DVB Logo
Home
မြန်မာသတင်း
DVB သတင်းထောက် ကိုအောင်ကျော် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်
DVB
·
October 18, 2021
DVB သတင်းထောက် ကိုအောင်ကျော် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်
1 / 2
Donate to DVB

ထောင်ဒဏ် ၂ နှစ်ချမှတ်ခံထားရတဲ့ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့အခြေစိုက် DVB သတင်းထောက် ကိုအောင်ကျော် ဒီကနေ့ အောက်တိုဘာ ၁၈ ရက်နေ့မှာ အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက် လာပါတယ်။  

ဒီဗွီဘီသတင်းထောက် ကိုအောင်ကျော်ဟာ အကျဉ်းထောင်အတွင်းမှာ ရက်ပေါင်း ၂၃၁ ရက် ကြာဖမ်းဆီးခံရပြီးနောက် ဒီကနေ့ ပြန်လည်လွတ်မြောက်လာတာဖြစ်ပြီး နေအိမ်ကို ပြန်ရောက်နေပြီလို့ သိရပါတယ်။

ပြန်လွတ်လာတဲ့ သတင်းထောက်ကိုအောင်ကျော်က "မြေပြင်မှာ ပြည်သူတွေ ဖြစ်ပျက်နေတဲ့ အချက်အလက်တွေကို ကျနော်တို့ သတင်းသမားတွေက သတင်းမီဒီယာကျင့်ဝတ်အရ ဖော်ပြခဲ့တာပေါ့။ အဲဒီလို ဖော်ပြခဲ့တာကို ကျနော်တို့ကို ပုဒ်မအသီးသီးနဲ့ ဖမ်းဆီးပြီးတော့ ထောင်ချခဲ့တယ်။ ကျနော်တို့ သတင်းမီဒီယာသမားတွေက တိုင်းပြည်ရဲ့ ပြည်ကြီးပခုံး ပြည်ကြီးလက်ရုံးလို့ ခေါ်နိုင်တဲ့ စတုတ္ထမဏ္ဍိုင်ကို ထမ်းဆောင်နေတဲ့သူတွေ ဖြစ်တယ်။ ဒါကြောင့် ရာဇဝတ်သားတွေ မဟုတ်ပါဘူး။ ဒါကိုလည်း သိစေချင်တယ်။ သတင်းမီဒီယာသမားတွေကို ရန်သူလို သဘောထားပြီး ဆက်ဆံတဲ့ လုပ်ရပ်တွေကိုလည်း ဆက်ပြီးမလုပ်စေချင်တော့ဘူး။ ကျနော်ဆို စစ်ကြောရေးမှာ မင်း သတင်းအလုပ်ကို ဆက်လုပ်ဦးမှာလား ဆိုတာမျိုး ပြောတယ်။ ပြောချင်တာက ကျနော်တို့က သတင်းသမား ဖြစ်တယ်၊ ကျနော်တို့က ဒီအလုပ်ကိုပဲ လုပ်တတ်တယ်။ သတင်းမီဒီယာအလုပ်ကိုပဲ ဆက်လုပ်ဖို့ ရှိတယ်။”လို့ ပြောပါတယ်။

မြိတ်မြို့အခြေစိုက် DVB သတင်းထောက် ကိုအောင်ကျော်ကို မတ်လ ၁ ရက်နေ့က မြိတ်မြို့နေအိမ်မှာ စစ်တပ်က အကြမ်းဖက် ဝင်ရောက်ဖမ်းဆီးပြီး ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲခဲ့တာဖြစ်ပါတယ်။ 

ဒီနောက် စစ်ကောင်စီတရားရုံးက ဇွန်လ ၂ ရက်နေ့မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်တာဖြစ်ပါ တယ်။

ကိုအောင်ကျော်အမှုကို မြိတ်မြို့က ရှေ့နေတွေမလိုက်ရဲအောင် စစ်ကောင်စီက ဖိအားတွေ ပေးခဲ့တဲ့အတွက် ကိုအောင်ကျော်ဟာ မီဒီယာဥပဒေကိုကိုင်ပြီး တရားရုံးမှာ ကိုယ်တိုင်ပဲ ချေပခဲ့ရပါတယ်။ 

မြိတ်မြို့မှာ  ပြည်သူတွေအပေါ် စစ်တပ်ရဲ့ အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး သတင်းအဖြစ်မှန်အတိုင်း  တိုက်ရိုက်တင်ဆက်ခဲ့တဲ့အတွက်  စစ်တပ်က ကိုအောင်ကျော်ကို ဖမ်းဆီးတရားစွဲ ထောင်ချခဲ့တာဖြစ်ပါတယ်။

အလားတူ ထောင်ဒဏ် ၃ နှစ်ချမှတ်ခံထားရတဲ့ ပြည်မြို့အခြေစိုက် DVB သတင်းထောက်ကိုမင်းညိုလည်း ဒီနေ့ ပြန်လည်လွတ်မြောက်လာပါတယ်။

အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသား ၁၃၁၆ ယောက်ကို အကျဉ်း‌ထောင် အသီးသီးကနေ ခံဝန်ကတိနဲ့ လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်တယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီကနေ့ အောက်တိုဘာ ၁၈ ရက်မှာ ကြေညာခဲ့ပြီးနောက် အခုလို လွတ်မြောက်လာတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013