DVB Logo
Home
Lead Story
မြန်မာနိုင်ငံတွင် ရာဇ၀တ်မှုများ တိုးလာဟု ရဲမှူးချုပ်ပြော
DVB
·
January 3, 2014
မြန်မာနိုင်ငံတွင် ရာဇ၀တ်မှုများ တိုးလာဟု ရဲမှူးချုပ်ပြော
Donate to DVB

ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ရာဇ၀တ်မှုပေါင်း နှစ်ထောင့်သုံးရာကျော် ဖြစ်ပွားခဲ့ပြီး အများစုဟာ ဓားပြမှုနဲ့ မုဒိမ်းမှုတွေဖြစ်တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့စာရင်းအရ သိရပါတယ်။

ဘယ်တိုင်းနဲ့ ပြည်နယ်တွေမှာ ရာဇ၀တ်မှုအများဆုံးဖြစ်ပွားခဲ့ပါသလဲ၊ ဒီရာဇ၀တ်မှုတွေ အတွက် ရဲတပ်ဖွဲ့တွေက ဘာတွေ ဆောင်ရွက်နေပါသလဲ၊ ဆိုတာတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပြောခွင့်ရ ရဲမှူးချုပ် ၀င်းခေါင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

၂၀၁၃ မြန်မာနိုင်ငံမှာ အမှုဖြစ်ပွားနှုန်းက ယခင်နှစ်တွေထက်စာရင် ပိုများလာလား၊ နည်းလာလား ခင်ဗျ။

“စုစုပေါင်း အမှု ၂၀၁၂ ခုနှစ်မှာ ၂၃၁၈ မှုရှိတယ်။ ၂၀၁၃ ခုနှစ်မှာ အားလုံး စုစုပေါင်း ၂၃၂၄ မှုရှိတယ်။ အမှု ၆ မှု တက်လာတာပေါ့။ ဒါကတော့ မနှစ်ကနဲ့ ဒီနှစ် အမှုဇယားပေါင်းလိုက်တဲ့အချိန်မှာ တက်လာတာပေါ့။ ဒီထဲမှာ အမှုကြီးအနေနဲ့ပဲ ပြောတာ။ ခိုးမှုတွေ၊ နာကျင်စေမှုတွေ စတဲ့ အမှုအသေးဖွဲတွေ မပါဘူး။”

အမှုကြီးတွေထဲမှာ အများဆုံးဖြစ်တာက လူသတ်မှု ဖြစ်နေတာကို တွေ့ရတယ်။ ဘာလို့ အဲလိုဖြစ်တာလဲ။

“လူသတ်မှုကို တခုချင်းပြောလို့ရှိရင် အကုန်လုံး ရှည်တာပေါ့။ သာမန်အားဖြင့်ကတော့ လူသတ်မှုတွေကို ပိုင်းခြားလိုက်ရင် ဒေါသအလျောက်ဖြစ်တာ၊ အရက်သေစာ သောက်စားပြီးဖြစ်တာ၊ လူမှုရေးပြဿနာတွေကြောင့် ဖြစ်တာ၊ ကလဲ့စားချေလိုမှုကြောင့်ဖြစ်တာ၊ ဖြစ်စဉ် အကြောင်းအမျိုးမျိုးရှိပါတယ်။ အထူးသဖြင့် အရက်သေစာ သောက်စားမှုကြောင့်ဖြစ်တာတွေ၊ မမျှော်လင့်ဘဲနဲ့ ဖြစ်နေတယ်လို့ ပြောပေမယ့် ပတ်ဝန်းကျင်ရဲ့ အသိပညာ၊ သူတို့ရဲ့ လူမှုအဆင့်အတန်းနိမ့်မှုနဲ့ အသိပညာနည်းမှုကလည်း တစိတ်တပိုင်း ပါပါတယ်။ ဒီအကြောင်းချင်းရာကတော့ တော်တော်များတာ တွေ့ရတယ်။”

ရာဇ၀တ်မှုတွေက ဘယ်ပြည်နယ်နဲ့ တိုင်းတွေမှာ အများဆုံးဖြစ်နေတာလဲ။

“အမှုကြီး ၁၀ မျိုး အကုန်လုံးဖြစ်ခဲ့တဲ့ တိုင်းနဲ့ပြည်နယ်တွေအလိုက် ၂၀၁၃ ခုနှစ်မှာ ရန်ကုန်တိုင်း ဒေသကြီးက ၃၄၃ မှု၊ ဧရာဝတီတိုင်းက ၂၉၆ မှုဖြစ်တယ်။ ပဲခူးတိုင်းက ၂၃၈ မှုဖြစ်တယ်။ ရခိုင်ပြည်နယ်က ၂၃၀ ဖြစ်တယ်။ စစ်ကိုင်းတိုင်းက ၂၃၀ ဖြစ်တယ်။ မန္တလေးတိုင်းက ၂၂၅ မှုဖြစ်တယ်။ ရှမ်းပြည်နယ်က ၂၀၅ မှုဖြစ်တယ်။ ဒါက အများဆုံးဖြစ်ပွားတဲ့ တိုင်းတွေပေါ့။”

