DVB Logo
Home
မြန်မာသတင်း
ပြည်ပဆန်တင်ပို့မှု ယခင်နှစ်ကာလတူထက် မြင့်တက်
DVB
·
October 27, 2021
ပြည်ပဆန်တင်ပို့မှု ယခင်နှစ်ကာလတူထက် မြင့်တက်
Donate to DVB

မိုးစပါးပေါ်ချိန် တရုတ်နယ်စပ်အထွက်မရှိပေမဲ့ ပြည်ပဆန်တင်ပို့မှု ယခင်နှစ်ကာလတူထက် မြင့်တက်နေတယ်လို့ စစ်ကောင်စီ လက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားပါတယ်။

လက်ရှိ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ (ယာယီ) စာရင်းတွေအရ ပြည်ပနိုင်ငံတွေကို ဆန်နဲ့ဆန်ကွဲ တင်ပို့မှု တန်ချိန် ၅၈၀၀၀ နီးပါး၊ တန်ဖိုးအနေနဲ့ အမေရိကန်ဒေါ်လာ ၁၈.၉၄၃ သန်း ရရှိထားတယ်လို့  အဆိုပါဌာနက ထုတ်ပြန်ထားတာပါ။

ပြီးခဲ့တဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ကာလတူမှာ ဆန်နဲ့ဆန်ကွဲစုစုပေါင်း တင်ပို့နိုင်မှုက တန်ချိန် ၃၆၀၀၀ကျော်၊ တန်ဖိုးအနေနဲ့ အမေရိကန်ဒေါ်လာ ၁၃သန်းကျော်သာရှိခဲ့တာကြောင့်  အခုနှစ်ဆန်၊ ဆန်ကွဲတင်ပို့မှုက အရင်နှစ်ကာလတူထက်  တန်ချိန် ၂ သောင်းကျော်တန်ဖိုးအနေနဲ့ အမေရိကန် ဒေါ်လာ ၅.၈၄၉ သန်းဖိုး ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ဆိုပါတယ်။

လက်တလော မိုးစပါးလှိုင်လှိုင်ပေါ်နေချိန် တရုတ်နယ်စပ်အထွက် မရှိတာကြောင့် ပင်လယ်ရေကြောင်း ကုန်သွ ယ်ရေးကသာတင်ပို့မှုကို လုပ်ဆောင်နေရတာဖြစ်ပေမဲ့ ဆန်နဲ့ဆန်ကွဲ တင်ပို့မှုက အရင်နှစ်ကာလတူထက်ပိုမြင့်တက်နေတာပါ။

ဆန်သစ်တွေပေါ်လာချိန် စျေးကွက်အတွင်း ဆန်အဝင်များပြီး ပြည်တွင်းစျေးနှုန်း ကျဆင်း နေတာနဲ့အတူ မြန်မာကျပ်ငွေနဲ့ ဒေါ်လာငွေလဲနှုန်းလဲ မြင့်တက်နေတာတွေကြောင့်  ပြည်ပဆန် တင်ပို့မှုတွေ များလာတာလို့ ဆန်ကုန်သည်တစ်ဦးက သုံးသပ်ပါတယ်။

“ဆန်အသစ်မှာ စျေးနည်းနည်းကျတယ်။ ပြီးတော့ ငွေလဲနှုန်းတွေကလည်း မြင့်တက်တော့ ပင်လယ် ရေကြောင်းလိုင်းတွေက ပြန်ထွက်ကြတယ်။ export ပို့ဖို့ ကိုက်သွားတာပေါ့။”  

လက်တလောဆန်စျေးကွက်မှာ ပြည်တွင်းစားသုံးမှုများတဲ့ ဆန်ချော(အဟောင်း) စျေးနှုန်းတွေ အမြင့်စျေးမှာပဲ ဆက်ရှိနေပြီး၊ ပြည်ပပို့ဆန်ကြမ်းစျေးနှုန်းတွေကတော့ အနည်းငယ်စျေး ကျဆင်းနေပါတယ်။

ပြည်ပပို့ဆန်ဖြစ်တဲ့ ဧည့်မထဆန်( ၂၅ရာခိုင်နှုန်း) စျေးနှုန်းက  ပြီးခဲ့တဲ့ အောက်တိုဘာ ဒုတိယအပတ်က အနိမ့်ဆုံး ကျပ် ၂၃၀၀၀ ကနေ အမြင့်ဆုံး ကျပ်၂၄၅၀၀  ဝန်းကျင်ရှိရာကနေ အခုသီတင်းပတ်မှာအ နမ့်ဆုံးစျေး ၂၂၅၀၀ကနေ အမြင့်ဆုံး ၂၃၀၀၀ ဝန်းကျင်ကို ပြန်ကျဆင်း လာကြောင်း မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းရဲ့ စျေးနှုန်းစာရင်းတွေအရ သိရပါတယ်။

“ဆန်ကြမ်းစျေးကျတာက ဆန်အသစ် ပေါ်တဲ့အချိန်ဆိုရင် သူရဲ့သဘာဝကိုယ်က စျေးကျတက်တဲ့ သဘောရှိပါတယ်။ ပေါ်ဆန်းကတော့ ဆန်အဟောင်း စျေးမပြောင်းပေမဲ့ အသစ်ကတော့ စျေးကျမှာပါ”လို့ ဆန်ကုန်သည်တစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ပြည်ပကိုဆန်နှင့်ဆန်ကွဲ ပြည်ပတင်ပို့ရာမှာ ပင်လယ်ရေကြောင်းနဲ့ နယ်စပ်လမ်းကြောင်း နှစ်ခုလုံးကနေ တင်ပို့နေတာဖြစ်ပေမဲ့ လက်ရှိမှာ ကိုဗစ်ကပ်ရောဂါနဲ့ စစ် အာဏာသိမ်းမှု နောက်ဆက်တွဲအခြေအနေတွေကြောင့် ကုန်သွယ်ရေးနှောင်းနှေးမှုတစ်ချို့ ရှိနေပါ တယ်။ 

မြန်မာ့ဆန်နဲ့ ဆန်ကွဲကို တရုတ်နိုင်ငံကို အများဆုံးတင်ပို့နေတာဖြစ်ပြီး၊ အာဆီယံနိုင်ငံတွေ၊ အီးယူ၊ အာဖရိကစျေးကွက်နဲ့ အခြားနိုင်ငံတွေကို တင်ပို့နေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013