တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ ဧပြီ ၉ ရက်မှာ ပြုံယမ်းကို ရောက်ရှိလာပြီး မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချွဲဆွန်းဟီနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ မြောက်ကိုရီးယား အစိုးရပိုင် KRT ရုပ်သံက ဧပြီ ၁၀ ရက်မှာ ထုတ်လွှင့်သွားပါတယ်။
အမေရိကန်နဲ့ အနောက်အုပ်စုနိုင်ငံတွေက မြောက်ကိုရီးယားကို ဖိအားပေးတာ၊ အထီးကျန်အောင် လုပ်တာတွေ ရှိနေပေမဲ့ မြောက်ကိုရီးယားဟာ သိသာထင်ရှားတဲ့ အောင်မြင်မှုတွေ ရရှိခဲ့တယ်လို့ ဝမ်ယိက ပြောကြားခဲ့ကြောင်း KRT သတင်းမှာ ဖတ်ကြား တင်ဆက်သွားပါတယ်။
ဝမ်ယိနဲ့ ချွဲဆွန်းဟီ တို့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက ကျင်းပခဲ့တဲ့ သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲမှာ သူတို့ ၂ နိုင်ငံ ခေါင်းဆောင်တွေဟာ ချစ်ကြည်ရင်းနှီးမှု ခေတ်သစ်တခုကို ဖွင့်လှစ်ပေးနိုင်ခဲ့တာကြောင့် သူတို့ရဲ့ခေါင်းဆောင်တွေကို ချီးမြှောက်ဂုဏ်ပြုခဲ့ကြပြီး ၂ နိုင်ငံ ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် ဆက်ဆံရေးကို ပိုမိုတိုးတက် မြှင့်တင်သွားမယ်လို့လည်း ကတိပြုခဲ့ကြပါတယ်။
တရုတ်နဲ့ မြောက်ကိုရီးယား အိမ်နီးချင်း ၂ နိုင်ငံဟာ ကိုဗစ်-၁၉ ကပ်ရောဂါ အစပိုင်းအချိန်နဲ့ မြောက်ကိုရီးယားဟာ ၂၀၂၃ ခုနှစ်ကတည်းက ရုရှားနဲ့ မဟာဗျူဟာမြောက်ဆက်ဆံရေး တည်ဆောက်ဖို့ အပြင်းအထန် တွန်းတွန်းတိုက်တိုက် လုပ်ခဲ့တာကနေ အေးစက်သွားခဲ့တဲ့ နိုင်ငံရေးနဲ့ စီးပွားရေး အဆက်အသွယ်တွေကို ပြန်လည်အသက်သွင်းဖို့ ကြိုးစားနေကြတာလည်း ဖြစ်ပါတယ်။
လာမဲ့လမှာတော့ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို လက်ခံတွေ့ဆုံဖို့ ရှိနေပါတယ်။
သမ္မတ ထရမ့်ပ် ကတော့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနဲ့ ဆွေးနွေးမှုတွေ ပြန်စဖို့ စိတ်ဝင်စားကြောင်း အကြိမ်ကြိမ် ပြောဆိုထားဖူးပါတယ်။
Source: Reuters











