DVB Logo
Home
Lead Story
ဒီမိုကရေစီနှင့်မညီသည့် ဥပဒေများ ပယ်ဖျက်ပေးရေး ၈၈ ပွင့်လင်း ဆန္ဒပြ
DVB
·
January 5, 2014
ဒီမိုကရေစီနှင့်မညီသည့် ဥပဒေများ ပယ်ဖျက်ပေးရေး ၈၈ ပွင့်လင်း ဆန္ဒပြ
1 / 8
Donate to DVB

မြန်မာနိုင်ငံမှာ နိုင်ငံရေးလှုပ်ရှားသူတွေအများအပြား ဖမ်းဆီးတရားစွဲဆို ထောင်ချရလေ့ရှိတဲ့ ပုဒ်မ ၁၈ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ကို ချိုးဖောက်မှု အပါဝင် ဒီမိုကရေစီစနစ်နဲ့ မကိုက်ညီတဲ့ မတရားတဲ့ ဥပဒေများ ပယ်ဖျက်၊ ပြင်ဆင်ရေး၊ ဥပဒေနှင့် မလျော်ညီတဲ့ ဖိနှိပ်ညှဉ်းပန်းမှုတွေ ရပ်တန့်ရေးအတွက် ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းက ဒီကနေ့ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံအနီးမှာ ဆန္ဒပြနေကြပါတယ်။

တရားဝင် ပထမဆုံးအကြိမ် ဆန္ဒပြတာဖြစ်ပြီး လူ ၂၀၀ သာ ခွင့်ပြုချက်ရရှိတယ်လို့ဆိုပါတယ်။ ဒီနေ့ ဆန္ဒပြပွဲကို ၈၈ မျိုးဆက်ကျောင်း သားခေါင်းဆောင်တွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ ပါဝင်ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြရတဲ့ အကြောင်းရင်းနဲ့ပတ်သက်ပြီး ဦးဆောင်သူ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးကျော်ကျော်ထွေးခေါ် ဦးမာကီးကို ဒီဗွီဘီ သတင်းထောက် ကိုပီတာအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ ဘာကြောင့် ဆန္ဒပြကြတာလဲ။ ဆန္ဒပြခြင်းရဲ့ အဓိက ရည်ရွယ်ချက်ကို ပြောပြပေးပါ။

ဖြေ။ ။ “အဓိက ရည်ရွယ်ချက်ကတော့ ပုဒ်မ ၁၈ ကို ဖျက်သိမ်းဖို့တင် မဟုတ်ပါဘူး။ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွတ်မြောက်ဖို့၊ ဒီမိုကရေစီ ခေတ်စနစ်နဲ့ မကိုက်ညီတဲ့ ဥပဒေတွေ၊ လူ့အခွင့်အရေးချိုးဖောက်တဲ့ ဥပဒေတွေကို ဖျက်သိမ်းပေးဖို့။ ဘာလို့လဲဆိုတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွေက စစ်အစိုးရလက်ထက်မှာ မြစ်ဖျားခံခဲ့တယ်။ စစ်အစိုးရလက်ထက်မှာ သူတို့ အာဏာတည်မြဲဖို့ သူတို့ လိုသလိုဆွဲထားတဲ့ပုဒ်မတွေဟာ ဒီဘက် အစိုးရလက်ထက်မှာ မရှိသင့်တော့ဘူး။ အဲဒါကို ပြည်သူတွေ သိစေချင်လို့ ကျနော်တို့ ဆန္ဒ ပြရခြင်းဖြစ်ပါတယ်။”

“နောက်ပြီး တည်ဆဲ ဥပဒေတွေကို သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေဟာ လိုသလို အသုံးချပြီးတော့ နိုင်ငံရေးလှုပ်ရှားသူတွေ တက်ကြွလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေကို အရေးယူတာ၊ ဖိနှိပ်တာ၊ ထောင်ချတာတွေကို ရပ်တန်းကရပ်အောင် ပြည်သူတွေသိအောင်၊ သက်ဆိုင်ရာ လူတွေသိအောင် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ပါတယ်။”

