန်လှပ်ထားခဲ့ပြီး သူ့အစား နိုင်ငံရေးနယ်ပယ်က မဟုတ်သူကိုသာတက်ရောက်ခွင့်ပြုမယ်လို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ဆုံးဖြတ်ခဲ့ကြပါတယ်။

နိုင်ငံရေးအရ အရေးပါတဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံ နိုင်ငံကိုယ်စားပြုသူတစ်ယောက်မှာ တက်ရောက်ခဲ့ခြင်းမရှိတာဟာ မြန်မာနိုင်ငံအတွက် စီးပွားရေးအရ ဘယ်လောက် ထိခိုက်မှုရှိစေနိုင်မှာပါလဲ။

စီးပွားရေးသုတေသီတဦးကတော့ “နိုင်ငံရေးခေါင်းဆောင်မှု အပိုင်းမှာ အသိအမှတ်မပြုနိုင်ဘူးပေါ့နော်။ ဆိုလိုတာက စစ်ကောင်စီခေါင်းဆောင်က မြန်မာနိုင်ငံအတွက် ကိုယ်စားမပြုတာကြောင့် သူတို့ မဖိတ်ကြားတာပေါ့။ ဒါကြောင့် သူတို့က Political နိုင်ငံရေးအရ အသိအမှတ်မပြုဘူး။ Non-Political ကိုပဲ အသိအမှတ်ပြုတယ်ဆိုပြီးတော့လေ။ ဒါပေမဲ့ Bureaucrat အချင်းချင်းတော့ ဆက်ဖွင့်ပေးထားတယ်။ ဒါကြောင့် ဌာနဆိုင်ရာ အစည်းအဝေးတွေမှာတော့ ဖိတ်တယ်ပေါ့နော်။ ဒါပေမဲ့  နိုင်ငံတနိုင်ငံမှာ နိုင်ငံရေးအရ အသိအမှတ်ပြုဖို့က အရမ်းအရေးကြီးတယ်။ ဘာလို့အရေးကြီးလဲဆိုတော့ အာဆီယံထဲမှာ မိတ်ဖက်အဖွဲ့ အစည်းတွေ ရှိသေးတယ်။ ဒီလို ထိပ်သီးတွေနဲ့ ဆွေးနွေးတဲ့အခါ ကိုယ်က ကိုယ်စားမပြုနိုင်တဲ့အခါ ကိုယ့်နိုင်ငံအတွက် အကျိုးစီးပွားကတော့ ထိခိုက်သွားမှာဘဲ။ ပြီးတော့ အာဆီယံက ကျနော်တို့အတွက် ကုန်သွယ်မှုရော၊ရင်းနှီးမြုပ်နှံမှုရောက အရေးကြီးတဲ့အုပ်စုလေ။ အဲ့တော့ သူ့အစည်းအဝေးတွေထဲမှာ ကျနော်တို့ မတက်ရဘူးဆိုရင် ဒါက နာမည်ပျက်သွား ပြီပေါ့ဗျာ။ နာမည်ပျက်သွားပြီဆိုရင် ကုန်သွယ်မှုနဲ့စျေးကွက်ချဲ့မှုတွေအတွက်က ခက်သွားပြီလေ” လို့ ပြောပါတယ်။

