DVB Logo
Home
မြန်မာသတင်း
မြန်မာကို အာဆီယံအဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်းသင့်ဟု အင်ဒိုနီးရှားသတင်းစာရေးသား
DVB
·
October 28, 2021
မြန်မာကို အာဆီယံအဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်းသင့်ဟု အင်ဒိုနီးရှားသတင်းစာရေးသား
Donate to DVB

မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ဝင်အဖြစ်ကနေ ရပ်ဆိုင်းထားသင့်တယ်လို့  အင်ဒိုနီးရှားနိုင်ငံရဲ့ အထင်ကရ  ဂျကာတာပို့စ်သတင်းစာကနေ အယ်ဒီတာအာဘော် ရေးသားလိုက်ပါတယ်။ 

အခုသီတင်းပတ်မှာကျင်းပနေတဲ့ အာဆီယံထိပ်သီးအစည်းအဝေးနဲ့ အမေရိကန်၊ တရုတ်၊ ဂျပန်နဲ့ သြစတြေးလျတို့ အပါအဝင် ဆွေးနွေးဖက်နိုင်ငံတွေနဲ့ ဆက်လက်ပြုလုပ်တဲ့ သီးခြားအစည်းဝေးတွေမှာ မြန်မာစစ်ကောင်စီအကြီးအကဲ တက်ရောက်ခွင့်ကို ပြတ်ပြတ်သားသား ငြင်းဆိုခဲ့ပါတယ်။ 

အခုလို အဖွဲ့ဝင် ၁၀ နိုင်ငံအတွက် သမိုင်းဝင် စံနမူနာတွေ ချမှတ်ခဲ့တာဟာ အာဆီယံ ခေါင်းဆောင်တွေရဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို ဖြည့်ဆည်းဖို့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ပျက်ကွက်မှုကြောင့်ဖြစ်ပြီး ဒါဟာ ဒေသတွင်း အုပ်စုဖွဲ့တည်မှုကို မထီမဲ့မြင်ပြုရာရောက်တဲ့အတွက်  ဒီပြစ်ဒဏ်ထိုက်သင့်တယ်လို့ ဂျကာတာပို့စ်သတင်းစာက ရေးပါတယ်။

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုကိုလည်း မြန်မာနိုင်ငံအပေါ် ပိုပြီးထက်သန်မှုတွေပြပေးဖို့ တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံ အကျပ်အတည်းကို ကိုင်တွယ်ရာမှာ အာဆီယံရဲ့ဝင်ရောက်မစွက်ဖက်ရေးမူကို ပြန်လည်သုံးသပ်သင့်ပြီး အာဆီယံ ပဋိညာဉ်စာတမ်း ကိုယ်တိုင်က အဲ့ဒီမူကို ဆန့်ကျင်နေတာ လို့ ဆိုပါတယ်။

မြန်မာစစ်အုပ်စုဟာ အပြစ်မဲ့အရပ်သား ထောင်ပေါင်းများစွာကို သတ်ဖြတ်၊ ဖမ်းဆီးထောင်ချ၊ ညှဉ်းပန်းနှိပ်စက်ခဲ့ကြောင်းနဲ့ အာဆီယံနဲ့သဘောတူညီချက်ကို စစ်အစိုးရက လုံးလုံးလျားလျား လိုက်နာဖို့ပျက်ကွက်နေသရွေ့ အာဆီယံအဖွဲ့ရဲ့လှုပ်ရှားမှုအားလုံးကို ပိတ်ပင်ထားမယ်လို့ သမ္မတ ဂျိုကိုဝီအနေနဲ့ တခြားခေါင်းဆောင်တွေကို ပြောကြားဖို့ သတ္တိလုံလုံလောက်လောက် ရှိသင့်တယ်လို့လည်း  ဆိုပါတယ်။ 

ဧပြီလ ၂၄ ရက်က ဂျကာတာမှာ အာဆီယံခေါင်းဆောင်တွေနဲ့တွေ့ဆုံချိန်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် သဘောတူညီခဲ့တဲ့ သဘောတူညီချက်ငါးရပ်ကို အကောင်အထည် ဖော်ခြင်း မရှိသေးဘူးလို့လည်း ထောက်ပြထားပါတယ်။ 

မလေးရှားနိုင်ငံခြားရေး ဝန်ကြီး ပြောကြားထားသလို မြန်မာနိုင်ငံပြဿနာဟာ ပြည်တွင်းနဲ့ နိုင်ငံလုံးဆိုင်ရာ သက်ရောက်မှုတွေသာမက အာဆီယံအဖွဲ့ဝင် ကိုးနိုင်ငံအပေါ်မှာလည်း သက်ရောက်မှု ရှိနေတယ်လို့ ဆိုပါတယ်။ 

တကယ်တော့ ဒါဟာ အာဆီယံရဲ့ မစွက်ဖက်ရေး တားမြစ်ချက်ကို ဒုတိယအကြိမ် ချိုးဖောက်တာ ဖြစ်ပါတယ်။ 

၂၀၀၈ ခုနှစ်တုန်းကလည်း အာဆီယံဟာ နာဂစ်မုန်တိုင်းဒဏ်သင့် ဒုက္ခသည်တွေအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်နိုင်ရေးအတွက် အာဆီယံနဲ့ တခြားနိုင်ငံတကာ အဖွဲ့အစည်းတွေ ဝင်ရောက်နိုင်အောင် လမ်းဖွင့်ပေးဖို့ မြန်မာစစ်အစိုးရကို ဖိအားပေးခဲ့ဖူးပါတယ်။ 

ဘရူနိုင်းဟာ သူ့ရဲ့အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ဒီလမှာ အဆုံးသတ်မှာဖြစ်ပြီး ကမ္ဘောဒီးယားက ဆက်ခံသွားမှာပါ။ 

ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့နောက်ခံမှတ်တမ်းကို သိရှိထားတဲ့အတိုင်း ကမ္ဘောဒီးယားဟာ မြန်မာ စစ်အုပ်စုကို လိုက်လျောမှုများပြားခဲ့တဲ့ ဘရူနိုင်းရဲ့ချဉ်းကပ်ပုံအတိုင်း လိုက်လုပ်ဖွယ်ရှိနေတယ်လို့ သုံးသပ်ထားပါတယ်။ 

မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေမှာဖြစ်ပေမယ့် အာဆီယံရဲ့ စည်းမျဉ်းအားလုံးကို လိုက်နာရမယ်ဆိုတာ ခေါင်းဆောင်တွေ သိထားသင့်တယ်လို့ ဆိုပါတယ်။

အင်ဒိုနီးရှားနဲ့ တခြားအာဆီယံသုံးနိုင်ငံတို့ဟာ မလေးမစားလုပ်တဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေကို ဖိအားပေးသင့်ကြောင်းနဲ့ မြန်မာစစ်အုပ်စုကို ထောက်ခံအားပေးနေတဲ့ ကျန်အာဆီယံအဖွဲ့ဝင်တွေ ဟာ စစ်အုပ်စုအပေါ် ပိတ်ဆို့အရေးယူမှုတွေကိုတားဆီးဖို့ ဆုံးဖြတ်ချက် ချမှတ်တဲ့ လုပ်ငန်း စဉ်တွေမှာ တသဘောတည်းဆိုတဲ့ အများဆန္ဒကို အသုံးမပြုနိုင်ဘူး ဆိုတာ သိထားသင့်တယ်လို့ ဂျကာတာပို့စ် သတင်းစာက ရေးသားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013