DVB Logo
Home
Lead Story
၁ နှစ်အတွင်း စီးပွားရေးသုံးသပ်ချက်
DVB
·
January 2, 2014
၁ နှစ်အတွင်း စီးပွားရေးသုံးသပ်ချက်
Donate to DVB

၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးနဲ့ တိုင်းရင်းသားအရေးစတဲ့ ကဏ္ဍအသီးသီးမှာ ထူးခြားတဲ့ ဖြစ်ရပ်တွေကို ဒီဗွီဘီက တင်ဆက်ပေးနေပြီး မြန်မာ့စီးပွားရေးလောကရဲ့ ၁ နှစ်တာအတွင်း ထူးခြားထင်ရှား ဖြစ်ရပ်တွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ သမ္မတဦးသိန်းစိန်အစိုးရရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကြောင့် ၂၀၁၃ ခုနှစ်အတွင်းမှာ မြန်မာ့စီးပွားရေးမှာ ကဏ္ဍအသီးသီးမှာ ခါတိုင်းနှစ်တွေထက် ပိုမို ထူးခြားတဲ့ အလှုပ်အခတ် အပြောင်းအလဲတွေ အများအပြားရှိခဲ့တဲ့နှစ်လို့ ပြောရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတွေရဲ့ စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုတွေ ဖြေလျော့ပေးခဲ့ပြီးနောက် ကမ္ဘာဘဏ်၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်လို ကမ္ဘာ့အဖွဲ့အစည်းကြီးတွေရဲ့ အကူအညီပေးမှုတွေနဲ့ မြန်မာ့စီးပွားရေးဟာ ဖွံ့ဖြိုးတိုးတက်မယ့် လမ်းကြောင်းပေါ်ကို စတင်ရောက်ရှိလာပြီး ဒေသတွင်းမှာ စီးပွားရေးလုပ်ဖို့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ စိတ်ဝင်စားဆုံးမှု အခံရဆုံး နိုင်ငံတခု ဖြစ်လာခဲ့ပါတယ်။

နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုအခြေအနေကို ကြည့်မယ်ဆိုရင် ၂၀၁၃ ခုနှစ်မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်ကို ရေးဆွဲပြဋ္ဌာန်းနိုင်ခဲ့တဲ့အပြင် တခြား ထူးခြားချက်တွေ ကလည်း ရှိနေပါတယ်။

အစိုးရက တရားဝင်ထုတ်ပြန်တဲ့စာရင်းအရ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုပမာဏက အခု ဘဏ္ဍာရေးနှစ်ရဲ့ ဧပြီလ ၁ ရက်ကစလို့ နိုဝင်ဘာလ နောက်ဆုံးရက်အထိကို အမေရိကန်ဒေါ်လာ ၁ ဒဿမ ၈ ဘီလီယံ ရရှိထားပြီး ဖြစ်ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ၂၀၁၂ - ၁၃ ဘဏ္ဍာရေးနှစ် ကာလတခုလုံးရဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏကို ကျော်လွန်ပြီး အမေရိကန်ဒေါ်လာ ၀ ဒဿမ ၄ ဘီလီယံ ပိုမို ရရှိထားတာ ဖြစ်ပါတယ်။
ဒီနှစ်မှာ ၀င်ရောက်လာတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းက ကုန်ထုတ်လုပ်မှုကဏ္ဍအပေါ်မှာ ရင်းနှီးမြှုပ်နှံထားတာ ဖြစ်လို့ ဒါဟာ နှစ်ပေါင်း ၂၅ နှစ် အကြာမှာ ရှိတဲ့ ထူးခြားတဲ့ ဖြစ်စဉ်တခု ဖြစ်တယ်လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများဆိုင်ရာ ညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောဆိုခဲ့ပါတယ်။

