မန္တလေးမြို့မှာ အောက်တိုဘာ ၂၂ ရက် ညပိုင်းက စစ်တပ်ပိုင် မြဝတီဘဏ်ခွဲအနီး ပေါက်ကွဲမှု အပါအဝင် နေရာ ၃ နေရာထက်မနည်း ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။
စစ်ကိုင်းလမ်းခွဲအနီး ရန်ကုန်-မန္တလေး လမ်းပေါ်က မြဝတီဘဏ်အနီး၊ တမာတန်းစစ်တပ်အနီးနဲ့ အမရပူရမြို့တို့မှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တာလို့ သိရပါတယ်။
“မြဝတီဘဏ်နဲ့ တမာတန်းဘက်က ကားနဲ့ လာပစ်သွားတာလို့ ပြောကြတယ်။ အစောင့်တွေ ဘက်က ပြန်ပစ်သံတွေလည်း ကြားတယ်။ ထိခိုက် ဒဏ်ရာရတာတော့ မကြားမိဘူး” လို့ မန္တလေးမြို့နေ ပြည်သူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် အောက်တိုဘာ ၂၂ ရက် ည ၁၀ နာရီဝန်းကျင်က သံလျှက်မှော်အနောက်ရပ်ကွက်ရှိ နေအိမ်တအိမ်မှာ စစ်ကောင်စီတပ်သားတွေဟာ အသံဗုံးဖောက်ကာ ဝင်ရောက်ရှာဖွေတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။
ရပ်ကွက်နေပြည်သူ တစ်ဦးက “အသံဗုံး နှစ်ချက်လောက် ဖောက်တယ်။ ပြီးတော့ ရှာဖွေတာတွေ လုပ်တယ်။ ဘာလို့ ဝင်ရှာလဲတော့ မသိဘူး။ အဲဒီအိမ်က သူ့သားကို အမွေပြတ်စွန့်လွှတ်ထားတာ။ ပြန်ထွက်တော့ ဒိုင်းတွေကာပြီး ပြန်ထွက်သွားကြတယ်” လို့ ပြောပါတယ်။
ဝင်ရောက်ရှာဖွေတဲ့အိမ်ကနေ လူဖမ်းဆီးတာနဲ့ ပစ္စည်းသိမ်းဆည်းသွားတာမရှိဘူးလို့ သိရပါတယ်။
မတ္တရာမြို့နယ်၊ စကျင်လမ်းခွဲနဲ့ တိုးဂိတ်အကြားမှာလည်း အောက်တိုဘာ ၂၃ ရက် မနက် ၂ နာရီခွဲလောက်က ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားပြီး လူ ၂ ဦးသေဆုံးသွားတယ်လို့ အနီးပတ်ဝန်းကျင်ရှိ ပြည်သူတချို့က ပြောပါတယ်။