DVB Logo
Home
Lead Story
၂၀၁၄ မြန်မာ့နိုင်ငံရေး ဘာတွေ ဆက်ဖြစ်နိုင်မလဲ - အမြင်သဘောထား
DVB
·
January 2, 2014
၂၀၁၄ မြန်မာ့နိုင်ငံရေး ဘာတွေ ဆက်ဖြစ်နိုင်မလဲ - အမြင်သဘောထား
Donate to DVB

၂၀၁၄ ခုနှစ် နှစ်သစ်မှာ မြန်မာ့နိုင်ငံရေးဖြစ်စဉ်တွေ ဘာတွေ ဆက်ဖြစ်ဖို့ ရှိပါသလဲ။ မြန်မာ့အရေး လုပ်ကိုင်ဆောင်ရွက်သူတွေ၊ အစိုးရတာဝန်ရှိသူတွေ၊ နိုင်ငံရေးပါတီခေါင်းဆောင် တွေနဲ့ စာနယ်ဇင်းဆရာတွေရဲ့သဘောထားအမြင်တွေကို စုစည်းတင်ဆက်ပေးထားပါတယ်။

ပြည်ပမှာ အနေကြာ လှုပ်ရှားခဲ့ပြီး အခုလက်ရှိ ပြည်တွင်းမှာ ပြန်လည်လှုပ်ရှားနေတဲ့ ဒေါက်တာသောင်းထွန်းက တိုင်းပြည်အတွက် အရေးကြီးတဲ့ကိစ္စရပ်တွေ ဆောင်ရွက်ကြဖို့ ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

[caption id="attachment_49224" align="alignright" width="150"]ဒေါက်တာ သောင်းထွန်း ဒေါက်တာ သောင်းထွန်း[/caption]

“၂၀၁၄ မှာ တိုင်းပြည်အတွက် အရေးကြီးတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးကြရမှာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေးကိစ္စတွေ၊ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတွေ၊ အဲဒီမှာ တိုင်းရင်းသားတွေရဲ့ သဘောထားတွေ၊ တပ်မတော်ရဲ့သဘောထားတွေ၊ လက်ရှိအစိုးရရဲ့ သဘောထားတွေ၊ ဒါတွေဟာ အန်မတန် သိမ်မွေ့တဲ့ကိစ္စရပ်တွေပါ။ နိုင်ငံရေးဇာတ်ခုံပေါ်မှာ အဓိက ဇာတ်ကောင်တွေ ဖြစ်တဲ့သူတွေအနေနဲ့ တော်တော်လေး ချိန်ချိန်ဆဆ ညှိညှိနှိုင်းနှိုင်း၊ တိုင်းပြည်ရဲ့ အကျိုးကို ရှေးရှုပြီး လုပ်ကြမှ၊ ဒါမှမဟုတ် ကိုယ်အကျိုးစီးပွားကိုပဲ အသေ ဖက်တွယ်နေကြရင် ပွတ်တိုက်မှုတွေ ရှိနိုင်တဲ့အနေအထားပေါ့။ ဒါတွေကတော့ စိုးရိမ်စရာ ရှိတယ်။ ဒါတွေကို ကျော်ဖြတ်ရမှာပဲ၊ ပြောသင့်ရင်ပြောရမှာပဲ။”

အစိုးရအဖွဲ့အနေနဲ့တော့ ရလဒ်ကောင်းတွေ ပေါ်ထွက်လာအောင် ကြိုးပမ်းဖို့ ရှိတယ်။ ပြည်သူတွေ စိတ်ချမ်းသာအောင်လို့ အတက်နိုင်ဆုံး လုပ်ဆောင်သွားမယ်လို့ သမ္မတရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပြည်ထောင်စုဒုဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

[caption id="attachment_49225" align="alignleft" width="150"]သမ္မတရဲ့ ပြောခွင့်ရ  ဒုဝန်ကြီး ဦးရဲထွဋ် သမ္မတရဲ့ ပြောခွင့်ရ ဒုဝန်ကြီး ဦးရဲထွဋ်[/caption]