မေး။ ။ ပုဒ်မ ၁၈ အပြင် နိုင်ငံရေးလှုပ်ရှားသူတွေကို ဖိနှိပ်နေတဲ့ မတရားတဲ့ ဥပဒေတွေထဲမှာ ဘယ်ဟာတွေကို ပယ်ဖျက်သင့်တယ်၊ ဘယ်ဟာတွေကို ပြင်သင့်တယ်လို့ ထင်လဲ။

ဖြေ။ ။ “ဥပမာ ပုဒ်မ ၅၀၅ တို့၊ ၅ ည တို့၊ ပုဒ်မ ၁၂၄ တို့၊ အဲဒါတွေက ကျနော်တို့ နိုင်ငံရေးသမားတွေကို အဓိက ဖမ်းဆီးတဲ့၊ ဖိနှိပ်တဲ့ အရေးယူတဲ့ ပုဒ်မတွေဖြစ်တယ်။ တချို့ပုဒ်မတွေ ဆိုရင် ရှိသင့် ရှိထိုက်တဲ့ ပုဒ်မတွေ ဖြစ်တယ်။ ဥပမာ ပုဒ်မ ၄၄၇ ပိုင်နက် ကျူးလွန်မှုတို့ဆို နိုင်ငံတိုင်းမှာလည်းရှိနေတယ်။ ရှိလည်းရှိသင့်တဲ့ ကိစ္စပဲ လို့ မြင်တယ်လေ။ ဒါပေမယ့် ဒီ ပုဒ်မတွေကို လယ်သမားတွေကို အရေးယူခဲ့တာရှိတယ်။ လယ်သမားတွေဟာ သူတို့ လယ်မြေကို သိမ်းခံထားရတယ်။ သိမ်းခံထားရတဲ့ လယ်မြေကို နှစ်ပေါင်းများစွာ ဘာမှ မလုပ်ပဲ ဒီအတိုင်း ပစ်ထားတဲ့ အခါမှာ သူတို့ လယ်မြေတွေ ပြန်ယူဖို့ သူတို့ အခွင့်အရေးအတွက် ကြိုးစားတဲ့ အခါမှာ ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲ ဆိုခဲ့တယ်။ အခုဆိုရင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံးလွှတ်ပေးတဲ့ အထဲမှာ ဒီလယ်သမားတွေ ဆို ရာနဲ့ချီပြီးကျန်နေခဲ့တယ်။ ဧရာဝတီ တိုင်းတခုတည်းမှာပဲ လယ်သမားဦးရေ ၄၀၀၊ ၅၀၀ လောက် ထောင်ချခံ ထားရတာတွေရှိတယ်။ တချို့ဆို လုံးဝပြန်မလွှတ်ဘူး။ အဲဒီ့လို တည်ဆဲ ဥပဒေတွေ ကို လိုသလို အသုံးချပြီး နိုင်ငံရေးလှုပ်ရှားသူတွေ ဖိနှိပ်တာမျိုး မဖြစ်စေချင်ဘူး။ ဒါတွေကို သက်ဆိုင်တဲ့ တာဝန်ရှိသူတွေသိအောင်၊ ပြည်သူတွေသိအောင် ထုတ်ဖော်တာပေါ့။”

မေး။ ။ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ပတ်သက်ပြီး တခြားနိုင်ငံတွေမှာလည်း ဒီလိုမျိုး ခွင့်ပြုချက်တောင်းပြီး ဆန္ဒပြတာပဲ။ မြန်မာနိုင်ငံမှာက လူတွေအမြောက်အမြား အဖမ်းခံရတယ်။ ဘယ်လိုမြင်လဲ။

