DVB Logo
Home
Lead Story
“လွတ်လာပေမဲ့ ဝမ်းမသာနိုင်ဘူး၊ ကျန်ခဲ့တဲ့မျက်နှာတွေကို မကြည့်ရက်ဘူး” - DVB သတင်းထောက် ကိုမင်းညို
DVB
·
October 18, 2021
“လွတ်လာပေမဲ့ ဝမ်းမသာနိုင်ဘူး၊ ကျန်ခဲ့တဲ့မျက်နှာတွေကို မကြည့်ရက်ဘူး” - DVB သတင်းထောက် ကိုမင်းညို
Donate to DVB

စစ်ကောင်စီရဲ့ ဖမ်းဆီးအကျဉ်းချခံထားရတဲ့ ဒီဗွီဘီသတင်းထောက်တွေဖြစ်ကြတဲ့   ပြည်မြို့အခြေစိုက် DVB သတင်းထောက်ကိုမင်းညို ၊  မြိတ်မြို့အခြေစိုက် DVB သတင်းထောက် ကိုအောင်ကျော်နဲ့ မင်းလှမြို့နယ်အခြေစိုက် DVB CJ သတင်းထောက် ကိုသက်နိုင်ဝင်း အောက်တိုဘာ ၁၈ ရက်နေ့မှာ ဒီကနေ့မှာ အကျဉ်းထောင်အသီးသီးကနေ  လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာပါတယ်။

သတင်းထောက်တာဝန်ထမ်းဆောင်ရင်း စစ်ကောင်စီလက်နက်ကိုင်တပ်တွေရဲ့ အကြမ်းဖက်ရိုက်နှက် ဖမ်းဆီးခံရပြီး  ၇ လခွဲကြာ အကျဉ်းကျခဲ့ရာက ပြန်လည်လွတ်မြောက်လာပြီး နေအိမ်မှာ ပြန်လည်ရောက်ရှိလာတဲ့ ပြည်မြို့အခြေစိုက် သတင်းထောက်ကိုမင်းညိုကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး- ကိုမင်းညိုပြန်လွတ်လာတာ ဝမ်းသာပါတယ်။ နေကောင်းရဲ့လား

ဖြေ- နေကောင်းပါတယ်။

မေး- ပြန်လွတ်လာပုံကိုပြောပြပါဦး

“ဒီနေ့ ပြည် ထောင်က လွတ်တာ ၈ ယောက်ပေါ့။ ယောက်ျားလေး ၄ ယောက်၊ မိန်းကလေး ၄ ယောက်။ ယောက်ျားလေး ၄ ယောက်က ပြည်က ၃ ယောက်။ ကျော်ကျော်ဉာဏ်ဝင်း၊ ကျောင်းသားသမဂ္ဂက ကိုသန့်ဇင်ထွန်း၊ ပေါက်ခေါင်းက ကိုသီဟကျော်၊ ကျွန်တော်ရယ်။  ရန်ကုန်ထောင် ပြောင်းလာတဲ့ထဲက မိန်းကလေး ၄ ယောက်။ ထောင်ပြောင်း ၅ ယောက် ရောက်လာတဲ့ထဲက ၄ ယောက် လွတ်တယ်။ မီဒီယာကတော့ ကျွန်တော် တယောက်တည်း ပါတယ်။ ကျန်တာတွေကတော့ တက်ကြွလှုပ်ရှားသူ ဆန္ဒပြသူတွေပါ။” 

မေး - ထောင်ထဲမှာ ကိုမင်းညို နေခဲ့တဲ့ အခြေအနေလေး ကိုမင်းညို ပြောလို့ရသလောက် ပြောပေးပါဦး။

“ထောင်ထဲမှာတော့ အရိုက်ခံရတာမျိုး မရှိပါဘူး။ ကျနော်တို့ ၅၀၅ တွေက အရမ်းများလာတာ။ လူ ၁၇၀ လောက် ဖြစ်သွားတယ်။ အဆောင်တွေမှာ ထားတယ်။ အရင်တခေါက် ကျနော် ကျတုန်းက နိုင်ငံရေးသမားတွေကို တိုက်တွေမှာ ထားတယ်။ အခုက ပြည်ထောင်က သေးတော့ ကျနော်တို့ကို အဆောင်မှာ ထားတယ်။ ကြားထဲမှာ ကိုဗစ် တခါ ဖြစ်တယ်။ အများစု ဖြစ်ကြတယ်။ နောက် ဆေးထိုးပေးတယ်။ တရုတ်ကလာတဲ့ဆေးမို့လို့ တချို့တဝက်ကတော့ မထိုးကြဘူး။ တချို့တဝက်က ထိုးတယ်။ ကျနော်လည်း ၁၂ ရက်လောက် ကိုဗစ်ဖြစ်သွားတယ်။ အနံ့လည်း ပျောက်၊ အရသာလည်း ပျောက်။ ဝမ်းတွေသွားတဲ့အထိ ဖြစ်သွားတယ်။ ကျနော်တို့ကို ခွဲမထားနိုင်ဘူး။ ဖြစ်တဲ့သူနဲ့ မဖြစ်တဲ့သူ အတူတူပဲ။ ကိုယ့်အဆောင်မှာပဲ အကူးခံရတယ်။ ကိုဗစ် ဖြစ်တယ်လို့ သတင်းပို့လိုက်ရင် ဆေးရုံဆောင်ဆိုတာ ပို့တယ်။  ဆေးရုံဆောင်မှာကျတော့လည်း အထွေအထူး ဘာမှလုပ်မပေးတော့ ကျနော်တို့က မပြောတော့ဘူး။ ကိုယ့်ဘာသာ အိမ်ကပို့တဲ့ဆေးနဲ့ပဲ ကျိတ်ကုတယ်။ သူတို့ကို ပြောရင်တော့ ဆေးတွေတော့ ပေးတယ်။ ဒါပေမဲ့ ကျနော်တို့က သီးခြားခွဲထားမှာကို မနေချင်ဘူးလေ။ ကိုယ့်အသိုင်းအဝိုင်းနဲ့ ကိုယ် နေချင်တော့ တယောက်နဲ့တယောက် ဖေးမလို့ရတယ်။ အဲဒါကြောင့် သတင်းမပို့တော့ဘဲ တခန်းလုံးနီးနီး ဖြစ်တာ။ စုစုပေါင်း ၁၇၀ လောက် ရှိတယ်။”

