DVB Logo
Home
Lead Story
“သတင်းသမားတွေဟာ ရာဇဝတ်သားတွေ မဟုတ်ဘူး။” - DVB သတင်းထောက် ကိုအောင်ကျော်
DVB
·
October 18, 2021
“သတင်းသမားတွေဟာ ရာဇဝတ်သားတွေ မဟုတ်ဘူး။” - DVB သတင်းထောက် ကိုအောင်ကျော်
Donate to DVB

စစ်ကောင်စီရဲ့ ဖမ်းဆီးအကျဉ်းချခံထားရတဲ့ ဒီဗွီဘီသတင်းထောက်တွေဖြစ်ကြတဲ့    မြိတ်မြို့အခြေစိုက် DVB သတင်းထောက် ကိုအောင်ကျော်၊ ပြည်မြို့အခြေစိုက် DVB သတင်းထောက်ကိုမင်းညို နဲ့  မင်းလှမြို့နယ်အခြေစိုက် DVB CJ သတင်းထောက် ကိုသက်နိုင်ဝင်း အောက်တိုဘာ ၁၈ ရက်နေ့မှာ ဒီကနေ့မှာ အကျဉ်းထောင်အသီးသီးကနေ  လွတ်ငြိမ်းသက်သာခွင့် နဲ့ ပြန်လည် လွတ်မြောက်လာပါတယ်။

စစ်ကောင်စီလက်နက်ကိုင်တပ်တွေရဲ့ အကြမ်းဖက် ဖမ်းဆီးခံရပြီး ရက်ပေါင်း ၂၃၀ ကျော် အလုပ်ကြမ်းနဲ့ အကျဉ်းကျခဲ့ရာက ပြန်လည်လွတ်မြောက်လာပြီး နေအိမ်မှာ ပြန်လည်ရောက်ရှိလာတဲ့  သတင်းထောက် ကိုအောင်ကျော်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး- ကိုအောင်ကျော် အခုပြန်လွတ်လာပြီဆိုတော့ ပြောချင်တာလေး ရှိရင် အရင်ဆုံးပြောပေးပါ။

ဖြေ- “ကျနော်တို့ ဒီနေ့ မြိတ်ထောင်မှာဆိုရင် လွှတ်ပေးတာ အားလုံးပေါင်း ၈၄ ယောက် လွှတ်ပေးတာပေါ့။ မိန်းကလေးက ၅ ယောက်လောက်ပါတယ်၊ ကျန်တာကတော့ ယောကျ်ားလေး ပေါ့လေ။ ဒါပေမဲ့ ကျနော်က မြိတ်ထောင်ကလွတ်တာဆိုတော့ မြိတ်ထောင်အခြေအနေပဲ ကျနော်ပြောလို့ ရမှာပေါ့လေ။ မြိတ်ထောင်မှာဆိုရင် ကျန်ခဲ့တာ အထဲထဲမှာ ၁၀၀ ကျော်လောက် ထပ်ကျန်သေးတယ်။ အားလုံးပေါင်းပေါ့။  ပြောချင်တာကတော့ ဒီလူတွေလည်း ထပ်ပြီးတော့ လွတ်မြောက်ဖို့ ကျနော်တို့ကတော့ မျှော်လင့်တာပေါ့။” 

မေး- ကိုအောင်ကျော် ထောင်တွင်းမှာ နေခဲ့ရတဲ့ နေထိုင်စားသောက်တာနဲ့ ကျန်းမာရေးအခြေအနေ ဘယ်လိုရှိလဲ။ ကျန်းမာရေးစောင့်ရှောက်မှုပေါ့။ 