“အဓိကအချက်က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေသစ် ထွက်သွားတယ်။ ဒါက အရေးကြီးတဲ့အချက်ပေါ့။ ဒုတိယက နိုင်ငံခြားရင်းနှံမြှုပ်နှံမှုနဲ့ ပတ်သက်လာရင် နိုင်ငံတော်ရဲ့ မူဝါဒကလည်း အတားအဆီးတွေ၊ အခက်အခဲတွေကို ဖြေလျှော့ပေးလိုက်တယ်။ တတိယက မြန်မာနိုင်ငံက အီးယူ စီးပွားရေးပိတ်ဆို့မှု လွတ်သွားတယ်။ အီးယူဘက်က ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာတယ်။ နောက်တခုက အမေရိကန်ဘက်ကလည်း ဖြေလျှော့မှုတွေ ပေးလိုက်တာ ရှိတယ်။ မြန်မာပြည်ရဲ့ ပို့ကုန်တွေအပေါ်မှာ ဖြေလျှော့မှုတွေ ပေးလိုက်တယ်။ ဒါတွေကလည်း ရင်းနှီးမြှုပ်နှံမှုတွေ တိုးလာဖို့ အကြောင်းတရားတွေဖြစ်တယ်။ နောက်တခုက မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေကြောင့် နိုင်ငံရေးအရလည်း ပွင့်လင်းသွားပြီ၊ စီးပွားရေးအရလည်း ပွင့်လင်းသွားပြီ၊ တိုင်းပြည်က အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်ပြီး မဟာဗျူဟာကျတဲ့ အနေအထားရယ်၊ လုပ်သားအင်အား ပေါတာရယ်၊ သဘာဝအရင်းအမြစ် ပေါများတာတွေကြောင့်၊ ဒါတွေက အရင်ကတည်းက ရှိခဲ့ပေမယ့် နိုင်ငံရေးအခြေအနေကြောင့် ဖြစ်မလာခဲ့ဘူး။ နိုင်ငံရေးပွင့်လင်းသွားတော့ ရင်းနှီးမြှုပ်နှံမှုတွေက ကပ်ပြီးပါလာတဲ့သဘောပေါ့။”

နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေအထဲမှာ ထားဝယ်နဲ့ သီလ၀ါ အထူးစီးပွားရေး ဇုန် စီမံကိန်းကြီးတွေဟာ ထိုင်းနဲ့ ဂျပန်အစိုးရတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ရုပ်လုံးပေါ်လာသလို ဒီနှစ်အတွက် ထူးခြားမှုတရပ်ကတော့ မြန်မာ့ဆက်သွယ်ရေးကဏ္ဍအပေါ် ပြည်ပဆက်သွယ်ရေး ကုမ္ပဏီကြီးတွေကို ၀င်ရောက်လာဖို့အတွက် တင်ဒါခေါ်ပြီး စိစစ်ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

တင်ဒါရွေးချယ်ရေးနဲ့ ပတ်သက်လို့ လွှတ်တော်အတွင်းမှာ သဘောထားကွဲလွဲမှုတွေ ရှိခဲ့တာကြောင့် တင်ဒါ ရွေးချယ်တဲ့နေ့ရက်ကို ရက်ရွှေ့ဆိုင်းဖို့အထိ ဖြစ်လာခဲ့ပေမယ့် နောက်ဆုံးမှာတော့ သတ်မှတ်ရက်ဖြစ်တဲ့ ဇွန် ၂၇ ရက်နေ့မှာ အပြီးသတ် ဆောင်ရွက် နိုင်ခဲ့ပါတယ်။

တင်ဒါရရှိဖို့အတွက် ပြည်ပဆက်သွယ်ရေးကုမ္ပဏီကြီး ၁၁ ခုတို့က အပြိုင်အဆိုင် လျှောက်ထားမှု ရှိခဲ့ပြီး ဒီ ၁၁ ခုထဲက နော်ဝေအခြေစိုက် တယ်လီနော့ကုမ္ပဏီ၊ ပြင်သစ်အခြေစိုက် အော့ရိမ်းကုမ္ပဏီနဲ့ ကာတာက အော့ရီဒူကုမ္ပဏီတို့ ရွေးချယ်ခံခဲ့ရပါတယ်။

ဒါနဲ့ ဆက်စပ်ပြီး ၂၀၁၃ ခုနှစ်ထဲမှာ မြန်မာအစိုးရက ဆင်းကတ်တခုရဲ့ ဈေးနှုန်းကို ကျပ် ၂ သိန်းနဲ့ ရောင်းနေရာကနေ ကျပ် ၁၅၀၀ ထိ ဈေးလျော့ပြီး နိုင်ငံတ၀န်း ကံစမ်းမဲတွေဖောက် ပေးကာ ပြည်သူတွေကို ရောင်းချပေးခဲ့တာဟာလည်း ထူးခြားချက်တရပ်လို့ ပြောရမှာ ဖြစ်ပါတယ်။

