
မြဝတီမြို့နယ်၊ မဲပလဲ့အခြေစိုက် တပ်နယ် ၄ တပ်နယ်မှူး ဗိုလ်မှူးမုတ်သုန် စစ်တပ် လက်အောက်ကနေ နုတ်ထွက်ဖို့ စာတင်ထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ လက်ရှိမှာ စစ်တပ်နဲ့အတူ အာရှလမ်းကို လမ်းလုံခြုံရေးယူပေးနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်က ကရင်ပြည်နယ်၊ မြို့ဝတီမြို့ကို စစ်အာဏာရှင်တပ်က လူ၊ လက်နက်ခဲယမ်း၊ တင့်ကားတွေနဲ့အတူ စစ်အင်အားဖြည့်တင်းပြီး ပြန်လည်ထိန်းချုပ်ခဲ့တဲ့အပြင် မြို့လုံခြုံရေးကိုပါ တင်းကျပ်ခဲ့ပါတယ်။
ဒါ့အပြင် မြဝတီမြို့တွင်းမှာ တပ်တိုးချဲ့တာတွေ၊ နယ်ခြားစောင့်တပ် (BGF) အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့တွေကို နယ်မြေရှင်းလင်းတာတွေ လုပ်ဆောင်ခဲ့ပါတယ်။
လက်ရှိမှာ BGF အနေနဲ့ ရပ်တည်နေတဲ့ တပ်နယ် ၄ တပ်နယ်မှူး ဗိုလ်မှူးမုတ်သုန်က စစ်တပ်လက်အောက်ကနေ နုတ်ထွက်ခွင့်ပြုဖို့ တရားဝင် စာတင်ထားတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
စစ်ရေးသတင်းရင်းမြစ်က “အဲဒီကောင်တွေက ကောလာဟလတွေပါ။ သူတို့က BGF ပဲ ဖြစ်နေတာလေ။ BGF ဘတ်တံဆိပ်ပဲ တပ်နေတာ။ လက်ရှိကတော့ မြဝတီမြို့ပေါ်မှာ KNA နဲ့ BGF အဲဒီလိုဖြစ်သွားတာ။ ၂ ဖွဲ့ ခွဲထားတယ်။ သူတို့က ဟိုဘက်လည်း မဟုတ်၊ ဒီဘက်လည်း မဟုတ်။ (နုတ်ထွက်တာ) အဲဒါ ကောလာဟလပါ။ တကယ်တမ်း သူတို့ အခု လမ်းကြောင်းယူနေကြတာ တပ်မတော်နဲ့လည်း ပါတယ်။ အခု အာရှလမ်းကြောင်းဆိုရင် ညီနောင်အထိက သူတို့ ကင်းတွေ ယူထားတယ်။ အခုလက်ရှိက KNA ဆိုရင် နဒီတံတားမှာ ရှိတယ်။ ပြီးလို့ရှိရင် နဒီတံတားကနေ ရွှေကုက္ကိုလမ်းကြောင်းအထိ။ BGF ဆိုရင်လည်း ၂၇၅ တောင်ကလေးထိပ်ကနေပြီးတော့ ညီနောင်တံတားကျိုးအထိ BGF ဂိတ်တွေ ကင်းတွေ ရှိတယ်။ အဲဒါတွေက ဆိုက်ဝါးတွေပဲလား။ ပေါ်လစီလား အဲဒီလိုဖြစ်နိုင်တယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ကရင်အမျိုးသားတပ်မတော် (KNA) လက်မောင်းတံဆိပ် ပြောင်းလဲခဲ့တဲ့ တပ်ဖွဲ့တွေအနေနဲ့ ဇန်နဝါရီ ၂၅ ရက် နောက်ဆုံးထားပြီး မြဝတီမြို့ကနေ ထွက်ခွာဖို့နဲ့ တပ်နယ် ၂ မှာ ပြန်လည်နေထိုင်ဖို့ တပ်မ ၂၂ တပ်မမှူးက ညွှန်ကြားခဲ့ပါတယ်။ ဒါပေမဲ့ မြဝတီမြို့တွင်းကနေ KNA တပ်ဖွဲ့ဝင်တွေဟာ ဒီကနေ့အထိ ထွက်ခွာသွားတာ မရှိပါဘူး။
မြဝတီမြို့ခံတယောက်က “သူတို့က ဒီထဲမှာရှိတဲ့ BGF တပ်တွေ အကုန်လုံးကို ရှင်းလင်းတော့မှာလေ။ တပ်မတော်ဘက်က အကုန်ရှင်းလင်းပြီးတော့ ဒီမှာ နယ်မြေရှင်းလင်းအောင် အကုန်လုပ်ဖို့ သူတို့က စီမံချက်ပ ါလာပြီးသား။ ပါလာပြီသား ဖြစ်တဲ့အတွက်ကြောင့် ဒီထဲမှာ ဗိုလ်မုတ်သုန်တို့ ဧရိယာပိုင်တာတွေ ဘာတွေ လာမပြောနဲ့ အကုန်လုံးကို သိမ်း၊ မြေရှင်း အကုန်လုပ်မှာဆိုတော့ အဲဒီကိစ္စပေါ်မှာ မူတည်ပြီးတော့ ဗိုလ်မုတ်သုန်တို့လည်းပဲ နုတ်ထွက်ဖို့ စာတင်တာလည်း ဖြစ်နိုင်တယ်။ သူတို့ကို ရှင်းလင်းမယ်။ ဒီ ကော့ကရိတ် ဒေါနတောင်တခွင်လုံး အကုန်လုံးကို သူတို့ စိုးမိုးမှုယူပြီး သူတို့ရဲ့ စစ်တပ်ဧရိယာတွေ ချတော့မှာလေ။ တပ်မြေတွေကို သူတို့က တိုးချဲ့တော့မှာ အကုန်လုံး” လို့ ပြောပါတယ်။
နယ်ခြားစောင့်တပ် (BGF) တပ်နယ် ၄ တပ်နယ်မှူး ဗိုလ်မှူးမုတ်သုန်နဲ့ တာဝန်ရှိသူတွေကို DVB က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိပါဘူး။
ဇန်နဝါရီ ၁ ရက်မှာ ကရင်နယ်ခြားစောင့်တပ်က ကရင်အမျိုးသားတပ်မတော် (KNA) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပါတယ်။ အခုလို ပြောင်းလဲဖွဲ့စည်းရာမှာ BGF တပ်နယ် ၁ နဲ့ တပ်နယ် ၄ လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့တွေက ပြောင်းလဲတာ မရှိခဲ့ပါဘူး။










