DVB Logo
Home
မြန်မာသတင်း
သုံးရက်အတွင်း ဟားခါးပြည်သူ နှစ်ထောင်ကျော် အိုးအိမ်စွန့်ခွာထွက်ပြေး
DVB
·
October 22, 2021
သုံးရက်အတွင်း ဟားခါးပြည်သူ နှစ်ထောင်ကျော် အိုးအိမ်စွန့်ခွာထွက်ပြေး
Donate to DVB

ဟားခါးမြို့ကို အင်အားသုံးထိန်းချုပ်ဖို့ စစ်ကောင်စီက ကြိုးစားနေတာကြောင့် အောက်တိုဘာ ၂၀ ကနေ ၂၂ ရက်နေ့အထိ သုံးရက်အတွင်း ချင်းပြည်နယ် ဟားခါးမြို့ကနေ ကြောက်လန့်ပြီး အိုးအိမ်စွန့်ခွာထွက်ပြေးတဲ့ ပြည်သူ ၂ ထောင်ကျော် အိမ်ထောင်စုပေါင်း ၄၀၀ နီးပါးအထိ ရှိလာတယ်လို့ ချင်းပြည်နယ်ဒေသခံ နိုင်ငံရေးသမားတစ်ယောက်က ခန့်မှန်းပါတယ်။

ဟားခါးမြို့ထဲကို အောက်တိုဘာ ၂၀ ရက်က တင့်ကားတွေအပါအဝင် စစ်ကား ၅၀ ကျော်နဲ့ စစ်သားအင်အား ၄၀၀ ကျော်ထပ် တိုးဝင်ရောက်ခဲ့တာကြောင့် မူလရှိတဲ့ အင်အားနဲ့ပေါင်းရင် စစ်ကောင်စီတပ်သား ၇၀၀ နီးပါး ရှိလာပါတယ်။ 

ဟားခါးမြို့မှာ စစ်ကောင်စီက သန်းခေါင်စာရင်းစစ်တာ၊ သေနတ်ပစ်ဖောက်ခြိမ်းခြောက်တာတွေလည်း ညတိုင်း ပြုလုပ်နေတာလို့ ချင်းပြည်နယ်ဒေသခံနိုင်ငံရေးသမားတစ်ဦးက  ပြောပါတယ်။

“စစ်ကောင်စီက ညတိုင်းသေနတ်ဖောက်တာတွေ၊ ဧည့်စာရင်းစစ်တာတွေလုပ်နေတယ်။ ထွက်ပြေးကြတာတော့ မိသားစု ၄၀၀ နီးပါးရှိလိမ့်မယ်။” 

စစ်ကောင်စီက ဖုန်းလိုင်းတွေ အင်တာနက်တွေဖြတ်တောက်ပြီး ဒေသခံ CDF တွေရဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေကို ဖြတ်တောက်နေသလို စစ်ကောင်စီရဲ့ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်နိုင်အောင် ချင်းပြည်နယ်၊ ဟားခါး-ထန်တလန်ကြားမှာရှိတဲ့ သီးမြစ်ကူးတံတားကို CNF၊ CDF၊ CNDF ပူးပေါင်းအဖွဲ့က အောက်တိုဘာ ၂၁ရက်နေ့မှာ မိုင်းခွဲဖျက်ဆီးခဲ့ပါတယ်။ 

စစ်ကောင်စီဟာ အနောက်မြောက်တိုင်းစစ်ဒေသက ပြည်သူတွေကို အကြမ်းဖက် ခြိမ်းခြောက်တာ တွေ ဆက်တိုက်ပြုလုပ်နေပြီး စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်မှာ စစ်ရှောင်ပြည်သူ ၁ သောင်းကျော်အထိရှိလာပါတယ်။ မင်းကင်းမြို့နယ် ပန်းဆက်ရွာနဲ့ အနီးနားက ၇ ရွာ လောက်မှာနေထိုင်တဲ့ ပြည်သူတွေဟာ ခန္တီး၊ ဟုမ္မလင်းနဲ့ မုံရွာမြို့တွေဆီကို ပြောင်းရွှေ့နေရပါတယ်။ 

မင်းကင်း PDF က စစ်သား ၂၀ ကျော်နဲ့ ပျူစောထီး ၅၀ ကျော်ကို ရှင်းလင်းခဲ့ပြီး PDF တွေဘက်က ကျဆုံးမှုနဲ့ အဖမ်းခံရသူ အများအပြားရှိခဲ့ပါတယ်။

မင်းကင်း PDF တာဝန်ရှိသူတစ်ဦးက "စစ်ဘေးရှောင်တွေများလာပြီ။ နေရပ်တွေကိုစွန့်ခွာဖို့ စဉ်းစားနေကြပြီ။ တကယ်လည်းစွန့်ခွာနေကြပြီ။ တစ်ရက်ကို အိမ်ထောင်စု ၂၀ လောက်က တခြားနေရာတွေကိုပြောင်းနေကြပြီ။ PDF တွေကလည်း သူတို့ထိုးစစ်အပေါ်မူတည်ပြီး ခံစစ်တွေ လုပ်ရတာလည်း အကြိမ်ရေစိပ်လာတယ်။ မင်းကင်းမြို့နယ်က တော်လှန်ရေးစကတည်းက ထိခိုက်မှုတွေနဲ့ စခဲ့ရတယ်။ လူသိနည်းတဲ့ မင်းကင်းဟာ ထိခိုက်သေဆုံးမှုတွေနဲ့ လူသိများလာတာပါ။ အလှူတွေ ကူညီထောက်ပံ့မှုတွေက နည်းပါးပါတယ်။  ထိခိုက်မှုတွေ များသလောက် ထောက်ပံ့မှုတွေရတာ နည်းသေးတယ်။ ရချင်လို့ဆိုတာထက် ပြည်သူတွေကို လက်နက်အင်အား လုံလုံလောက်လောက်နဲ့ ကာကွယ်ပေးချင်တာပါ" လို့ ပြောပါတယ်။ 

စစ်ကောင်စီက ချင်းပြည်နယ်ကို ဖိအားပေးနေတဲ့အတွက် မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းနယ်စပ်ဒေသခံ PDF တွေက စစ်ကောင်စီရဲ့ ထောက်ပို့လမ်းကြောင်းတွေကို ကြားဖြတ်တိုက်ခိုက်ဖို့ ကြိုးစားနေပါတယ်။ 

ချင်းပြည်နယ်မှာ စစ်ဘေးရှောင်စုစုပေါင်း ၅ သောင်းကျော်အထိ ရှိနေပြီး အနောက်မြောက်တိုင်းစစ်ဒေသတစ်ခုလုံးမှာဆိုရင်တော့ စစ်ရှောင်ပြည်သူ သိန်းနဲ့ချီရှိလာပါတယ်။

မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲက ကျေးရွာတွေကိုလည်း စစ်ကောင်စီက ဝင်ရောက်စခန်းချ အကြမ်းဖက်နေတာကြောင့် ဒေသခံ PDF တွေဟာ အခွင့်သာချိန်ကို စောင့်နေရတယ်လို့ ဆိုပါတယ်။ 

အနောက်မြောက်တိုင်းစစ်ဒေသမှာ စစ်ကောင်စီက ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေလုပ်နေတဲ့အတွက် စစ်ဘေးရှောင်အရေအတွက်ဟာ တနေ့တခြားပို မိုများပြားလာပြီး စားဝတ်နေရေး အခက်အခဲကြုံနေရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013