DVB Logo
Home
မြန်မာသတင်း
ကျယ်ဂေါင်တွင် ကုန်လှောင်ဂိုဒေါင်များဖျက်ရန်ရှိသဖြင့် မြန်မာကုန်လုပ်ငန်းရှင်များ အခက်ကြုံ
DVB
·
October 24, 2021
ကျယ်ဂေါင်တွင် ကုန်လှောင်ဂိုဒေါင်များဖျက်ရန်ရှိသဖြင့်  မြန်မာကုန်လုပ်ငန်းရှင်များ အခက်ကြုံ
Donate to DVB

မြန်မာ-တရုတ် အဓိက ကုန်သွယ်ရာမြို့ ကျယ်ဂေါင်မှာရှိတဲ့ တချို့ဂိုဒေါင်တွေကို ဖျက်မှာ ဖြစ်တဲ့အတွက် ဂို‌‌ဒေါင်ထဲကပစ္စည်းတွေ တခြားနေရာ ရွှေ့ပြောင်းပေးဖို့ စာပို့ဖိအားပေးခံနေရ တာကြောင့် ကုန်ဂိတ်ပိုင် မြန်မာလုပ်ငန်းရှင်တွေ  အခက်အခဲကြုံနေကြရတယ်လို့ မြန်မာလုပ်ငန်းရှင်တွေဆီက သိရပါတယ်။ 

“သူတို့ အကြောင်းကြားလာတဲ့ ပုံစံမျိုးက သူတို့ဆီမှာ ဖျက်ဖို့ စာကျ‌နေပြီ ဂိုဒေါင်ရွှေ့‌‌ပေးပါ။ မရွှေ့‌ပေးရင် အမှိုက်ထဲ ပါသွားလိမ့်မယ်တဲ့” လို့ ကုန်ဂိတ်ပိုင်ရှင်တဦးက ပြောပါတယ်။

ဒါ့အပြင် ခေါက်တို သယ်ယူစရိတ်ကို ပုံမှန် အလွန်ဆုံး ၃၀၀ ယွမ် (မြန်မာငွေ ကာလတန်ဖိုး ၉ သောင်း) လောက်သာ ပေးရပေမဲ့ လက်ရှိမှာတော့ ယွမ် ၁၅၀၀ (ကျပ် ၄ သိန်းခွဲခန့်) ပေးရမှာ ဖြစ်တာကြောင့် ကုန်ကျစရိတ်  ထပ်မံကုန်ကျရမယ်လို့ ဆိုပါတယ်။

“ခန့်မှန်းက ပုံမှန် ဂိုဒေါင်ခ တလ ၅၅၀၀ ယွမ်နှုန်း ပေးရတယ်။ ဒါပေမဲ့ အခု အလုပ်မလုပ်ရတဲ့ ကာလအတွက်တော့ ၁ သောင်းယွမ် တောင်းတယ်။ အခု ရွှေ့ပေးဖို့ အလုပ်သမားခ နဲ့ ၆ ဘီးကား တစီးကို ၁၅၀၀ ယွမ်နှုန်း တောင်းတယ်။ ကျနော်တို့လည်း မလာရဘူး။ ကျနော်တို့ အဲပမာဏဆိုရင် ခေါက်ရေ မနည်းဘူး ကဲ့ရမယ်၊ အစီးရေ ၆၀ လောက် ကယ့်ရလိမ့်မယ်။”

မြန်မာကုန်ဂိတ် လုပ်ငန်းရှင်တွေအနေနဲ့ ဂိုဒေါင်ခတွေ ပေးချေရတဲ့အပြင် အလုပ်သမားတွေရဲ့ ကွာရန်တင်းဝင်စရိတ်၊ ကျယ်ဂေါင်မှာ နေခွင့်မရှိတာကြောင့် ရွှေ့ပြောင်း နေထိုင်စရိတ်တွေနဲ့ တလ ကျပ် သိန်း ၉၀ ခန့် ရှင်းနေရတဲ့အပြင် ၈ လနီးပါး ပိတ်မိထားတဲ့ ကုန်တွေလည်း ပျက်စီးမှုပါ ရှိနိုင်တဲ့အတွက် ဆုံးရှုံးနစ်နာမှုတွေများနေပြီး အခက်အခဲနဲ့ကြုံနေရတယ်လို့ နောက်ထပ် မြန်မာ သွင်းကုန် ကုန်ဂိတ်ပိုင်ရှင်တဦးက ပြောပါတယ်။