ဖြေ- “ကျန်းမာရေးစောင့်ရှောက်မှုကတော့ အရင်ကထက် နည်းနည်းပိုကောင်းလာတယ်။ ထောင်ထဲမှာ ကိုဗစ် ကာကွယ်ဆေးကတော့ ကျနော် နှစ်ကြိမ်လုံး ထိုးခဲ့ရတယ်။ ထောင်ထဲမှာက ပြောရမယ်ဆိုရင် အရင်ခေတ်ကနဲ့ ယှဉ်လိုက်ရင်တော့ တချို့ဟာတွေ ကောင်းတာတွေလည်း ရှိတယ်၊ တချို့ဟာတွေ ဆိုးတာလည်း ရှိတယ်။ ဥပမာ ဘယ်လိုပုံစံမျိုးလဲဆိုရင် အရင် ဦးသန်းရွှေ စစ်အစိုးရလက်ထက်မှာ ကျနော် နိုင်ငံရေးပြစ်မှုနဲ့ ထောင်တကြိမ်ကျဖူးတယ်။ အဲဒီတုန်းက နိုင်ငံရေးအကျဉ်းသားတွေ ထောင်ထဲ ဝင်လာတာနဲ့ ပုံစံတွေ မထိုင်ခိုင်းဘူး၊ အလုပ်တွေ မခိုင်းဘူး။ လက်ရှိမှာကျတော့ တချို့တွေဆို ဒဏ်ရာတွေ ပါတာတွေ ရှိတယ်။ ကျနော်ဆိုလည်း ဒဏ်ရာတွေအများကြီးနဲ့ ထောင်ထဲ ရောက်သွားရတာ။ ပုံစံထိုင်ခိုင်းတာမျိုးတွေ အတင်းအကျပ် လုပ်ခိုင်းတာ ရှိတယ်။ နိုင်ငံရေးအကျဉ်းသားတွေကို အလုပ်ခိုင်းတဲ့ ကိစ္စတွေ ရှိတယ်။ အရင်စစ်အစိုးရလက်ထက်မှာတော့ ဒါတွေ မခိုင်းဘူးလေ။ ဒီဘက်ခေတ်မှာ ပြန်ခိုင်းတယ်။ စားရေး သောက်ရေးကတော့ အရင်ခေတ်ကထက်စာရင် ပိုအဆင်ပြေလာတယ် ပြောရမှာပေါ့။”

မေး- အလုပ်ခိုင်းတဲ့နေရာမှာ ဘယ်လိုမျိုးတွေ ခိုင်းလဲဗျ။

ဖြေ- “အလုပ်ခိုင်းတာက တထောင်နဲ့ တထောင် ပုံစံတော့ တူမယ်မထင်ဘူး။ တထောင်နဲ့ တထောင် အလုပ်ပုံစံ ချထားတာချင်းလည်း မတူဘူး။ မြိတ်ထောင်မှာ အဓိကက ပုဒ်မ ၅၀၅ တွေအကုန်လုံးကို မျက်တောင်တုထိုးခိုင်းတာမျိုး၊ တချို့တွေဆို လက်သမားပုံးတွေ ခိုင်းတာမျိုး ရှိတယ်။ ရဲဘက်စခန်းတို့ အလုပ်ကြမ်းထုတ်တာမျိုးတော့ မရှိဘူး။ ထောင်ထဲမှာရှိတဲ့ အလုပ်တွေခိုင်းတာမျိုး ရှိတာပေါ့။ 

မေး- ကိုအောင်ကျော်တို့ မြိတ်ထောင်က လွတ်တဲ့ ၈၄ ‌ယောက်မှာ မီဒီယာသမား ဘယ်နှယောက် ပါလဲ။

ဖြေ- “မီဒီယာသမားက နှစ်ယောက် ပါတယ်။ တယောက်က မဇ္ဈိမသတင်းဌာနက အလွတ်တန်းသတင်းထောက် ကိုဇော်ဇော်။ ဒီနေ့ ကျနော်နဲ့အတူတူ လွတ်တဲ့ထဲမှာ ပါတယ်။ ကျန်တာက တက်ကြွလှုပ်ရှားသူတွေ၊ ပြည်သူတွေထဲက ပါသလို နိုင်ငံရေးအဖွဲ့အစည်း အန်အယ်လ်ဒီက လူတွေလည်း ပါတယ်။ 

မေး- ကိုအောင်ကျော်တို့တော့လွတ်လာပြီး ကျန်ခဲ့တဲ့လူတွေလည်း ရှိသေးတော့ တခြားပြောချင်တာရှိရင်ပြောပေးပါဦး။