မေး - တခြား နေရထိုင်ရတာ ဘာတွေ အခက်အခဲရှိခဲ့လဲ။

“သိပ်ပြီးတော့ အခက်အခဲမရှိဘူး။ ပထမတခေါက်နဲ့ယှဉ်ရင်တော့ သိပ်မထူးဘူး။ အရင်အတိုင်းပဲ ပြောရမှာပေါ့။”

မေး - တခြား မလွတ်ဘဲကျန်ခဲ့သူတွေကို အစ်ကို့အနေနဲ့ ဘာများ ပြောချင်လဲ။

“ကျနော်တို့ လွတ်လာပေမဲ့ ဝမ်းမသာနိုင်ဘူး။ ကျန်ခဲ့တဲ့မျက်နှာတွေကို ကျနော်တို့ မကြည့်ရက်ဘူး။ ကျနော်တို့ကိုသာ ဝမ်းသာတယ်ဆိုပြီး လိုက်နှုတ်ဆက်ကြပေမဲ့ သူတို့မျက်နှာတွေကိုကြည့်ပြီး ကျနော်တို့ စိတ်ထိန်းခဲ့ရတယ်။ လူငယ်တွေ များတယ်လေ။ ကျနော်တို့က အသက်အကြီးဆုံးတန်း ငါးဆယ်ကျော်တွေ ဖြစ်နေတာ။ လူငယ်တွေ များတော့ တချို့လည်း နိုင်ငံရေးကို နားမလည်ပါဘူး။ ရောက်လာကြတာဆိုတော့ အထဲမှာ နေရတာ သူတို့အတွက် စိတ်ပိုင်းဆိုင်ရာရော ခက်ခဲတယ်။ ကျနော်တို့လို ကြီးတဲ့သူတွေက နှစ်သိမ့်ရတာပေါ့။”

မေး- ထောင်ထဲမှာ နေနေရစဉ်အတွင်းပေါ့ အပြင်ဘက်က သတင်းတွေရော အစ်ကိုကြားရရဲ့လား။ ဘယ်လို ဘယ်လို အခြေအနေရှိလဲ။

ဖြေ- “ ကျနော်တို့မှာ TV လေးရှိထားတော့ မြဝတီသတင်းလေးတော့ကြည့်ရတယ်။ မြဝတီသတင်း ကလွဲပြီး တခြားဘာဆို ဘာမှ  ကြည့်လို့မရဘူး။  ထောင်က TV တော့ ပေးထားတယ်ပေါ့နော်၊ မြဝတီတခုပဲ ဖမ်းရတော့ မြဝတီတခုပဲကြည့်ရတာပေါ့” 

မေး- ကိုမင်းညို တခြားပြောချင်တာရှိရင်လည်း ဖြည့်စွက်ပြီးပြောပေးပါဦး။

ဖြေ- တခြားဖြည့်စွက်ပြောစရာတော့ မရှိပါဘူး။ ဟိုလောလောဆယ်တော့ လွတ်လာပြီ ကျနော်ဆိုရင် ၇ လခွဲတိတိပေါ့ ၇ လခွဲပြည့်တဲ့နေ့မှာ ပြန်လွတ်လာတယ်ပေါ့။ တခြားအကျဉ်းသားတွေလည်း အမြန်ဆုံးလွတ်စေချင်တယ်ပေါ့။ သတင်းထဲမှာတော့ ၄၈၀၀ ကျော်လောက် မနက်ဖြန် သန်ဘက်ခါ လွှတ်ဦးမယ်လို့ ပြောတယ်။ ကျနော်တွေးကြည့်တာတော့ ပြည်ထောင်မှာကတော့ ၁၇၀ လောက်မှာ ဘယ်နှယောက်လောက် လွှတ်ပြီး ဘယ်နှယောက်လောက် ကျန်မလဲဆိုတာ စဉ်းစားလို့တောင် မရဘူးပေါ့။ အဲတော့ ကျန်ခဲ့တဲ့လူတွေအတွက်လည်း တော်တော်စိုးရိမ်တယ်။ သူတို့ကို လွတ်စေချင်တယ်။ 

မေး- ကျေးဇူးတင်ပါတယ် ကိုမင်းညို ကျန်းမာရေးဂရုစိုက်ပါ နေကောင်းရဲ့လား ။ 

ဟုတ်ကဲ့ ကောင်းပါတယ် အခုက ကျန်းမာရေးတော်တော်ကောင်းပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013