DVB Logo
Home
မြန်မာသတင်း
မြန်မာ့သစ်လုံး ပြည်ပတင်ပို့မှု ရပ်ဆိုင်း
DVB
·
January 2, 2014
မြန်မာ့သစ်လုံး ပြည်ပတင်ပို့မှု ရပ်ဆိုင်း
Donate to DVB

မြန်မာနိုင်ငံကနေ ပြည်ပကို သစ်တင်ပို့တဲ့နေရာမှာ သစ်အလုံးလိုက် တင်ပို့မှုကို ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်ကစလို့ အစိုးရက ခွင့်ပြုတော့မှာ မဟုတ်တဲ့အတွက် တရားမ၀င် သစ်ခိုးထုတ်မှုတွေ မရှိရလေအောင် ကုန်သည်တွေရဲ့ ပူးပေါင်းပါဝင်မှု လိုအပ်တယ်လို့ မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များအသင်းက ပြောပါတယ်။
သစ်အလုံးလိုက် တင်ပို့မှုကို ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်ကစလို့ အပြီးအပိုင် ရပ်စဲလိုက်တယ်လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာဝန်ကြီးဌာနက တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။

woodခုလို တားဆီးပိတ်ပင်မှုကို သဘာပတ်ဝန်းကျင်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ထောက်ပြပြောဆိုမှုတွေကြောင့် နိုင်ငံတော်သမ္မတနဲ့ သက်ဆိုင်ရာအစိုးရအဖွဲ့တို့ တွေ့ဆုံပြီး အစည်းအဝေးထိုင် ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များအသင်းရဲ့ အတွင်းရေးမှူး ဦးဘာဘာချိုက ပြောပါတယ်။
ဒါကြောင့် တရားမ၀င် သစ်ခိုးထုတ်မှုတွေ မရှိရလေအောင် မြန်မာ သစ်ကုန်သည်တွေ သာမက တဖက်နိုင်ငံက ကုန်သည်တွေအနေနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ လိုအပ်ကြောင်း ဦးဘာဘာချိုက ပြောပါတယ်။

“တရုတ်ပြည်မှာက သစ်ပင်မခုတ်ရဘူး၊ မြန်မာပြည်မှာက သစ်ပင်ခုတ်ရတယ်။ ခုတ်တဲ့သစ်ပင်တွေကို သူတို့ အတားအဆီးမရှိ ၀ယ်တာပေါ့။ မြန်မာနိုင်ငံမှာက တကယ်တမ်း သစ်ကို သစ်တောဌာနရဲ့ စာရွက်စာတမ်းမပါရင် သယ်လို့မရဘူး။ သူတို့ တရုတ်ပြည်မှာက မြန်မာပြည်က စာရွက်စာတမ်း မလိုဘူး။ သူတို့ဆီမှာရောက်ပြီး အခွန်ဆောင်လိုက်တာနဲ့ တရားဝင်ဖြစ်သွားတယ်။ သူတို့ဘက်ကလည်း ဒီလိုမလုပ်သင့်ဘူး။ မြန်မာပြည်သစ်တောဌာနကနေ အထောက်အထားမပါရင် မ၀ယ်ဘူးဆိုတဲ့ တာဝန်သိမှုကို ပြလိုက်တယ်ဆိုရင် ဒီကိစ္စတွေ လျော့နည်းသွားမှာပေါ့။”

