DVB Logo
Home
မြန်မာသတင်း
မြန်မာတွင် ကလေးငယ်များအပါအဝင် လူ ၃ သန်းခန့် အသက်ကယ်အကူအညီ အရေးပေါ် လိုအပ်နေ
DVB
·
October 20, 2021
မြန်မာတွင် ကလေးငယ်များအပါအဝင် လူ ၃ သန်းခန့် အသက်ကယ်အကူအညီ အရေးပေါ် လိုအပ်နေ
Donate to DVB

မြန်မာနိုင်ငံမှာ ပဋိပက္ခ၊ စားနပ်ရိက္ခာမလုံလောက်မှု၊ သဘာဝဘေးအန္တရာယ်နဲ့  ကိုဗစ်-၁၉ တို့ကြောင့် အမျိုးသား၊ အမျိုးသမီး၊ ကလေးငယ် ၃ သန်းလောက် အသက်ကယ် အကူအညီနဲ့ကာကွယ်မှု အရေးပေါ်လိုအပ်နေတယ်လို့ ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ စတက်ဖနီဒူဂျာရစ်က  အောက်တိုဘာ ၁၉ ရက်  နယူးယောက်မြို့ နေ့စဉ်မီဒီယာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဖေဖော်ဝါရီလကတည်းက စစ်တပ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကျပ်အတည်းတွေကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ သက်ရောက်မှုတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့ဟာ အလွန်စိုးရိမ်ပူပန်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ 

အဲဒီအချိန်ကတည်းက မြန်မာစစ်တပ်၊ တိုင်းရင်းသားပေါင်းစုံ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေကြောင့် လူ ၂၁၉,၀၀၀ လောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ မစ္စတာ ဒူဂျာရစ်က ပြောပါတယ်။

မကြာသေးခင်က ကိုဗစ်-၁၉ လှိုင်းဟာ ကြောက်စရာ လူသားချင်းစာနာ ထောက်ထားမှု အခြေအနေကို ပိုမိုဆိုးရွားစေခဲ့ပါတယ်။ တချိန်တည်းမှာပဲ ရခိုင်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ ရေကြီးမှုများကြောင့် လူဦးရေ သောင်းနဲ့ချီပြီး သောက်သုံးရေမရှိ၊ သန့်ရှင်းစရာမရှိ ကြုံကြရပါတယ်။

ဆက်လက်ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခများကြောင့် ထိခိုက်နစ်နာနေသူတွေဆီကို လက်လှမ်းမီအောင် အကူအညီများကို ချဲ့ထွင်ဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအားလုံးကို ကုလသမဂ္ဂက ထပ်မံတောင်းဆိုပါတယ်လို့လည်း ပြောရေးဆိုခွင့်ရှိသူက ပြောဆိုပါတယ်။ 

ပဋိပက္ခများနဲ့ ကိုဗစ်-၁၉ တွေ ရှိနေပေမဲ့လည်း ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) နဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေဟာ လူ ၃၃,၀၀၀ ကျော်ကို ရေနဲ့ သန့်ရှင်းရေးအထောက်အပံ့တွေ ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

UNICEF ဟာ ကချင်၊ ရှမ်းမြောက်၊ ရခိုင်နဲ့ စစ်ကိုင်းတို့က ပြည်တွင်းစစ်ဘေးရှောင်နဲ့ အိုးမဲ့အိမ်မဲ့ဖြစ်ရသူ ၁၅၀,၀၀၀ နီးပါးကို ဆက်လက်ကူညီနေဆဲဖြစ်တယ်လို့လည်း မစ္စတာ ဒူဂျာရစ်က  ပြောပါတယ်။

တချိန်တည်းမှာပဲ ကုလအေဂျင်စီဟာ မေလကတည်းက စစ်အုပ်ချုပ်ရေးအောက်ရှိ ချင်းပြည်နယ်ရှိ မင်းတပ်မြို့ရဲ့ ဆိုးရွား တဲ့အခြေအနေအသေးစိတ်ကို တနင်္လာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ 

ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အစီရင်ခံစာတစ်ခုအရ မင်းတပ်ဟာ နိုင်ငံအတွင်း အဆိုးဝါးဆုံး ထိခိုက်ခံရတဲ့နေရာတွေထဲက တခုဖြစ်ပြီး ဒေသခံတွေဟာ အကူအညီတွေ အရေးပေါ်လိုအပ်နေတာပါ။

ဆက်လက်ဖြစ်ပွားနေတဲ့ လက်နက်ကိုင်တိုက်ပွဲတွေနဲ့ ကပ်ရောဂါဆိုးရဲ့ တတိယလှိုင်းကြားမှာ သက်ကြီးရွယ်အို ဆွေမျိုးတွေနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ အပါအ၀င် အင်အားနည်းတဲ့ လူတွေကို ချန်ရစ်ခဲ့ပြီး အကြမ်းဖက်မှုကနေ ထွက်ပြေးခဲ့ကြတာတွေလည်း ရှိခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီနှစ်အစပိုင်းမှာ လိုအပ်နေတဲ့ လူ ၁ သန်း၊ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက် အကူအညီလိုအပ်တဲ့ လူ ၂ သန်း ထပ်တိုးလာတာဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013