
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုအလွန် ဖြစ်ပွားလာတဲ့ စစ်ဘေးပဋိပက္ခတွေနဲ့ စီးပွားရေးအကျပ်အတည်းတွေကြောင့် အခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းဖွင့်ချိန်မှာ အခြေခံပညာသင်ယူခွင့် ဆုံးရှုံးပြီး ကျောင်းပရဝဏ်ကို စွန့်ခွာနေရတဲ့ကလေးတွေ ၆ ဒသမ ၃ သန်းကျော်အထိ ရှိနေဆဲဖြစ်တယ်လို့ ISP Myanmar ရဲ့ သုတေသန စစ်တမ်းအရ သိရပါတယ်။
လက်ရှိ ပညာသင်နှစ်မှာ ကျောင်းအပ်နှံသူဦးရေဟာ ၆ ဒသမ ၇ သန်းသာရှိပြီး၊ သန်းခေါင်စာရင်း အချက်အလက်တွေအရ ရှိရမဲ့ ကျောင်းနေအရွယ် ကလေးဦးရေ ၁၃ သန်းဝန်းကျင်နဲ့ နှိုင်းယှဉ်ရင် ထက်ဝက်နီးပါးဖြစ်တဲ့ ကျောင်းနေအရွယ်ဦးရေ ၆ ဒသမ ၃ သန်းကျော်ဟာ ပညာသင်ယူခွင့် ဆုံးရှုံးနေတာ ဖြစ်ပါတယ်။
ဒါ့အပြင် အဆင့်မြင့်ပညာသင်ယူနိုင်ဖို့ အရေးကြီးတဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူဦးရေဟာလည်း ၂၀၂၀ ပြည့်နှစ်က ၉ သိန်းကျော် ရှိခဲ့ရာကနေ အခု ၂၀၂၆ ခုနှစ်မှာတော့ ၂ သိန်းခွဲဝန်းကျင်အထိ သိသိသာသာ လျော့နည်းသွားခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိ ၂၀၂၆ ခုနှစ် ပညာသင်နှစ်ကစလို့ စစ်ကောင်စီဘက်က အစိုးရကျောင်းတွေမှာ အသက် ၁၅ နှစ်အထိပဲ ကန့်သတ်ပြီး အတန်းဝင်ခွင့်စာမေးပွဲ (placement test) တွေ လုပ်လာတဲ့အတွက် အထက်တန်းအရွယ် ကျောင်းပြန်တက်ချင်သူတွေမှာ အခက်တွေ့နေကြရပါတယ်။
ပဋိပက္ခကြား စစ်ဘေးတိမ်းရှောင်လာကြတဲ့ ကျောင်းသူ၊ ကျောင်းသားတွေဟာလည်း ကျောင်းထွက်လက်မှတ်နဲ့ ကျောင်းပြောင်းလက်မှတ် ထုတ်မရတာကြောင့် ကျောင်းမအပ်နိုင်ကြတဲ့အခြေ ဆိုက်နေတယ်လို့ ISP စစ်တမ်းက ဖော်ပြပါတယ်။
အလားတူပဲ ကုန်ဈေးနှုန်းကြီးမြင့်ပြီး ဝင်ငွေနည်းပါးတာတွေကြောင့် လက်လုပ်လက်စား မိသားစုတွေဟာ ကလေးတွေအတွက် ဗလာစာအုပ်နဲ့ ခဲတံဝယ်ဖို့တောင် မတတ်နိုင်ကြတဲ့ အခြေအနေကို ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။
တဖက်မှာလည်း စစ်အာဏာရှင်မင်းအောင်လှိုင်က ပညာရေးကဏ္ဍအတွက် ဘတ်ဂျက်ပိုသုံးမယ်လို့ ပြောဆိုထားပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်မှာ ၆ ဒသမ ၉၂ ရာခိုင်နှုန်း သုံးစွဲမယ်လို့ ဆိုထားပေမဲ့ ဒီပမာဏဟာ အာဏာမသိမ်းခင် ၂၀၂၀-၂၀၂၁ ခုနှစ်က သုံးစွဲခဲ့တဲ့ ၈ ဒသမ ၀၇ ရာခိုင်နှုန်းကိုတောင် ပြန်မရောက်သေးတာ သတိပြုစရာ ဖြစ်ပါတယ်။
ဒီအခြေအနေမှာအမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကြားကာလပညာရေးနဲ့ တိုင်းရင်းသားအဖွဲ့တွေရဲ့ ပညာရေးအစီအစဉ်တွေဟာ ကလေးငယ်တိုင်း လက်လှမ်းမမီနိုင်တဲ့ အခြေအနေတွေနဲ့ မြန်မာစစ်အာဏာရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြားမှာ ပညာသင်ဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။
တအာင်းပြည်ပညာရေးကောင်စီ (TLEC) နယ်မြေတော့ မြန်မာစစ်တပ်က မြို့တွေ ပြန်သိမ်းတာနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အခုနှစ်မှာ စာသင်ကျောင်း ၂၀၀ ဝန်းကျင် ပိတ်လိုက်ရပြီး ကျောင်းအပ်နှံသူ အရေအတွက် ၅၀,၀၀၀ ဝန်းကျင်အထိ ကျဆင်းသွားခဲ့တယ်လို့ ISP စစ်တမ်းက ဆိုပါတယ်။
မြန်မာ့ပညာရေးဟာ စီးပွားရေးအဆင်မပြေမှု၊ စစ်ဘေးပဋိပက္ခနဲ့ နိုင်ငံခြားထွက် အလုပ်လုပ်ကိုင်မှုတွေကြောင့် ကျောင်းစွန့်ခွာသူ ပိုမိုများပြားလာနေပြီး၊ လက်ရှိမှာ အဆင့်မီပညာရေး (Quality Education) ကို မမျှော်မှန်းနိုင်သေးတဲ့အပြင် အခြေခံပညာရေး လက်လှမ်းမီမှု (Access to basic education) မှာတင် ကြီးမားတဲ့ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတယ်လို့ ISP Myanmar က သုံးသပ်ထုတ်ပြန်ထားပါတယ်။










