
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ကို စစ်အာဏာရှင်တပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စာသင်ကျောင်းနဲ့ လူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ပေမဲ့ ပြည်သူတွေ ထိခိုက်သေဆုံးတာတော့ မရှိဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
ဂွမြို့နယ် ကျောက်ချွန်ရွာကို ဇွန် ၁၄ ရက်ညက လေတပ်ကနေ ဂျက်တိုက်လေယာဉ်နဲ့ ဗုံး ၂ ကြိမ် ကြဲကျပြီး တိုက်ခိုက်ခဲ့တယ်လို့ ဂွဒေသခံစစ်ရှောင်အမျိုးသားတယောက်က ပြောပါတယ်။
“ည ၁၁ နာရီကျော်လောက်မှာတခါ၊ ၁၂ နာရီ ကျော်လောက်မှာတခါ။ ဗုံးချခဲ့တယ်။ လူတွေတော့ အထိခိုက်မရှိလိုက်ဘူး။”
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောက်ချွန်ရွာ စာသင်ကျောင်းနဲ့ လူနေအိမ်တချို့ ပျက်စီးသွားပြီး နွားတကောင်လည်း သေဆုံးခဲ့တယ်လို့ နောက်ထပ် သတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“လူတွေကိုတော့ မထိလိုက်ဘူး၊ ကံကောင်းသွားတယ်။ နေအိမ်တချို့ ပြိုတယ်။ အိမ်မွေးတိရစ္ဆာန် တချို့ သေတယ်။ ရွာသားတွေကတော့ ဗုံးချတာကို ကြောက်လို့ ထွက်ပြေးရတယ်။”
စစ်အာဏာရှင်တပ်ဟာ သံတွဲ၊ ဂွ၊ ငပလီ၊ ကျိန္တလီ စတဲ့မြို့နယ်တွေကို ရေကြောင်းကနေ စစ်သင်္ဘောတွေပေါ်က လက်နက်ကြီးကျည်တွေနဲ့ ပစ်ခတ်သလို လေကြောင်းကပါ မကြာခဏ တိုက်ခိုက်နေတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။










