DVB Logo
Home
မြန်မာသတင်း
၂၀၂၀ ရွေးကောက်ပွဲ၌ တကြိမ်ထက်ပိုမဲပေးသူများကို တရားစွဲရန် စစ်ကောင်စီကော်မရှင် ညွှန်ကြား
DVB
·
October 27, 2021
၂၀၂၀ ရွေးကောက်ပွဲ၌ တကြိမ်ထက်ပိုမဲပေးသူများကို တရားစွဲရန် စစ်ကောင်စီကော်မရှင် ညွှန်ကြား
Donate to DVB

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်က ကျင်းပပြီးစီးခဲ့တဲ့ ပါတီစုံဒီမိုကရေစီ  အထွေထွေရွေးကောက်ပွဲမှာ  တကြိမ်ထက်ပို မဲပေးခဲ့သူတွေကို တရားစွဲအရေးယူဖို့ စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲ ကော်မရှင်က ညွှန်ကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ သက်ဆိုင်ရာမြို့နယ်အလိုက် နိုင်ငံသားစိစစ်ရေးကတ်အမှတ် တခုတည်းနဲ့ မဲစာရင်းမှာ ၂ ကြိမ် ၃ ကြိမ်နဲ့အထက် ပါဝင်သူတွေရဲ့ ဆန္ဒမဲပေးမှုအခြေအနေတွေကို စိစစ်နေပြီး နိုင်ငံသားစိစစ်ရေးကတ်အမှတ်တူ နာမည်တူနဲ့ ကျန်အချက်အလက်အားလုံးတူတဲ့ မဲဆန္ဒရှင် တယောက်တည်းက မဲရုံမဲနဲ့ ကြိုတင်မဲပေးတာ၊ ဒါမှမဟုတ် တကြိမ်ထက်ပိုပြီးဆန္ဒမဲပေးတဲ့ ဆန္ဒရှင်တွေကို သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၉ နဲ့အညီ သက်ဆိုင်ရာ ရဲစခန်းတွေမှာ အမှုဖွင့်အရေးယူနိုင်ရေး အကြောင်းကြားထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

မဲဆန္ဒရှင်စာရင်းတွေကို စိစစ်တာဟာ သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၃ အရ စီစစ်တာလို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ဆိုပါတယ်။ 

ပြီးတော့ စိစစ်တွေ့ရှိချက်တွေအရ တကြိမ်ထက်ပိုပြီး ဆန္ဒမဲပေးတာဟာ ရွေးကောက်ပွဲ ပျက်ပြားစေဖို့ ဆောင်ရွက်တာဖြစ်ပြီး နောင်အခါ အဲဒီ ပြစ်မှု မကျူးလွန်နိုင်ဖို့ အရေးယူဖို့လိုအပ်တာကြောင့် ညွှန်ကြားခဲ့တာ လို့လည်း ဆိုပါတယ်။

အဲ့ဒီလို သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၉ နဲ့အညီ အမှုဖွင့်အရေးယူ နိုင်ရေး ဆောင်ရွက်ရာမှာ မြို့နယ် နယ်မြေရဲတပ်ဖွဲ့စခန်းတွေရဲ့ အကြောင်းပြန်ကြားချက်အရ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတွေအနေနဲ့ အမှုဖွင့်လှစ် အရေးယူဆောင်ရွက်နိုင်တာ မရှိသေး​ကြောင်း တင်ပြလာတယ် လို့လည်း ညွှန်ကြားစာမှာ ဖော်ပြထားပါတယ်။

တကြိမ်ထက်ပို မဲပေးတာဟာ ရာဇသတ်ကြီးပုဒ်မ ၁၇၁- (ဃ) နဲ့ (စ) အရ တနှစ်အထိထောင်ဒဏ် တမျိုးမျိုးဖြစ်စေ ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ် လုံးဖြစ်စေ ချမှတ်ရမယ်လို့ ပြဋ္ဌာန်းထားတယ်လို့ စစ်ကောင်စီရဲ့ ကော်မရှင်က  ဆိုပါတယ်။

ဒါကြောင့် သက်ဆိုင်ရာမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေအနေနဲ့ တကြိမ်ထက်ပိုပြီး ဆန္ဒမဲပေးခဲ့သူတွေကို သက်ဆိုင်ရာတရားရုံးမှာ ရာဇသတ်ကြီးပုဒ်မ ၁၇၁ - (ဃ) နဲ့တရားစွဲဆို ဆောင်ရွက်သွားဖို့ အကြောင်းကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲပြစ်မှုကျူးလွန်သူတွေကိုလည်း အရေးယူနေတယ်လို့ ကော်မရှင်က ထုတ်ပြန်ထားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီ၀င်တချို့ဆီကနေ ကော်မရှင်တံဆိပ်တုံး အတုတွေဖမ်းမိခဲ့သလို မဲမသမာမှုလုပ်တာတွေလည်း သက်သေနဲ့ မိခဲ့တာတွေရှိခဲ့ပါတယ်။

ရွေးကောက်ပွဲအပြီး ၂ လအကြာမှာ အာဏာာသိမ်းလိုက်တဲ့ စစ်တပ်ဟာ ၂၀၂၀  ရွေးကောက်ပွဲရလဒ်ကို  ပယ်ဖျက်ကြောင်း ကြေညာထားပြီး ရွေးကောက်ပွဲ ကော်မရှင် တာ၀န်ရှိသူတွေကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။ 

ဒါအပြင် မဲစာရင်းမှားယွင်းမှုတွေကို အကြောင်းပြပြီး မဲမသမာမှုလုပ်တယ်လို့ စွပ်စွဲ  အာဏာသိမ်းခဲ့ပေမဲ့ ခုအချိန်အထိ မဲမသမာမှု အထောက်အထား ခိုင်ခိုင်မာမာပြသနိုင်ခြင်းမရှိပါဘူး။ 

ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေနဲ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာကလည်း ၂၀၂၀ ရွေးကောက်ပွဲဟာ လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲအဖြစ် အသိအမှတ်ပြု ကြေညာထားကြပါတယ်။  

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013