“၂၀၁၄ မှာ အခု လက်ရှိအစိုးရက ပြီးခဲ့တဲ့ ၂ နှစ်ကျော် ၃ နှစ်အတွင်းမှာ ပြုပြင် ပြောင်းလဲရေးတွေကို ချက်ချင်း လက်နိုင်တဲ့ ရေတိုလုပ်ငန်းတွေကို လုပ်တယ်။ ရေရှည် လုပ်ငန်းတွေအတွက် လိုအပ်တဲ့ institution တွေနဲ့ မူဘောင်တွေ ချတယ်။ စီးပွားရေး လိုဟာမျိုးမှာတော့ အသေးစား စီးပွားရေး အခြေခံမှုတွေကို ပြုပြင် ပြောင်းလဲခဲ့တာတွေ ရှိတယ်။ အဲဒါတွေ တော်တော်များများက ပြည့်စုံသလောက်ရှိနေပြီလို့ ပြောလို့ ရနေပြီ။ ၂၀၁၄ မှာ ဒီထက် ပိုကောင်းတဲ့ ရလဒ်ကောင်းတွေ ပေါ်ထွက်လာဖို့ ရှိတယ်။”

၂၀၁၄ ဟာ ၂၀၁၅ ရွေးကောက်ပွဲအတွက်လည်း အရေးကြီးနေတော့ ဒီ ၂၀၁၄ မှာ ပြည်သူတွေ စိတ်ချမ်းသာစေမယ့် ကိစ္စရပ်တွေ ရှိနိုင်ပါသလား။

“ကျနော်တို့ သမ္မတကြီး ဦးဆောင်တဲ့ အုပ်ချုပ်ရေးအစိုးရအဖွဲ့အနေနဲ့ ပြည်သူတွေ စိတ်ချမ်းသာစေမယ့် ကိစ္စရပ်တွေ၊ နောက်တခါ ပြုပြင်ပြောင်းလဲရေး ကိစ္စရပ်တွေရဲ့ ရလဒ်တွေကို ပြည်သူတွေ လက်ထဲကို ရောက်အောင် အတက်နိုင်ဆုံး ကြိုးစားသွားမှာပါ။ ကျန်တဲ့အဖွဲ့တွေနဲ့ ပတ်သက်လို့လည်း ဒီလို ကိစ္စရပ်တွေကို ဆောင်ရွက်သွားနိုင်ဖို့အတွက် အတက်နိုင်ဆုံး ပူးပေါင်း ဆောင်ရွက်သွားမှာပါ။”

အမျိုးသားဒီမိုကရေစီအင်အားစုရဲ့ ခေါင်းဆောင် ဦးခင်မောင်ဆွေက ထင်ရှားတဲ့ ဒီမိုကရေစီ ခေါင်းဆောင်တွေဟာ ညီညွှတ်ရေး ရအောင် မလုပ်နိုင်တဲ့အတွက် ပြောင်းဖို့ မမြင်ဘူးလို့ ၂၀၁၄ ကို ခန့်မှန်း သုံးသပ်ပြောကြားလိုက်ပါတယ်။

[caption id="attachment_49226" align="alignright" width="150"]ဦးခင်မောင်ဆွေ ဦးခင်မောင်ဆွေ[/caption]

“ဒီမိုကရက်တစ်အင်အားစုတွေဟာ ၈၈ တုန်းက ထွက်ကြလာတဲ့ ဒီမိုကရေစီ လူ့အခွင့်အရေး ရေစီးကြောင်းက ထွက်ကြလာတာပဲ။ တဖက်ကလည်း ဒီမိုကရေစီအရောင် ပြောင်းလာတဲ့ စစ်အာဏာရှင် ခံတွင်းပေါက်က ထွက်ကြလာတဲ့ အင်အားစု၊ အဲဒီ အင်အားစု ၂ စုဟာ အားပြိုင်နေကြတယ်၊ အကြမ်းဖျင်းပေါ့။ အားပြိုင်နေကြတော့ ရှင်းရှင်းပြောရရင် ဒီမိုကရေစီ အင်အားစုတွေ အချင်းချင်းတောင် ညီညွတ်ချင်း မရှိဘူးဗျ။ ဒီမိုကရေစီထဲမှာ ထင်ရှား ကျော်ကြားတဲ့ ခေါင်းဆောင်တွေဟာ ညီညွတ်အောင် မလုပ်နိုင်ခဲ့ကြဘူး။ ဒီမိုကရေစီ အင်အားစု မညီညွတ်တဲ့အတွက် တပ်ပေါင်းစု မဖွဲ့နိုင်လို့ လွှတ်တော်ထဲမှာ စစ်အာဏာရှင်တွေဆီက ကျဆင်းလာတဲ့ ခေါင်းဆောင်တွေနဲ့ အဖွဲ့အစည်းတွေက အားကောင်း မောင်းသန် ဖြစ်နေတဲ့အတွက် ဘယ်လိုမှ ထင်သလောက် ရအောင် မပြောင်းနိုင်ဘူးဆိုတာကတော့ ဒီနေ့ လက်တွေ့ နိုင်ငံရေးဘ၀ရဲ့ မြင်ကွင်းပဲဗျ။”

ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ တပ်မတော်ဟာ ပြည်သူတွေ လိုလားတဲ့ဘက် ဘယ်လောက် ပါမလဲဆိုတာ ၂၀၁၄ မှာ အရေးတကြီး စောင့်ကြည့်ရလိမ့်မယ်လို့ နိုင်ငံရေးဆောင်းပါးရေးတဲ့ ဆရာထင်လင်းဦးက ပြောပါတယ်။

[caption id="attachment_49227" align="alignleft" width="150"]ဦးထင်လင်းဦး ဦးထင်လင်းဦး[/caption]

“လက်တလော အခြေအနေမှာ တပ်မတော်ဘက်က ပြည်သူတွေအပေါ် ဘယ်လောက်ထိ မေတ္တာနဲ့ တုံ့ပြန်လာမလဲဆိုတာ အဓိက အရေးကြီးပါတယ်။ တပ်မတော်ဘက်ကလည်း ပြုပြင် ဖို့အတွက် လှုပ်ရှားလာနေတယ်ဆိုတာ ကျနော်တို့ သိရတယ်။ အဲဒီတော့ အရင်ရက်တွေတုန်းက ဟောပြောသွားတဲ့ပွဲတွေမှာ ကျနော်ကိုယ်တိုင်လည်း ပြောသလို ဆောင်းပါးတွေမှာလည်း ရေးသလို ဒီလက်ခုပ်က တဖက်တည်း တီးရသလို ဖြစ်နေပြီပေါ့။ ဒီတော့ ဒေါ်အောင်ဆန်းစုကြည်ရယ်၊ အန်အယ်လ်ဒီပါတီရယ်၊ လိုလားတဲ့သူတွေက ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆိုပြီး တောင်းဆိုနေကြတယ်။ အဓိက အရေးကြီးဆုံးဖြစ်တဲ့ တပ်မတော်ဘက်က ဘာမှ အသံမကြားရဘူး။ တဖက်တည်းတီးတဲ့ လက်ခုပ် ဖြစ်နေတယ်။ အင်မတန် စိုးရိမ်စရာကောင်းတယ်ဆိုပြီး ကျနော်တို့ ပြောခဲ့ကြတယ်။ ဒီရက်ပိုင်းထဲမှာကျတော့ တပ်မတော်ရဲ့လှုပ်ရှားမှုနဲ့ ပြောင်းလဲမှုတွေကို တွေ့လာရတယ်။ အခု ၁၅ ချက် ထွက်လာတယ်ဆိုတဲ့အထဲမှာလည်း ဘာတွေ ပါတယ်။ မပါဘူးဆိုတာထက် တုံ့ပြန်မှု ဖြစ်လာတယ်ဆိုတတည်းကိုက တော်တော်လေး အရေးပါတဲ့ပြောင်းလဲမှုတခုလို့ ကျနော်တို့ မြင်ရတယ်။ အဲဒီ ၁၅ ချက်ထဲမှာ ပြည်သူတွေ လိုလားတဲ့၊ တိုင်းရင်းသားတွေ လိုလားတဲ့ ပုဂ္ဂိုလ်ရေးထက် ပိုပြီးအရေးကြီးတဲ့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးက ဘယ်နှချက်ပါမလဲ။ ဒါကို ရှေ့ဆက်ပြီး ကြည့်သွားရမယ်။ တပ်မတော်ဘက်က ပြည်သူတွေရဲ့ ကမ်းတဲ့လက်ကို တွေ့ပြီ။ လက်ကမ်းမှုကို တုံ့ပြန်လာပြီဆိုရင် ဒီပြဿနာက အေးအေးဆေးဆေးနဲ့ ပြေပြေလည်လည် ပြီးသွားမယ့် အခြေအနေ ရှိပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013