
ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ စက်တင်ဘာ ၂၈ ရက်က စစ်အာဏာရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူ အယောက် ၅၀ လောက် အစုလိုက် သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကို ကန့်ကွက်ရှုတ်ချကြောင်း တော်လှန်ရေးနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက စက်တင်ဘာ ၂၉ ရက်မှာ အသီးသီးထုတ်ပြန်ပါတယ်။
ရက္ခိုင့်ပြည်ကျောင်းသားသမဂ္ဂ (Arakan Students' Union)၊ ယောကာကွယ်ရေးတပ် (YDF) နဲ့ Blossom Future (BF) အဖွဲ့တို့က ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့ကြပြီး ဒီတိုက်ခိုက်မှုဟာ ဂျီနီဗာကွန်ဗင်းရှင်းနဲ့ ရောမစာချုပ်ပါ စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါ့အပြင် စစ်အာဏာရှပ်တပ်ထံ လေယာဉ်ဆီနဲ့ လက်နက်တင်ပို့ရောင်းချနေတာတွေကို ချက်ချင်းရပ်ဆိုင်းဖို့၊ မြန်မာ့အရေးကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ကို လွှဲပြောင်းပေးဖို့နဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် ကူညီကယ်ဆယ်ရေးရန်ပုံငွေတွေကို အရပ်ဘက်အဖွဲ့အစည်းတွေထံ တိုက်ရိုက်ထောက်ပံ့ပေးဖို့ ကုလသမဂ္ဂနဲ့ အာဆီယံ အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းကိုလည်း ထုတ်ပြန် တောင်းဆိုထားပါတယ်။