“မှန်ပါတယ်။ အထူးသဖြင့် လုယက်မှု တော်တော်များများဟာ လောင်းကစားမှုကြောင့် ငွေလိုလို့ လုယက်တာတွေကို တွေ့ရတယ်။ လောင်းကစားမှုကြောင့် ကိုယ့်ရဲ့ ၀င်ငွေနဲ့ ထွက်ငွေ မမျှတမှုတွေဖြစ်တဲ့အချိန်မှာ ရမိရရာ ကြံတယ်။ တချို့သော လုယက်မှုတွေမှာကျတော့ မူးယစ်ဆေးဝါးစွဲတဲ့အတွက် မူးယစ်ဆေးဝါးဖိုးအတွက် ရမိရရာ၊ ကြံမိကြံရာ ကြံတယ်။ မတော်လောဘကြောင့် ချက်ချင်းကြီး ချမ်းသာချင်လို့ လိုတယ်ဆိုတာကတော့ နည်းပါတယ်။ ဒါကြောင့် ဒီလိုအကြောင်းချင်းရာ အချက်တွေကြောင့် မိမိရဲ့ ငွေလိုတဲ့ အချိန်မှာ မှား၏၊ မှန်၏ကို မဆုံးဖြတ်နိုင်တော့ဘဲ မောဟအမှောင်တိုက်၊ လောဘအမှောင်တိုက်တွေကြောင့် လုယက်မှုတွေ တိုးလာတယ်လို့ ပြောရမှာပါ။”

ဒီနှစ်ထဲမှာ အဓမ္မ မုဒိမ်းကျင့်ခံရတဲ့ သူတွေထဲမှာ အရွယ်မရောက်တဲ့ မိန်းကလေးငယ်တွေ များလာပါတယ်။ ကျူးလွန်တဲ့သူ ဘယ်နှယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပါသလဲ။

“၂၀၁၂ ခုနှစ်တုန်းက မုဒိမ်းမှုနဲ့ သက်ငယ်မုဒိမ်းမှုပေါင်း အားလုံးစုစုပေါင်း ၃၁၈ မှုဖြစ်ခဲ့တယ်။ ၂၀၁၃ ခုနှစ်မှာ သက်ငယ် မုဒိမ်းမှု ၃၁၅ မှုဖြစ်တယ်။ ၃ မှု လျော့နည်း ကျသွားပါတယ်။ ၁၈ နှစ် မပြည့်သေးတဲ့ ၁၈ နှစ်အောက် ပြုကျင့်ခံရသူတွေဟာ သက်ငယ်မုဒိမ်းအုပ်စုထဲမှာ ပါသွားပါတယ်။ ၂၀၁၃ ခုနှစ်အတွင်းမှာ ၂ နှစ်ကနေ ၅ နှစ်အရွယ်အထိ အကျူးလွန်ခံရတာ ၁၈ ယောက်ရှိတယ်။ ၆ နှစ်ကနေ ၁၀ နှစ်အရွယ်အထိ အကျူးလွန်ခံရသူ ၅၈ မှု ရှိတယ်။ ၁၁ နှစ်ကနေ ၁၃ နှစ်အရွယ်အထိ အကျူးလွန်ခံရတာ ၁၃၆ မှု၊ ၁၄ နှစ်ကနေ ၁၆ နှစ်အရွယ်အထိ အကျူးလွန်ခံရတာ ၁၀၄ မှုရှိတယ်။ ဒီလို သက်ငယ် မုဒိမ်းတွေကို သုံးသပ်လိုက်တော့ အနေနီးစပ်မှုကြောင့် ဖြစ်တာ ၃၄ မှုဖြစ်တယ်။ ယုံကြည်မှု လွန်ကဲမှုကြောင့် ဖြစ်တာ ၅၁ မှုဖြစ်တယ်။ အဓမ္မ ပြုကျင့်မှုက ၁၀၅ မှုရှိတယ်။ အဖော်မဲ့ သွားလာလှုပ်ရှားတဲ့အတွက် ပြုကျင့် ခံရမှုက ၄၁ မှုရှိတယ်။ ဖြားယောင်းခံရပြီး ပြုကျင့်ခံရတာက ၂၄ မှုရှိတယ်။ နဂိုမူလ ရည်ရွယ်ချက် မရှိပဲ ကြုံကြိုက်လို့ ကျူးလွန်လိုက်တာ ၆၀ မှုရှိတယ်။”