“တကယ်နစ်နာနေတာက မြန်မာကုန်သည်တွေနဲ့ မြန်မာဂိတ်ပိုင်တွေပဲလေ။ တရုတ်ဘက်အနေနဲ့ ဘာမှမဖြစ်ဘူး။ သူတို့ဆီက ကျနော်တို့ မြန်မာကုန်သည်တွေက ပိုက်ဆံပေးဝယ် ပြီးသား။ ဆိုင်တွေကို ကျနော် ပြန်ပြောတယ်။ သူတို့က ဂိတ်ကိုအပ်ပြီးပြီ။ သူတို့နဲ့ မဆိုင်ဘူး။ နင်တို့တာဝန် လို့ ပြောပါတယ်။ မမာဏက များလွန်းတယ်။ သိန်းသောင်းဂဏန်း ကျော်ဦးမယ်။”

အခုလက်ရှိအခြေအနေကို သက်ဆိုင်ရာ နှစ်နိုင်ငံ တာဝန်ရှိလူကြီးတွေအ‌နေနဲ့ အဆင်ပြေအောင် ညှိနှိုင်းတောင်းဆိုပေးဖို့ သွင်းကုန် လုပ်ငန်းရှင်တွေက မေတ္တာရပ်ခံကြောင်း ပြောပါတယ်။

တရုတ်ဘက်က ကိုဗစ်-၁၉ အကြောင်းပြကာ မြန်မာ - တရုတ် နယ်စပ် အားလုံးကို ရက်အကန့် အသတ်မရှိ ယာယီပိတ်ထားတာဖြစ်ပြီး ချင်းရွှေဟော်ဂိတ်ကိုလည်း အောက်တိုဘာလ ၆ ရက်နေ့ကစ ပိတ်ထားပါတယ်။

တရုတ် - မြန်မာ နှစ်နိုင်ငံ နယ်စပ်မှာ ပိတ်ထားတဲ့ ဂိတ်တွေကို ပြန်လည်ဖွင့်လှစ်ရေးအတွက် ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက် နှစ်နိုင်ငံ ဆွေးနွေးတဲ့ အစည်းအဝေးမှာ တရုတ်ဘက်က တရုတ်နိုင်ငံတွင်းရှိ ကုန်ပစ္စည်းတွေအား မြန်မာနိုင်ငံအတွင်း ထုတ်ခွင့်ပြုပေမယ့် မြန်မာကထွက်ရှိတဲ့ ပစ္စည်းတွေကို တရုတ်ဘက် ဝယ်ခွင့်မပြုတဲ့အတွက် ကုန်သွယ်ရေး မျှတမှု မရှိတာကြောင့် ဆိုင်းငံ့ထားလိုက်တယ်လို့ သိရပါတယ်။ 

ရွှေလီ-ဂျယ်ဂေါင်က ယူနန်ပြည်နယ်ရဲ့ အဓိက စီးပွားရေး အချက်အချာကျတဲ့ မြို့ဖြစ်သလို အပြည်ပြည်ဆိုင်ရာ အနေနဲ့လည်း ခါးပတ်လမ်း စီမံကိန်းရဲ့ အဓိက နေရာလို ဖြစ်နေတဲ့အတွက် ကျယ်ဂေါင်မြို့ကို ပိုမိုခေတ်မီဖွံ့ဖြိုးတိုးတက်ဖို့ ရပ်ကွက်၊ ချောင်း၊ မြောင်း၊ အဆောက်အအုံ တွေကိုပါ ပြန်လည်ပြုပြင်သွားဖို့ရှိတယ်လို့ တရုတ်သတင်းတခုမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013