တခါ မြန်မာနိုင်ငံရဲ့ ငွေရေးကြေးရေးကဏ္ဍကို တင်ပြရမယ်ဆိုရင် ၂၀၁၃ ခုနှစ်ထဲမှာ မြန်မာ့ငွေရေးကြေးရေးကဏ္ဍက ထူးခြားတဲ့မှတ်တိုင်တခုအနေနဲ့ ရှိခဲ့ပါတယ်။
ဒါကတော့ ဗဟိုဘဏ်အနေနဲ့ အစိုးရအဆက်ဆက်ရဲ့လက်ထက်မှာ ဘဏ္ဍာရေး ၀န်ကြီးဌာနရဲ့ လက်အောက်မှာ ရပ်တည်ခဲ့ရပေမယ့် အရပ်သားအစိုးရဖြစ်တဲ့ သမ္မတ ဦးသိန်းစိန်လက်ထက်မှာတော့ တမူထူးခြားစွာနဲ့ဘဲ သီးခြားလွတ်လပ်မှုရှိတဲ့ အဖွဲ့အစည်း တခုအနေနဲ့ ပထမဆုံးအကြိမ် ရပ်တည်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒီအတွက်လည်း ဗဟိုဘဏ်ဥပဒေကို ပြဋ္ဌာန်းနိုင်ခဲ့သလို ဒီဥပဒေအရ ဗဟိုဘဏ်ရဲ့ အကြီးအကဲတွေကို နိုင်ငံတော်သမ္မတ ကိုယ်တိုင် ခန့်အပ်ထားတာ ဖြစ်တဲ့အပြင် ပြည်ထောင်စုဝန်ကြီးအဆင့် လုပ်ပိုင်ခွင့်အရလည်း အပြည့်အ၀ ပေးထားတာ ဖြစ်တဲ့အကြောင်း အစိုးရက တရားဝင် ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ငွေရေးကြေးရေးကဏ္ဍမှာ နောက်ထပ်ထူးခြားမှုတခုကလည်း ဘဏ်တွေအကြားမှာ လွတ်လပ်တဲ့ နိုင်ငံခြားငွေ လဲလှယ်ရောင်းဝယ်ခွင့်စနစ် inter bank market ကို ထူထောင်နိုင်မှု၊ ဒေါ်လာနဲ့ ကျပ်ငွေ လဲလှယ်မှုကို နှုန်းရှင်သတ်မှတ်ပေးမှုနဲ့ Financial Institution Law ကိုလည်း အသစ် ပြန်လည်ပြဋ္ဌာန်းနိုင်ဖို့ ရေးဆွဲနေမှုတို့ကလည်း ထူးခြားချက်တွေ ဖြစ်ပါတယ်။

ဒါကြောင့် မြန်မာ့ငွေရေးကြေးရေးကဏ္ဍနဲ့ ပတ်သက်လို့ ၂၀၁၃ ခုနှစ်က ထူးခြားမှုတွေ များစွာ ရှိခဲ့တဲ့ နှစ် ၁ နှစ်လို့ ဆိုနိုင်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားခဲ့ပါတယ်။
“အများကြီးရှိတာပေါ့။ ဥပမာ - ဗဟိုဘဏ်က သီးခြား လွတ်လပ်မှုရှိလာတာက တခု၊ ငွေကြေးနဲ့ ပတ်သက်ပြီး အဓိက အကြီးဆုံးကတော့ နိုင်ငံခြားငွေ လဲလှယ်ရောင်းဝယ်ခွင့်စနစ် (inter bank market) ကို ထောင်လိုက်တာ။ ငွေကြေးနဲ့ ပတ်သက်တဲ့ အဓိက စတင်လုပ်တာက အများကြီးဖြစ်နေတဲ့ ငွေလဲနှုန်းကို အရင်တုန်းက ၆ ကျပ်ကနေပြီး ဈေးနှုန်း ငွေလဲနှုန်းကို မြှင့်တင်နိုင်တယ်။ ပြီးတော့ ဒေါ်လာလိုချင်တဲ့ သူတွေ ဒေါ်လာရောင်းချင်တဲ့သူတွေကို ကိုယ်တို့ဆီကိုလာစရာမလိုပဲ ဘဏ်အချင်းချင်း တရားဝင် ရောင်းဝယ်ခွင့်ပေးလိုက်တယ်။ နောက်ပြီးတော့ ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေကို ကမ္ဘာ့ဘဏ်နဲ့ အတူတူပေါင်းပြီးရေးတာ ပြီးသွားပြီ။ ဒါပေမယ့် လွှတ်တော် မတင်ရသေးဘူး။ လွှတ်တော်တင်ဖို့ အဆင့်ဆင့် ဖြတ်ရအုံးမယ်။ အခု နိုင်ငံခြားဘဏ် တွေကို ၀င်ခွင့်ပြုဖို့ စပြီး အစီအစဉ်တွေ လုပ်နေတယ်။ နောက်ပြီးတော့ နိုင်ငံတကာ ခရစ်ဒစ်ကတ် တွေကို နိုင်ငံခြားက ခရစ်ဒစ်ကတ်တွေ ဒီမှာသုံးလို့ရပြီ၊ ပြီးတော့ မြန်မာပြည်က ဘဏ်တွေက ဗီဇာကတ်တွေ မာစတာကတ်တွေကို ထုတ်လို့ရပြီ။”