ဖြေ- “အဓိကတော့ ကျနော်က  သတင်းသမားဖြစ်တဲ့အတွက်ကိုပဲ သတင်းသမားဘက်ကပဲ ကျနော်ပြောချင်တယ်။ အဓိကကတော့ နိုင်ငံရေးအပြောင်းအလဲ ဖြစ်စဉ်တွေမှာ ကျနော်တို့ သတင်းမီဒီယာတွေလည်း မြေပြင်မှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို အများပြည်သူတွေ သိရှိအောင် သတင်းတင်ဆက်ခဲ့တယ်။ ကျနော်တို့ သတင်းသမားတွေဟာ ရာဇဝတ်သားတွေ မဟုတ်ဘူး။ သတင်းသမားတွေကို မတရားတဲ့ပုဒ်မတွေ၊ မတရားတဲ့ အကြောင်းပြချက်တွေနဲ့ သူတို့တွေ တရားစွဲဆိုတယ်။ တနိုင်ငံလုံးမှာ သတင်းထောက်တွေ အတော်များများ အဖမ်းခံနေရတယ်လို့ ထောင်ထဲကနေ ကျနော်လည်း သိရတယ်။ နိုင်ငံရေးအပြောင်းအလဲ ဖြစ်စဉ်မှာ သူတို့ကတော့ ပါတီအချင်းချင်းဖြစ်တဲ့ကိစ္စလို့ပဲ ပြောတာပေါ့လေ။ ပါတီချင်း မဲမသမာမှု ကိစ္စလို့ပဲ သူတို့ ပြောတယ်။ ဒါပေမဲ့ မြေပြင်မှာ ပြည်သူတွေ ဖြစ်ပျက်နေတဲ့ အချက်အလက်တွေကို ကျနော်တို့ သတင်းသမားတွေက သတင်းမီဒီယာကျင့်ဝတ်အရ ဖော်ပြခဲ့တာပေါ့။ အဲဒီလို ဖော်ပြခဲ့တာကို ကျနော်တို့ကို ပုဒ်မအသီးသီးနဲ့ ဖမ်းဆီးပြီးတော့ ထောင်ချခဲ့တယ်။ ကျနော်တို့ သတင်းမီဒီယာသမားတွေက တိုင်းပြည်ရဲ့ ပြည်ကြီးပခုံး ပြည်ကြီးလက်ရုံးလို့ ခေါ်နိုင်တဲ့ စတုတ္ထမဏ္ဍိုင်ကို ထမ်းဆောင်နေတဲ့သူတွေ ဖြစ်တယ်။ ဒါကြောင့် ရာဇဝတ်သားတွေ မဟုတ်ပါဘူး။ ဒါကိုလည်း သိစေချင်တယ်။ သတင်းမီဒီယာသမားတွေကို ရန်သူလို သဘောထားပြီး ဆက်ဆံတဲ့ လုပ်ရပ်တွေကိုလည်း ဆက်ပြီးမလုပ်စေချင်တော့ဘူး။ ကျနော်ဆို စစ်ကြောရေးမှာ မင်း သတင်းအလုပ်ကို ဆက်လုပ်ဦးမှာလား ဆိုတာမျိုး ပြောတယ်။ ပြောချင်တာက ကျနော်တို့က သတင်းသမား ဖြစ်တယ်၊ ကျနော်တို့က ဒီအလုပ်ကိုပဲ လုပ်တတ်တယ်။ သတင်းမီဒီယာအလုပ်ကိုပဲ ဆက်လုပ်ဖို့ ရှိတယ်။”

မေး - တခြားပြောချင်တာရှိရင် ဖြည့်စွက်ပြီး ပြောပေးပါဦး။

ဖြေ- “၈ လလောက်နီးပါး အထိန်းသိမ်းခံထားရတော့ အပြင်အခြေအနေတွေနဲ့ တော်တော်လေး ကင်းကွာနေတယ်။ သတင်းအချက်အလက်တွေလည်း သိပ်မသိရဘူး။ ဒါတွေကို ပြန်လေ့လာရမယ့်အပိုင်းတွေ များနေတယ်။ လက်ရှိကာလမှတော့ ပြန်ပြီးအနားယူပြီးတော့ အမီလိုက်ရမလို ဖြစ်နေတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013