DVB Logo
Home
မြန်မာသတင်း
မြန်မာမပါသည့် အာဆီယံထိပ်သီးအစည်းအဝေးပြီးဆုံး၊ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ် ရန်တောင်းဆို
DVB
·
October 28, 2021
မြန်မာမပါသည့် အာဆီယံထိပ်သီးအစည်းအဝေးပြီးဆုံး၊ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ် ရန်တောင်းဆို
Donate to DVB

မြန်မာနိုင်ငံမှာ နိုင်ငံခြားသားတွေအပါအဝင် နိုင်ငံရေးအရ ဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို လိုက်နာ အကောင်အထည်ဖော်ဖို့ အာဆီယံက တောင်းဆိုလိုက်ပါတယ်။  

၃၈ ကြိမ်မြောက်နဲ့ ၂၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို   အောက်တိုဘာ ၂၆ ရက်ကနေ ၂၈ ရက်အထိ ၃ ရက်ကြာ ကျင်းပပြီးစီးသွားပြီးနောက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌက ကြေညာချက် ထုတ်ပြန် တောင်း ဆိုလိုက်တာပါ။

ဒီအစည်းအဝေးမှာ မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်ကို အာဆီယံကမဖိတ်ခေါ်ပဲ ကျင်းပခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံ အာဆီယံအဖွဲ့ဝင်စဖြစ်ခဲ့တဲ့ ၁၉၉၇ ခုနှစ်ကတည်းက မြန်မာကိုယ်စားလှယ်မပါဘဲ ပထမဆုံးအကြိမ် ကျင်းပတဲ့ ထိပ်သီး အစည်းအဝေးလည်း ဖြစ်ပါတယ်။

ဒီအစည်းအဝေးမှာ အာဆီယံခေါင်းဆောင်တွေက မြန်မာနိုင်ငံရဲ့ လတ်တလောဖြစ်ပေါ်တိုးတက်မှု အခြေအနေတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ပြီး အသေအပျောက်နဲ့ အကြမ်းဖက်မှု သတင်းတွေနဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်တဲ့ အကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြတယ်။ 

နိုင်ငံခြားသားတွေ အပါအဝင် နိုင်ငံရေးအရ ထိန်းသိမ်းထားသူအားလုံးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပြီး အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို လိုက်နာကာ အချိန်မီ အပြည့်အဝ အကောင်အထည်ဖော်ဖို့ တောင်းဆိုပါတယ်။

ဒါ့အပြင်အာဆီယံ အထူးကိုယ်စားလှယ်အနေနဲ့ တွေ့ဆုံဆွေးနွေးရေးလုပ်ငန်းစဉ်တွေ၊ လူသားချင်းစာနာမှု အကူအညီပေးရေးကိစ္စတွေကို ကြားဝင်ညှိနှိုင်းဆောင်ရွက်ဖို့နဲ့ အထူးကိုယ်စားလှယ်နဲ့ အဖွဲ့ မြန်မာနိုင်ငံကို သွားရောက်ပြီး သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဖို့ အာဆီယံခေါင်းဆောင်တွေက တိုက်တွန်းပါတယ်။

ဒီအစည်းအဝေးမှာ အောက်တိုဘာ ၁၅ ရက်နေ့  အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးဆုံးဖြတ်ချက်အရ မြန်မာကိုယ်စားလှယ်အဖြစ် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မဖိတ်ဘဲ နိုင်ငံရေးနယ်ပယ်က မဟုတ်တဲ့ နိုင်ငံခြားရေးဌာန အမြဲတမ်းအတွင်းဝန်ကို အစည်းအဝေးတက်ဖို့ ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးဆုံးဖြတ်ချက်ကို အာဆီယံခေါင်းဆောင်တွေက ထပ်လောင်းပြီး အခိုင်အမာ သဘောတူခဲ့ကြတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဟာ အာဆီယံမိသားစုအဖွဲ့အဝင်အဖြစ် ဆက်ရှိနေပြီး မြန်မာနိုင်ငံဟာ ရှုပ်ထွေးများပြားလှတဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ အချိန်နဲ့ နိုင်ငံရေး အခြေအနေ နှစ်ခုစလုံးလိုအပ်နေတာကို အာဆီယံကအသိအမှတ်ပြုတယ်လို့ဆိုပါတယ်။ မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ အညီ ပုံမှန်အတိုင်းပြန်ဖြစ်ဖို့ မြန်မာရဲ့ ကြိုးစားအားထုတ်မှုတွေကို အာဆီယံအနေနဲ့ ဆက်လက်ပြီး ပံ့ပိုးကူညီသွားမယ်လို့လည်း အာဆီယံ ဥက္ကဋ္ဌရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ရက်တွေအတွင်းမှာ အာဆီယံနဲ့ မိတ်ဖက်နိုင်ငံတွေဖြစ်တဲ့  အမေရိကန်၊ ဩစတြေးလျ၊ တောင်ကိုရီးယား၊ ဂျပန်၊ ရုရှား၊ အိန္ဒိယ စတဲ့ နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့လည်း သီးခြားထိပ်သီးအစည်းအဝေးတွေကျင်းပခဲ့ပါတယ်။

ဒီအစည်းအဝေးမှာ အာဆီယံနိုင်ငံတွေအားလုံးမှာ ကြုံတွေ့နေရတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ ကပ်ဘေးအလွန် ပြန်လည်ထူထောင်ရေးအခြေအနေတွေ၊ ရာသီဥတုပြောင်းလဲမှု၊ တောင်တရုတ်ပင်လယ်အရေး၊ ဒေသတွင်းငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးတိုးမြှင့်ဖို့ နည်းလမ်းတွေနဲ့ မြန်မာနိုင်ငံ အခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်။ 

အစည်းအဝေးအပြီးမှာတော့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို ဘရူနိုင်းနိုင်ငံက ကမ္ဘောဒီးယားနိုင်ငံထံ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

Photo- ASEAN

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013