တခါ ကုန်သွယ်ရေးဘက်ကို ဆက်ရမယ်ဆိုရင် ကုန်သွယ်မှုဟာ နိုင်ငံတနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မောင်းနှင်ပေးနိုင်စွမ်းရှိတဲ့ အင်ဂျင်တခု ဖြစ်တယ်လို့ စီးပွားရေးပညာရှင်တွေက ပြောဆိုထားတာ ဖြစ်ပါတယ်။

ဒါကြောင့် မြန်မာ့ကုန်သွယ်မှု အင်ဂျင်ကကော ၂၀၁၃ ခုနှစ်အတွင်းမှာ ခရီးပေါက်အောင် မောင်းနှင်နိုင်စွမ်းရှိပါရဲ့လားဆိုတာ ကြည့်ကြရမှာ ဖြစ်ပါတယ်။
မြန်မာ့ကုန်သွယ်မှုက ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်အထိ သိရတဲ့စာရင်းအရ ပို့ကုန်တန်ဖိုးက အမေရိကန်ဒေါ်လာ ၇ ဒဿမ ၆၈၂ ဘီလီယံနဲ့ သွင်းကုန်တန်ဖိုးက အမေရိကန်ဒေါ်လာ ၈ ဒဿမ ၉၄၂ ဘီလီယံရှိလို့ ကုန်သွယ်မှုစုစုပေါင်းက ၁၆ ဘီလီယံကျော် ရရှိထားပြီး ဖြစ်ပါတယ်။

ကာလတူ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်မှာတော့ ပို့ကုန်တန်ဖိုးက အမေရိကန်ဒေါ်လာ ၆ ဒဿမ ၀၉၄ ဘီလီယံနဲ့ သွင်းကုန်တန်ဖိုးက အမေရိကန်ဒေါ်လာ ၆ ဒဿမ ၄၄၆ ဘီလီယံ ရှိလို့ ကုန်သွယ်မှု စုစုပေါင်းက ၁၂ ဘီလီယံကျော် ရှိခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ၂၀၁၃ ခုနှစ်မှာရှိခဲ့တဲ့ ကုန်သွယ်မှုပမာဏက ကာလတူ ပြီးခဲ့တဲ့၂၀၁၂ ခုနှစ်ရဲ့ ကုန်သွယ်မှုပမာဏနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အမေရိကန်ဒေါ်လာ ၄ ဘီလီယံကျော် ပိုမိုရရှိထားပြီး ဖြစ်လို့ ကုန်သွယ်မှုပမာဏက တိုးတက်မှုရှိတဲ့အကြောင်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရဲ့ အကြံပေးအရာရှိ ဒေါက်တာ မောင်အောင်က ပြောပါတယ်။
ဒါပေမယ့် ဒီကိန်းဂဏန်းတွေအရ မြန်မာ့ကုန်သွယ်မှုတန်ဖိုးဟာ ပြီးခဲ့တဲ့နှစ်ထက် ပိုမို ရရှိခဲ့တယ်ဆိုပေမယ့်လည်း ကုန်သွယ်မှုမှာ လိုငွေက ပြနေပါတယ်။ ဒါကြောင့် ကုန်သွယ်မှုမှာ လိုငွေက ရှိနေတာဖြစ်လို့ ဒါဟာ တိုင်းပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် ဘယ်လို သက်ရောက်မှု ရှိနေသလဲဆိုတာက မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။
ဒါနဲ့ ပတ်သက်ပြီး ဒေါက်တာမောင်အောင်က အခုလို ရှင်းလင်းပြောကြားခဲ့ပါတယ်။

