
ထိုင်းနိုင်ငံ အရှေ့ပိုင်း ချာ့ချိန်းဆောင်းခရိုင်ထဲမှာ ကုန်စုံဆိုင်ထဲ ဝင်ပုန်းပြီး ဆိုင်ရှင်ကို ဓားနဲ့ထိုး၊ ဓားပြတိုက်ဖို့ပါ ကြံစည်ခဲ့တဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတယောက်ကို တာဝန်ရှိသူတွေက ဖမ်းဆီးလိုက်တယ်လို့ ဇွန် ၂၀ နေ့ထုတ် ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ချချိန်းဆောင်းခရိုင် ဆနမ်ချနိုင်းဆစ်မြို့နယ် ထုန့်ဖယားအုပ်စု ဝမ်ခုရပ်ကွက်က အသက် ၄၄ နှစ်ရွယ် နန်းအာရီလတ် ဆိုသူ အမျိုးသမီးဟာ အိမ်မှာ ကုန်စုံဆိုင်ဖွင့်ပြီး မိခင်ဖြစ်သူ နန်းလိတ် (၆၇ နှစ်) နဲ့အတူ နေထိုင်လျက်ရှိပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၉ ရက် ည ၈ နာရီကျော်လောက်က နန်းအာရီလတ်က အိပ်ခန်းထဲ ဝင်ဖို့ပြုစဉ် တံခါးဝမှာ အမျိုးသားတယောက် သူ့အိပ်ခန်းထဲက ထွက်လာတယ်၊ အဲဒီနောက် သူ့လက်ထဲက ဓားမြောင်နဲ့ နန်းအာရီလတ်ရဲ့ ဝမ်းဗိုက်ကို ထိုးလိုက်ပါတယ်။ သူက အလန့်တကြား အော်ဟစ် တိမ်းရှောင်လိုက်တာမှာ ဓားက ဝမ်းဗိုက်ကို မထိဘဲ သူ့ရဲ့ ဘယ်လက်လက်မောင်းကို ထိသွားတယ်။ လူဆိုးက သူ့ကို တွန်းလှဲလိုက်ပြီး နောက်ထပ်ဓားနဲ့ထိုးဖို့ ကြိုးစားပါတယ်။ သူမက တိမ်းရှောင်ပြီး လူဆိုးရဲ့ ရင်ဘတ်ကို ခြေထောက်နဲ့ ဆောင့်ကန်လိုက်တယ်၊ ပြီးတော့ အိမ်ရှေ့ကို ထွက်ပြေးသွားတယ်။ ထိုစဉ် နန်းအာရီလတ်ရဲ့ မိခင်က အော်သံကြားလို့ လာကြည့်တာမှာ လူဆိုးက သူ့နားက ဖြတ်ပြီးထွက်ပြေးသွားတယ်လို့ အိမ်ရှင်က ပြောပါတယ်။
လူဆိုး ထွက်ပြေးသွားတော့ အိမ်ရှင်က ပတ်ဝန်းကျင်အိမ်နီးနားချင်းကို အော်ဟစ်အကူအညီတောင်းပါတယ်။ အိမ်နားက ဆိုင်မှာ ဈေးဝယ်ဖို့ရောက်နေတဲ့ လူတယောက်လည်း အော်ဟစ် အကူညီတောင်းရင်း လူဆိုးနောက် ပြေးလိုက်သွားတယ်၊ လူဆိုးဟာ တောစပ်မှာရှိတဲ့ အလုပ်သမား တန်းလျားဆီ ဦးတည်ထွက်ပြေးစဉ် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးနဲ့ ရွာသားတွေ လာရောက်ပိတ်ဆို့ ဖမ်းဆီးခဲ့တယ်။ မီတာ ၅၀၀ ခန့်ပြေးပြီး ည ၁၂ နာရီကျော်မှာ သူ့ကို ဓားမြောင်နဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။
သူဟာ မြန်မာရွှေ့ပြောင်းလုပ်သားတယောက်လို့ သိရပြီး တာဝန်ရှိသူတွေက သူ့ကို တရားဥပဒေအရ အရေးယူဖို့ ဝမ်ခုရဲစခန်းမှာ ခေါ်ယူထိန်းချုပ်ထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
Source: CH7 TV News / Prachathai News