အမှုတွေ ကျဆင်းသွားအောင် ရဲတပ်ဖွဲ့တွေက ဘာတွေဆောင်ရွက်နေပါသလဲ။ ပြည်သူတွေ ဘက်က ပူးပေါင်းဆောင်ရွက်နိုင်အောင်မလဲဆိုတာ ရဲတပ်ဖွဲ့ရဲ့ အကြံပြုချက်ကို သိလိုပါတယ်။

“မှုခင်းဆိုတာ ဖြစ်ပွားမှ အရေးယူရတာထက် ကြိုတင်ကာကွယ်မှုက အကောင်းဆုံး ဖြစ်တယ် ဆိုတာ ဒီကနေ့ ကမ္ဘာတ၀န်းလုံးက မှုခင်းဗေဒအရကော ကမ္ဘာတ၀န်းလုံးရဲ့ မှုခင်းဆိုင်ရာ အယူအဆတွေ အရပါ လက်ခံထားတဲ့ အလွန်ခိုင်မာ မှန်ကန်တဲ့ သီအိုရီ တခုဖြစ်ပါတယ်။ ကြိုတင် ကာကွယ်မှုကို ဘယ်လို ဆောင်ရွက်ရမလဲ။ သူတို့တွေရဲ့ လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။ နောက်တခုအနေနဲ့က လူထုကို အခြေပြုခြင်း သို့တည်းမဟုတ် ဒေသကို အခြေပြုခြင်းတွေ ပြုလုပ်ပြီးပြီဆိုမှ မှုခင်း ကြိုတင် ကာကွယ်ရေးတွေ ဆောင်ရွက်သင့် ပါတယ်။ နောက်တခုက အခြေအနေဆိုင်ရာတွေကို ပြုပြင်ပေးဖို့လည်း လိုအပ်ပါတယ်။ အခြေအနေဆိုင်ရာ မှုခင်းကာကွယ်ရေးကို ပြောတာပါ။ မိမိတို့ရဲ့ အခြေအနေကို မျှော်မှန်းပြီးပြီဆိုမှ အကောင်းဆုံး ပြစ်မှု ကျူးလွန်ခြင်း မဖြစ်ပေါ်အောင် ဆောင်ရွက်ရမယ့် အစိတ်အပိုင်းမှာပါ။ နောက်တခုက ပြန်လည် ပေါင်းစည်းရေးတွေ လုပ်ပေးဖို့ လိုပါတယ်။ ပြစ်မှု ကျူးလွန်ထားတဲ့သူတွေကို အကျဉ်းထောင်ထဲကနေ ပြန်လည် လွှတ်တယ်ဆိုတာနဲ့ လူမှုအဖွဲ့အစည်းက မိမိအသိုင်းအ၀ိုင်းမှာ ပြန်လည် ၀င်ဆံ့နိုင်အောင် ဆောင်ကျဉ်းပေး ဖို့လည်း လိုပါတယ်။ တခါထောင်ကျဖူးလို့ သူ့ကို ပစ်ပယ်လိုက်ပြီးတော့ သူက အဆင်သဖြင့် ပြစ်မှု ကျူးလွန်တဲ့သူပဲဆိုတဲ့ အမြင်မျိုးနဲ့ ပယ်ထားလိုက်လို့ရှိရင် ပြစ်မှု ကျူးလွန်တဲ့ ကိစ္စက သူ့ရဲ့ စရိုက်လက္ခဏာ အသွင်တခုကို ပြောင်းလဲသွားပြီးပြီဆိုမှ ဒီလို အကြိမ်ကြိမ် အဖန်ဖန် ပြစ်မှု ကျူးလွန်တဲ့ ပုံစံမျိုး ဖြစ်ပေါ်လာတက်ပါတယ်။ ဒါကြောင့်ဖို့လို့ မိမိတို့ အသိုက်အ၀န်းကို ပြန်လည် ပေါင်းစည်းရေးကိုလည်း စီမံချက်တွေနဲ့ ဆောင်ရွက်ပေးဖို့လိုပါတယ်။ အထူးသဖြင့် ရဲတပ်ဖွဲ့တွေ အနေနဲ့ မှုခင်းကြိုတင်ကာကွယ်ရေးတွေကို ကျနော်ခုနပြောခဲ့တဲ့ အခြေအနေတွေနဲ့ လုပ်ဆောင်နိုင်ဖို့အတွက် အသိပညာပေးမှုတွေကိုလည်း ဆောင်ရွက်နေပါတယ်။ ဒါကတော့ ရဲတပ်ဖွဲ့အနေနဲ့ ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013