နိုင်ငံရေး၊စီးပွားရေးလေ့လာသုံးသပ်သူတဦးကလည်း “အာဆီယံရဲ့အိုင်ဒီယာက (ASEAN+3) ဆိုပါစို့။ အာဆီယံ အပေါင်း (တရုတ်၊အမေရိကန်၊ တခြားနိုင်ငံကြီးတွေလည်း ပါတယ်လေ။ ဒါက သူရဲ့အခြေခံအိုင်ဒီယာပေါ့နော်။ အဲ့တော့ အဲ့ဒီ့အစည်းအဝေးကြီးတွေထဲမှာ ကိုယ်က တက်ခွင့်မရဘူး ဆိုရင် အဲ့ဒီ့နိုင်ငံကြီးတွေက ခေါင်းဆောင်ကြီးတွေနဲ့ တွေ့ခွင့်မရတော့ဘူးပေါ့။ ဆိုတော့ ဒီလို နစ်နာမှုတော့ ရှိတာပေါ့နော်။ ပြီးတော့ မကြာသေးခင်ကပဲ အာဆီယံမှာ RCEP (Regional Comprehensive Economic Partnership) ဆိုတာရှိတယ်။ ဆိုတော့ ဒါက ဒေသတွင်းမှာ လွတ်လပ်စွာကုန်ကူးသန်းရောင်းဝယ်ခွင့်နဲ့ပတ်သတ်တဲ့ စာချုပ်ပေါ့။ ဒီစာချုပ်ကလည်း ကိုဗစ်ဖြစ်တော့ ကောင်းကောင်း အကောင်အထည်မဖော်ရသေးဘူး။ အကောင်အထည်မဖော်ရသေးဘူးဆိုတော့ ဒါတွေက ရှေ့လျှောက်ဆွေးနွေးမယ်၊ လုပ်ကြမယ်ဆိုတဲ့နေရာမှာ ကျနော်တို့က ခပ်ဖယ်ဖယ်နေကြမယ်ဆိုရင်တော့ နစ်နာစရာတွေရှိတာပေါ့ဗျာ။ ပြီးတော့ အာဆီယံထဲမှာ ဒေသတွင်း ကိုယ့်နိုင်ငံအချင်းချင်း ပြန်တံခါးဖွင့်ကြဖို့ ဆိုပြီး ပြောနေတာရှိတယ်။ အထူးသဖြင့် ဒါကို ထိုင်းဝန်ကြီးချုပ်ကပြောတာ။ ဆိုလိုတာက အာဆီယံတခုလုံးပေါင်းရင် လူဦးရေ သန်း ၆၀၀ ကျော်ရှိတယ်။ အဲ့တော့ ကမ္ဘာ့စီးပွားရေးကြီး မဖွင့်သေးရင်တောင် အာဆီယံအချင်းချင်း ဧည့်သည်တွေ သွားကြမယ်၊လည်ကြမယ်၊ စီးပွားရေးလုပ်ကြမယ်ဆိုရင် မသေးဘူးပေါ့နော်။ အဲ့တော့ တချို့ကလည်း မြှောက်ပေးနေတဲ့သူလည်း ရှိတယ်။ အာဆီယံထဲက ထွက်လိုက်တော့ ဘာဖြစ်လဲဆိုပြီးပေါ့နော်။ ဆိုတော့ ကျနော်ထင်တယ်။ ဒါက လက်တွေ့မကျဘူး” လို့ပြောပါတယ်။

ပြီးခဲ့တဲ့ ၃ ရက်အတွင်းမှာ အာဆီယံနဲ့ မိတ်ဖက်နိုင်ငံတွေဖြစ်တဲ့  အမေရိကန်၊ ဩစတြေးလျ၊ တောင်ကိုရီးယား၊ ဂျပန်၊ ရုရှား၊ အိန္ဒိယ စတဲ့ နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့လည်း သီးခြားထိပ်သီးအစည်းအဝေးတွေကျင်းပခဲ့ပါတယ်။

ဒီအစည်းအဝေးတွေမှာ စီးပွားရေးနဲ့ နိုင်ငံရေးကိစ္စတွေအပြင်  အာဆီယံနိုင်ငံတွေအားလုံးမှာ ကြုံတွေ့နေရတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ ကပ်ဘေးအလွန် ပြန်လည်ထူထောင်ရေးအခြေအနေတွေ၊ ရာသီဥတုပြောင်းလဲမှု၊ တောင်တရုတ်ပင်လယ်အရေး၊ ဒေသတွင်းငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးတိုးမြှင့်ဖို့ နည်းလမ်းတွေနဲ့ မြန်မာနိုင်ငံ အခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်။ 

အာဆီယံ ထိပ်သီးအစည်းအဝေးအပြီးထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံမှာ နိုင်ငံခြားသားတွေအပါအဝင် နိုင်ငံရေးအရ ဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို လိုက်နာ အကောင်အထည်ဖော်ဖို့ အာဆီယံက တောင်းဆိုထားပါတယ်။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013