DVB Logo
Home
မြန်မာသတင်း
အာဆီယံရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပမည်
DVB
·
January 3, 2014
အာဆီယံရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပမည်
Donate to DVB

မြန်မာနိုင်ငံက ပထမဆုံးအကြိမ် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမယ့် အာဆီယံ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်း ညှိနှိုင်းမှုကော်မတီ အစည်းအဝေးကို လာမယ့် သီတင်းပတ်ထဲမှာ နေပြည်တော်မှာ ကျင်းပဖို့ ရှိနေပါတယ်။

ဒီအစည်းအဝေးမှာ နိုင်ငံအလိုက် ခွင့်မပြုတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေနဲ့ ပတ်သက်လို့ ကန့်သတ်ထားတာတွေကို ဖြေလျော့ဖို့အတွက် အာဆီယံနိုင်ငံတွေ အချင်းချင်း ပြန်လည်ညှိနှိုင်းသွားဖို့ ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက စုံစမ်းသိရပါတယ်။

aseanဒီအစည်းအဝေးမှာ အာဆီယံ ဘက်စုံရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်ကို ပြင်ဆင်ဖို့ အခြေပြုစာချုပ် လက်မှတ်ရေးထိုးနိုင်ဖို့၊ သဘောတူစာချုပ်ပါ ခွင့်မပြုနိုင်တဲ့ စာရင်းတွေ ပြင်ဆင်တာနဲ့ စာချုပ်အကောင်အထည်ဖော်ရေးကိစ္စတွေ အာဆီယံဒေသတွင်းရှိ နိုင်ငံတွေက အစိုးရအဖွဲ့ဝင် အချင်းချင်း တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်ကို ပြင်ဆင်ဖို့အတွက် အာဆီယံနိုင်ငံတွေ အကြားမှာ ညှိနှိုင်းအဖြေရှာကြမယ့် နည်းလမ်းတွေနဲ့ ပတ်သက်လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ဒီဗွီဘီကို အခုလိုပြောပါတယ်။

“အာဆီယံ ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်မှာ သူက နိုင်ငံအလိုက် ခွင့်မပြုတဲ့ လုပ်ငန်းတွေ ရှိတယ်။ ဒါတွေကို တဖြည်းဖြည်းနဲ့ ဖြေလျော့သွားရမယ်လို့ သဘောတူညီချက်တွေ ရှိတယ်။ ဘယ်လို ဖြေလျော့မယ်ဆိုတာ စာချုပ်ထဲမှာ အသေးစိတ် မရေးထားဘူး။ ဖြေလျော့တဲ့ အခါမှာ ဘယ်လိုမူချပြီး ဆောင်ရွက်ရမလဲဆိုတဲ့ လုပ်ထုံးလုပ်နည်းတွေကို ပြန်ညှိတာပါ။”

အာဆီယံ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းမှု ကော်မတီအနေနဲ့ ဒေသတွင်းနိုင်ငံတွေ အကြားမှာ ရင်းနှီးမြှုပ်နှံမှု တိုးတက်စေဖို့၊ လွယ်ကူချောမွေ့မှုနဲ့ ဖြေလျော့မှုတွေ ရှိစေဖို့ အပြင် အာဆီယံနဲ့ ဆွေးနွေးဘက်နိုင်ငံတွေအကြားမှာလည်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကတိက၀တ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို အလေးထားပြီး ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

ဒီဆွေးနွေးမှုကနေ ထွက်ပေါ်လာမယ့်ရလဒ်အပေါ် မူတည်ပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေးအပေါ် သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ ဦးအောင်နိုင်ဦးက အခုလို သုံးသပ် ပြောဆိုခဲ့ပါတယ်။

“အဓိကက သဘောတူညီချက်တွေကို ညှိတာဆိုတော့ သဘောတူညီချက် ပြီးသွားရင် တိုင်းပြည်အတွက် အကျိုးအမြတ်တွေ ရှိလာမှာပေါ့။ သဘောတူညီချက်အပေါ် မူတည်ပြီးမှ ဖြေလျော့ အကောင်အထည်ဖော်ရင်းနဲ့မှ တဖြည်းဖြည်းနဲ့ ရလဒ်က သိသာလာမှာပါ။ ကျန်တဲ့ဟာတွေနဲ့ မတူတာက သဘောတူညီချက်ကို ညှိတာဖြစ်တဲ့အတွက် ရလဒ်က မသိသာဘူး။”

အာဆီယံ ဒေသတွင်းနိုင်ငံတွေရဲ့ စီးပွားရေးအခြေအနေကို အဆင့်လိုက်ကြည့်မယ်ဆိုရင် မြန်မာ့စီးပွားရေးက အောက်ဆုံးအဆင့်မှာ ရှိတယ်ဆိုပေမယ့် ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး (ဂျီဒီပီ) အရ နှိုင်းယှဉ်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့အောက်မှာ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေက ရှိနေတာ ဖြစ်ပါတယ်။

ဒီပြင် မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေအပေါ် အာဆီယံစီးပွားရေးအသိုင်းအ၀န်းရဲ့ သုံးသပ်ချက်အရ အာရှဒေသမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး အလားအလာအကောင်းဆုံး နိုင်ငံ ၂ ခုစာရင်းထဲမှာ မြန်မာနိုင်ငံက တခုအပါအ၀င် ဖြစ်လို့ မြန်မာ့စီးပွားရေးက များစွာ အလားအလာ ရှိပါတယ်လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများဆိုင်ရာ ညွှန်ကြားမှုဦးစီးဌာနက ပြောပါတယ်။

အာဆီယံဒေသတခုလုံးကို နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကတော့ အမေရိကန်ဒေါ်လာ ၁၁၄ ဘီလီယံကျော် ရှိခဲ့တယ်လို့ ၂၀၁၂ ခုနှစ်ထုတ် အာဆီယံ ရင်းနှီးမြှုပ်နှံမှုအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

၆၂ ကြိမ်မြောက် အာဆီယံ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းမှုဆိုင်ရာ ကော်မတီ အစည်းအဝေးပွဲကို မြန်မာနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ နေပြည်တော် အမရာဟိုတယ်မှာ ဇန်န၀ါရီ ၁၀ ရက်ကနေ ၁၁ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပြီး အာဆီယံနဲ့ မြန်မာနိုင်ငံက ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အရာရှိပေါင်း ၅၀ လောက် တက်ရောက်ဆွေးနွေးကြဖို့ ရှိနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013