DVB Logo
Home
မြန်မာသတင်း
အကျဉ်းထောင်မှလွတ်မြောက်ပြီးနောက် ပြန်လည်ဖမ်းဆီးခံရသူပေါင်း ၁၀၀ ကျော်ရှိလာ
DVB
·
October 21, 2021
အကျဉ်းထောင်မှလွတ်မြောက်ပြီးနောက် ပြန်လည်ဖမ်းဆီးခံရသူပေါင်း ၁၀၀ ကျော်ရှိလာ
Donate to DVB

စစ်ကောင်စီက သီတင်းကျွတ်လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွှတ်လိုက်သူတွေထဲက အနည်းဆုံး အယောက် ၁၁၀ ဟာ ပြန်ဖမ်းခံလိုက်ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)က  အောက်တိုဘာ ၂၁ ရက် ဒီကနေ့ ထုတ်ပြန်ပါတယ်။

ဒီနေ့အချိန်ထိ အေအေပီပီက ကောက်ခံရထားတဲ့ စာရင်းမှတ်တမ်းအရ လွတ်မြောက်ပြီး ပြန်လည်ဖမ်းဆီးခံရသူနိုင်ငံရေးအကျဉ်းသား အရေအတွက်ဟာ အယောက် ၁၁၀ ဖြစ်ပြီး ပြန်ဖမ်းလို့ တိမ်းရှောင်နေရသူတွေရှိတယ်လို့ ဆိုပါတယ်။ အမှန်တကယ် ပြန်အဖမ်းခံရတဲ့ အရေအတွက်ဟာ ဒါထက်ပိုများမယ်လို့လည်း ဆိုပါတယ်။

စစ်အုပ်စုဟာ ဖေဖော်ဝါရီ ၁ ရက်မှာ နိုင်ငံ့အာဏာကို မတရားသိမ်းယူပြီးချိန်က စလို့ အာဏာသိမ်းတာကို ဆန့်ကျင် ဆန္ဒဖော်ထုတ်သူတွေနဲ့ သဘောထားကွဲသူတွေကို အကြမ်းဖက် ရိုက်နှက်ဖြိုခွဲတာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ ရက်ရက်စက်စက် သတ်ဖြတ်တာနဲ့ ထောင်ပေါင်းများစွာသော အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးအကျဉ်းချတာတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။

မတရားသဖြင့်ဖမ်းဆီးထိန်းသိမ်း အကျဉ်းချခံရသူများအားလုံးနီးပါးဟာ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုတွေ ခံခဲ့ကြရပြီး မျှတတဲ့ တရားစီရင်မှုလည်း မရခဲ့ကြဘူးလို့ အေအေပီပီက ဆိုပါတယ်။

အောက်တိုဘာ ၁၈ ရက်စွဲနဲ့ လွှတ်ပေးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာလည်း နောက်ကြောင်းပြန်ပြစ်ဒဏ်ဆိုတဲ့ နှောင်ကြိုးနဲ့ လွှတ်ပေးခဲ့တာဖြစ်လို့ အကျဉ်းထောင်တွင်းကနေ လွှတ်ပေးလိုက်ပေမဲ့ စစ်မှန်တဲ့ လွတ်မြောက်တာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

ဒီထဲက တချို့ဟာ လွတ်မြောက်စာရင်းမှာပါလို့ လွှတ်ပေးလိုက်ပေမဲ့ ထောင်ဗူးဝကိုရောက်မှ နောက်တိုးမှုနဲ့ ပြန်ဖမ်းခံရတာရှိသလို တချို့ကတော့ အိမ်ကိုရောက်မှ လာဖမ်းသွားတာမျိုးတွေ ရှိခဲ့တာပါ။

ဒီလိုမျိုး လွတ်ပြီးမှ ဖမ်းခံရတာ၊ မိသားစုနဲ့ နာရီပိုင်းလောက်နေပြီးမှ ပြန်ဖမ်းသွားတာမျိုးဟာ ကာယကံရှင်ကိုရော မိသားစုကိုပါ ပြင်းဒဏ်တဲ့ စိတ်ဒဏ်ရာ ရစေတာကြောင့် ရက်စက်ကြမ်းကြုတ်တဲ့ စိတ်ပိုင်း/ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်တာပဲ ဖြစ်တယ်လို့ အေအေပီပီက ဆိုပါတယ်။

ဒီလုပ်ရပ်ဟာ မိသားစုဝင်တွေ၊ ကလေးတွေကိုပါ ပစ်မှတ်ထား နှိပ်စက်ညှဉ်းပန်းတယ် ဆိုတာကို ထင်ထင်ရှားရှား သက်သေပြလိုက်တဲ့ လူသားမဆန်တဲ့လုပ်ရပ်ဖြစ်လို့ အေအေပီပီက ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ ထုတ်ပြန်ပါတယ်။

ပြီးတော့ နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့လည်း အကြမ်းဖက်စစ်တပ်ကို ထိရောက်တဲ့ အရေးယူတာတွေ လုပ်ပေးဖို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မန္တလေးတိုင်း မိတ္ထီလာမြို့အကျဉ်းထောင်မှ အောက်တိုဘာလ ၁၈ ရက်နေ့ လွတ်ငြိမ်းခွင့်နဲ့ လွတ်မြောက်လာသူ ၃၈ ဦးထဲက ၁၁ ဦးကို အကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့်ပြီး ပြန်လည်ဖမ်းဆီးခံခဲ့ရသလို လွိုင်ကော်အကျဉ်းထောင်ကနေ ပြန်လွတ်လာသူတွေထဲက ၂ ဦး ပြန်လည် ဖမ်းဆီးခံရပါတယ်။

ရန်ကုန် အင်းစိန်ထောင်က ပြန်လွတ်လာတဲ့ အဆိုတော် အီတိုးဟာလည်း ပြန်လည်ဖမ်းဆီးခံခဲ့ရတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ 

အာဏာသိမ်း စစ်ခေါင်းဆောင်ကို အာဆီယံထိပ်သီးအစည်းအဝေးမှာ ပေးမတက်ဖို့ ဆုံးဖြတ်ကြေညာလိုက်ပြီးနောက်မှာ စစ်ကောင်စီက နိုင်ငံတဝန်း အကျဉ်းထောင်တွေမှာ  ပုဒ်မ ၅၀၅(က)နဲ့ ပြစ်ဒဏ်ကျခံနေရသူ ၁၃၁၆ ဦးနဲ့ အမှုရင်ဆိုင် နေရသူ ၄၃၂၀ ဦးကို ပြန်လွှတ်ပေးကြောင်း အောက်တိုဘာ ၁၈ ရက်နေ့က ကြေညာခဲ့တာပါ။

ဒါပေမဲ့ ဒီကနေ့ အထိ အမှန်တကယ်ပြန်လွတ်လာသူတွေဟာ ၁၀၀၀ ဝန်းကျင်လောက်ပဲ ရှိပြီး  ဒီအထဲက ၁၀၀ ကျော် ပြန်အဖမ်းခံရတာဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013