ဖြေ။ ။ “ဆန္ဒပြခွင့်ကို ဒေသခံ မြို့နယ်အာဏာပိုင်တွေ လက်ထဲမှာထားတယ်။ လုံခြုံရေးအဖွဲ့ စခန်းမှူးတို့အဖွဲ့ လက်ထဲမှာထားတယ်။ သူတို့အနေနဲ့ ဆန္ဒပြပွဲတွေကြောင့် အလုပ်ရှုပ်မှာကို စိုးရိမ်တဲ့အတွက် ပယ်ချခဲ့တာတွေရှိတယ်။ အဲဒါကြောင့် မဖြစ်မနေ ဆန္ဒပြမယ့်သူတွေက ပြခွင့်မရှိဘဲ ဆန္ဒပြတယ်၊ အဲဒါကို ပုဒ်မ ၁၈ နဲ့ အရေးယူခံရတာတွေ များလာတာ ဖြစ်တယ်။”

မေး။ ။ ဘယ်လိုမျိုးဖြစ်သင့်လဲ၊ ပုဒ်မ ၁၈ က လုံးဝမရှိသင့်တော့ဘူးလို့ ယူဆလား။

ဖြေ။ ။ “လုံးဝမရှိတာထက်စာရင် နိုင်ငံတကာမှာလည်း ဒီလိုပဲ ဆန္ဒပြတယ်ဆိုရင် ခွင့်ပြုချက်ယူပြီးမှ ပြကြတာပါ။ ကျနော်တို့က ပုဒ်မ ၁၈ ကို ဖျက်သိမ်းမယ်ဆိုရင်လည်း တခြားဆက်နွှယ်တဲ့ ဥပဒေတခု ပြဋ္ဌာန်းသင့်တယ်။ ပုဒ်မ ၁၈ ကို ဆန္ဒပြခွင့်မပေးဘူးဆိုရင်လည်း မပေးတဲ့အကြောင်းအချက် ခိုင်ခိုင်လုံလုံနဲ့ တကယ်ကို ဆန္ဒပြပွဲက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အနှောင့်အယှက်မရှိဘူးဆိုရင် မဖြစ်မနေပေးဖို့၊ ညှိနှိုင်းဆောင်ရွက်တဲ့ ဥပဒေလောက်ပဲ ရှိသင့်တယ်လို့ ထင်တယ်။”

မေး။ ။ အစိုးရဘက်က တခုတည်းမဟုတ်ဘဲ ဆန္ဒပြတဲ့ လူတွေဘက်ကရော လေးစားလိုက်နာဖို့ ဘာတွေ လိုအပ်တာလဲ။

ဖြေ။ ။ “ဥပဒေကို လေးစားလိုက်နာသင့်တာကတော့ နိုင်ငံသားတိုင်းပေါ့။ တာဝန်ရှိပုဂ္ဂိုလ်တွေအပါအ၀င် ပြည်သူပြည်သားအားလုံး ဥပဒေကို လေးစားလိုက်နာသင့်တယ်။ ဒါပေမယ့် ဥပဒေတွေက လေးစားလိုက်နာဖို့ သင့်တဲ့ ဥပဒေတွေဖြစ်ဖို့ လိုအပ်တယ်။ စည်းကမ်းဥပဒေဆိုတာက လိုက်နာဖို့လွယ်မှ တည်မြဲမယ်၊ ဖောက်ဖျက်တဲ့သူလည်း နည်းမှာပေါ့။ လိုက်နာဖို့ ခက်ခဲတဲ့ ဥပဒေတွေကို ပြဋ္ဌာန်းထားပြီး အဲဒီဥပဒေတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ အဓိက တာဝန်ရှိတဲ့ အုပ်ချုပ်ရေးပိုင်းတွေ၊ လုံခြုံရေးအဖွဲ့အစည်းတွေက ရှေ့မှာ ဖောက်ဖျက် ကျူးလွန်ပြနေသရွေ့ သာမန်ပြည်သူတွေက ပိုပြီးတော့ ကျူးလွန်ဖို့ ဖြစ်လာမယ်။ အဲဒါကြောင့် နှစ်ဦးနှစ်ဖက် ဥပဒေတွေကို လေးစားလိုက်နာဖို့ လိုတယ်။”

[gallery ids="49688,49689,49690,49691,49692,49693,49694"]

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013