DVB Logo
Home
မြန်မာသတင်း
ပဋိပက္ခကြောင့် နေရပ်စွန့်ခွာခဲ့ရသူများကို ကူညီထောက်ပံ့ပေးရန် ကုလသမဂ္ဂ အရေးပေါ်စီစဉ်နေ
DVB
·
October 18, 2021
ပဋိပက္ခကြောင့် နေရပ်စွန့်ခွာခဲ့ရသူများကို ကူညီထောက်ပံ့ပေးရန် ကုလသမဂ္ဂ အရေးပေါ်စီစဉ်နေ
Donate to DVB

ချင်း၊ ကယား၊ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ စစ်ကိုင်းတိုင်းမှာ  ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် စားဝတ်နေရေး ထိခိုက်ခဲ့ရပြီး၊ နေရပ်စွန့်ခွာခဲ့ရသူ ထောင်ပေါင်းများစွာကို ကူညီထောက်ပံ့နိုင်ဖို့ အရေးပေါ်ကြိုးစားဆောင်ရွက်နေကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် (WFP) က ဆိုပါတယ်။

WFP က ကချင်၊ ချင်း၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တို့က ပဋိပက္ခဒဏ်ခံရသူ လူဦးရေပေါင်း သုံးသိန်းခွဲကျော်ကိုလည်း  လစဉ် စားနပ်ရိက္ခာအထောက်အပံ့ ပေးအပ်နေတယ်လို့ သိရပါတယ်။ 

WFP အနေနဲ့ ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေအပြင် မြို့ပြဒေသတွေက ထိခိုက်ခံရတဲ့ လူထုအတွက်လည်း စားနပ်ရိက္ခာ အထောက်အပံ့တွေကို ဆက်လက်တိုးမြှင့် ပေးအပ်သွားမယ်လို့ ကတိပြုထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလက စတင်ပြီး ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်က နွမ်းပါးသူ မြို့နေ လူဦးရေ ၁ သိန်းခွဲအတွက် ကယ်ဆယ်ရေး စားနပ်ရိက္ခာ အထောက်အပံ့တွေကို  ဖြန့်ဝေပေးနေတယ်လို့ (WFP)က ဆိုထားပြီး၊ မန္တလေးတိုင်းဒေသကြီး အောင်မြေသာဇံမြို့နယ်နဲ့ မဟာအောင်မြေမြို့နယ်တို့ရှိ  ဆင်းရဲနွမ်းပါးတဲ့ မြို့နေမိသားစုတွေအတွက် ဒုတိယအကြိမ်အဖြစ် စားနပ်ရိက္ခာ ထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။

ထပ်မံပြီး WFP က ရွှေပြည်သာမြို့နယ်နဲ့ မြောက်ဥက္ကလာပမြို့နယ်တို့မှာ ကူညီထောက်ပံ့ပေးနိုင်ဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။ 

ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် (WFP) က ဂျပန်၊ တောင်ကိုရီးယားသမ္မတနိုင်ငံနဲ့ အခြား အလှူရှင်တွေရဲ့ ပံ့ပိုးမှုနဲ့ ရန်ကုန်၊ မန္တလေးတိုင်းအတွင်း အဆင်းရဲဆုံးဒေသတွေက ထိခိုက်လွယ်တဲ့ လူဦးရေ ၁ သန်းဆီကို အရေးပေါ်စားနပ်ရိက္ခာ အထောက်အပံ့တွေ လက်ဝယ်အရောက် တိုက်ရိုက်ပေးအပ်ခဲ့ပြီး ဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။ 

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရဲ့ သက်ရောက်မှုအပြင် စစ်အာဏာသိမ်းမှု ခံရတာကြောင့် အလုပ်လက်မဲ့ဦးရေ တိုးလာပြီး၊ စားနပ်ရိက္ခာ ကုန်စျေးနှုန်းတွေ တက်လာကာ အခြေခံလူတန်းစား အများစုက စားဝတ်နေရေး အခက်ကြုံနေကြရပါတယ်။

ဒါ့အပြင် စစ်ရေး ပဋိပက္ခတွေကြောင့်လည်း  ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်လူဦးရေ လည်း တစ်နေ့တခြား များလာနေပါတယ်။

ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) က ထုတ်ပြန်တဲ့စာရင်းအရ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကနေ စက်တင်ဘာကုန်အထိ ၈ လအတွင်း ပြည်တွင်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ စစ်ဘေးရှောင်ဦးရေ ၂ သိန်းကျော်ရှိပြီး အိမ်နီးချင်းနိုင်ငံတွေကို  ထွက်ပြေး တိမ်းရှောင် ခိုလှုံနေရသူ အရေအတွက်က ၂ သောင်းကျော် ခန့်ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013