“အခုအချိန်က စပြီး စီးပွားရေးဖွင့်တဲ့ အချိန်လေ။ ဖွင့်တဲ့အချိန်ဖြစ်တဲ့အတွက် တည်ဆောက်တဲ့အချိန်ပေါ့။ သွင်းကုန်များနေတယ်။ သွင်းကုန်များတယ်ဆိုပေမယ့် သွင်းကုန်တွေ တော်တော်များများက ရင်းနှီးကုန်စည်တွေများတယ်။ ယေဘုယျ အားဖြင့် သုံးမျိုး ခွဲထားတယ်။ ရင်းနှီးကုန်စည်၊ လုပ်ငန်းသုံး ကုန်ကြမ်း၊ နောက်တခုက လူသုံးကုန် ပစ္စည်းပေါ့။ အဲဒီကြားထဲမှာ တကယ်သိသိသာသာ သွင်းကုန်များတာက ရင်းနှီးကုန်စည် များတယ်။ နိုင်ငံ တည်ဆောက်တဲ့ အချိန်မှာ ရင်းနှီးကုန်စည်က ပိုများရတယ်။ ရင်းနှီးကုန်စည်တွေ တင်သွင်းပြီး တည်ဆောက်ထားမှ နောင်တချိန်မှာလုပ်မယ့် ထုတ်လုပ်မှု လုပ်ငန်းတွေကို အထောက်အကူပြုမယ်။ တင်သွင်းတဲ့ တော်တော်များများကလည်း နောင်ထုတ်လုပ်မှုအတွက် လိုအပ်တဲ့ ရင်းနှီးမှုတွေ ဖြစ်တယ်။ အဲဒါကို ပိုတင်သွင်းတဲ့ သဘောပေါ့။”

ပို့ကုန် အမယ်စာရင်းထဲမှာဆိုရင်လည်း အဓိက ပို့ကုန်အမယ်တွေကတော့ သဘာဝ ဓာတ်ငွေ့၊ ချုပ်ပြီးအထည်၊ လယ်ယာထွက်ကုန်၊ သစ်တောထွက်ပစ္စည်း၊ ရေထွက်နဲ့ တိရစ္ဆာန်ထွက်ပစ္စည်းတွေ ဖြစ်ပြီးတော့ အများဆုံး တင်ပို့မှုရှိနေတာက သဘာဝဓာတ်ငွေ့ တင်ပို့မှု ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်မှာဆိုရင် ဒီဇင်ဘာ ၁၃ ရက်အထိ သဘာဝဓာတ်ငွေ့နဲ့ ချုပ်ပြီး အထည် တင်ပို့မှုက အမေရိကန်ဒေါ်လာ ၃ ဒဿမ ၃ ဘီလီယံ ရှိလို့ ကာလတူ ပြီးခဲ့တဲ့နှစ်နဲ့ ယှဉ်ရင် ဒေါ်လာသန်း ၃၅၀ ကျော် ပိုမိုတင်ပို့မှု ရှိခဲ့ပါတယ်။

အလားတူ ကျောက်မျက်တင်ပို့မှုကလည်း ဒေါ်လာ ၁ ဘီလီယံကျော် ရှိလို့ ကာလတူ ပြီးခဲ့တဲ့နှစ်နဲ့ယှဉ်ရင် ဒေါ်လာသန်း ၇၀၀ ကျော်နဲ့ လယ်ယာထွက်ကုန်တင်ပို့မှုကလည်း မနှစ်ကထက် ဒေါ်လာသန်း ၁၂၀ ကျော် အသီးသီး ပိုမိုတင်ပို့နိုင်ခဲ့ပြီး ရေထွက်ကုန်နဲ့ တိရစ္ဆာန်ထွက် ပစ္စည်းတင်ပို့မှုက မနှစ်က တင်ပို့မှုကို ပြည့်မီဖို့အတွက် ဒေါ်လာ သန်း ၁၀၀ နီးပါး လိုအပ်နေသေးတယ်လို့ ဒေါက်တာမောင်အောင်က ပြောပါတယ်။