မြန်မာနိုင်ငံမှာ အစိုးရအဆက်ဆက်က အထူးသဖြင့် န၀တနဲ့ နအဖစစ်အစိုးရလက်ထက်မှာ သစ်အလုံးလိုက် နိုင်ငံခြားတင်ပို့မှုကို အားထားပြီး နိုင်ငံခြားဝင်ငွေ ရှာဖွေခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့နှစ်တွေမှာဆိုရင် သစ်တောကဏ္ဍကနေ နှစ်စဉ် နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၆၀၀ နီးပါး ရှာဖွေပေးနိုင်တဲ့အနက် ၉၀ ရာခိုင်နှုန်းက သစ်အလုံးလိုက်တင်ပို့မှုကနေ ရရှိနေတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် နယ်စပ်လမ်းကြောင်းတွေကတဆင့် မြန်မာ့သစ်လုံးတွေ တရုတ်နိုင်ငံဆီ တရားမ၀င် တင်ပို့မှုတွေ ရှိနေပြီး တန်ဖိုးအားဖြင့် ၁ နှစ်ကို ပျမ်းမျှ အမေရိကန်ဒေါ်လာ သန်း၂၀၀ အထက်မှာ ရှိနေတာ ဖြစ်ပါတယ်။

ဒီအတွက် နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း မြန်မာနိုင်ငံမှာ သစ်အဆမတန် ထုတ်လုပ်မှုကြောင့် သစ်တော ပြုန်းတီးမှုတွေ ရှိနေတဲ့အပေါ် ထောက်ပြ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။ ဒါကြောင့် ဒီ သစ်တောပြုန်းတီးမှုက ဘယ်သူ့အပေါ်မှာ တာဝန်ပို ရှိသလဲဆိုတာ မေးစရာ ဖြစ်နေပါတယ်။

“သစ်လုံးတွေ ဘာကြောင့် တင်ပို့ခဲ့ရလဲဆိုတော့ ၀င်ငွေကို အခြေခံတဲ့ ထုတ်လုပ်မှုလို ဖြစ်သွားတာပေါ့။ တကယ်တော့ သစ်တောတွေမှာ သစ်တောများ ထာဝစဉ် တည့်တံ့စေနိုင်သော စီမံခန့်ခွဲမှုအရ ထုတ်လုပ်မှုဆိုတဲ့စနစ် ဦးတို့ဆီမှာ ရှိပါတယ်။ အဲဒီစနစ်အရ ထုတ်မယ်ဆိုရင် လူအများပြောနေတဲ့ သစ်တောပြုန်းတီးမှု၊ သစ်တောတွေ အရည်အသွေး ကျဆင်းတယ်ဆိုတဲ့ ကိစ္စတွေ မဖြစ်နိုင်ပါဘူး။ သို့သော်လည်း လွန်ခဲ့တဲ့ အစိုးရလက်ထက်မှာ ၀င်ငွေရရှိရေးကို ရှေ့တန်းတင်တယ်။ ၀င်ငွေ ဘယ်လောက်ရမလဲဆိုတဲ့နည်းကို လုပ်လိုက်တဲ့အခါမှာ အဲဒါကို မီအောင် သစ်တွေကို ထုတ်လိုက်ရတဲ့အတွက် သစ်တောတွေက ထုတ်ပေးနိုင်စွမ်း ရှိတာထက် လူသားတွေက ပိုထုတ်ခဲ့တဲ့အတွက် ပြဿနာတွေ ဖြစ်လာတာပါ။”

မြန်မာနိုင်ငံမှာ သစ်ထုတ်လုပ်မှုနဲ့ ပတ်သတ်လို့ ပြီးခဲ့တဲ့နှစ်တွေမှာဆိုရင် ၁ နှစ်ကို ကျွန်းသစ်က (ဟော့ပေါ့စတန်) တန်ချိန် ၃ သိန်းနဲ့ သစ်မာက (ဟော့ပေါ့စတန်) တန်ချိန် ၂ သန်း ခုတ်လှဲမှုတွေ ရှိခဲ့ပြီး လာမယ့်၂၀၁၅ ခုနှစ်ကစလို့ ၁ နှစ်ကို ကျွန်းသစ်က (ဟော့ပေါ့စတန်) တန်ချိန် ၆သောင်း နဲ့ သစ်မာက (ဟော့ပေါ့စတန်) တန်ချိန် ၁ ဒဿမ ၂ သန်းကျော် ထုတ်လုပ်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013