ဒီနောက် ၂၀၁၃ ခုနှစ်ထဲမှာ ထူးခြားမှုတရပ်ကတော့ ၂၀၁၃ ဇွန်လက မြန်မာနိုင်ငံ မြို့တော် နေပြည်တော်မှာ အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီပွားရေးဖိုရမ်ကို အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တာ နောက် မြန်မာနိုင်ငံနဲ့ စီးပွားရေးအရ ဆယ်စုနှစ် တခုကျော်တဲ့အထိ ဆက်ဆံမှု မရှိခဲ့တဲ့ အီးယူက အီးယူ-မြန်မာ task force ရဲ့စီးပွားရေးဆိုင်ရာဆွေးနွေးပွဲကို ရန်ကုန်မှာ ပထမဆုံးအကြိမ် ကျင်းပနိုင်ခဲ့တာတွေဟာလည်း မြန်မာ့စီးပွားရေးမှတ်တိုင်သစ်တွေပဲ ဖြစ်ပါတယ်။

တခါ ပဲရစ်ကလပ် အဖွဲ့ဝင် ၁၁ နိုင်ငံက မြန်မာနိုင်ငံတင်ရှိနေတဲ့ ကြွေးမြီ ၆၀ ရာခိုင်နှုန်းဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၆ ဘီလီယံကျော်ကို လျော်ပစ်ဖို့ ၂၀၁၃ ခုနှစ်ထဲမှာ သဘောတူညီမှု ရရှိခဲ့ပြီး အာရှဖွံ့ဖြိုးရေးဘဏ်နဲ့ ကမ္ဘာ့ဘဏ်တို့ကလည်း မြန်မာနိုင်ငံ တင်ရှိနေတဲ့ အကြွေးတွေကို ဂျပန်နိုင်ငံရဲ့ ထောက်ခံချက်နဲ့ ပယ်ဖျက်ပေးခဲ့ပါတယ်။

မြန်မာပြည်မှာ နိုင်ငံရေးနဲ့ စီးပွားရေး ပွင့်လင်းလွတ်လပ်လာတာနဲ့အမျှ မြန်မာကို ၂၀၁၃ ခုနှစ်အတွင်း လာရောက်လည်ပတ်ခဲ့ကြတဲ့ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည် အရေအတွက်ဟာ စံချိန်တင်မြင့်တက်လာခဲ့ပြီး ဒီဇင်ဘာ ၂၂ ရက်အထိ ၁ ဒဿမ ၉ သန်း ရှိသွားပြီလို့ ဟိုတယ်နဲ့ ခရီးသွားလာရေး ၀န်ကြီးဌာနက စာရင်းတွေအရ သိရပါတယ်။

တဖက်မှာ ကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်း တိုးတက်လာသလို ဟိုတယ် မလုံလောက်မှု ပြဿနာ၊ အိမ်ခြံမြေဈေးတွေ အဆမတန်ကြီးမြင့်နေတာတွေကြောင့်လည်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတား ဖြစ်စေလိမ့်မယ်လို့ သုံးသပ်နေကြတာ ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ) ကတော့ မြန်မာ့စီးပွားရေးဟာ ၂၀၁၃ ခုနှစ်မှာ ၆ ရာခိုင်နှုန်း တိုးတက်မှုရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ဒ့ါပြင် မြန်မာပြည်ရဲ့ သဘာဝ သယံဇာတ​တွေ ​ပေါကြွယ်မှု၊ အာရှမှာ မဟာဗျူဟာကျတာနဲ့ ကမ္ဘာလှည့်​ခရီး​သွား​တွေ တဟုန်ထိုး​ ဝင်​ရောက်လာနိုင်တာ​တွေ​ကြောင့်​ ၂၀၁၄ ခုနှစ်မှာလည်း ၆ ဒဿမ ၃ ရာခိုင်နှုန်း တိုးတက်မယ်လို့ ခန့်မှန်းထားတဲ့အကြောင်း တင်ဆက်ရင်းနဲ့ ၂၀၁၃ မြန်မာ့စီးပွားရေး နှစ်ချုပ် သုံးသပ်ချက်အစီအစဉ်ကို ရပ်နားလိုက်ရပါတယ်။

အသံဖိုင် နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013