DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးမှုဖြင့် တရားစွဲဆို ပြစ်ဒဏ်ချခံရသူများ ပြန်လွတ်
DVB
·
December 31, 2013
နိုင်ငံရေးမှုဖြင့် တရားစွဲဆို ပြစ်ဒဏ်ချခံရသူများ ပြန်လွတ်
1 / 10
Donate to DVB

မြန်မာနိုင်ငံတ၀န်း အကျဉ်းထောင်တွေနဲ့ တရားရုံးတွေအသီးသီးမှာ နိုင်ငံရေးပြစ်မှုတွေနဲ့ ဖမ်းဆီးထောင်ချ တရားစွဲခံနေရတဲ့ နိုင်ငံရေးလှုပ်ရှားသူတွေကို သမ္မတက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။

7ဒီဇင်ဘာ ၃၀ ရက်နေ့ နေ့စွဲနဲ့ သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုးထုတ်ပြန်တဲ့ နိုင်ငံတော်သမ္မတရုံးရဲ့ အမိန့်စာမှာ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှု ဖော်ဆောင်ရေး၊ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေး၊ နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်နိုင်ဖို့နဲ့ လူသားချင်း စာနာထောက်ထားမှုတွေအတွက် လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တယ်လို့ ဖော်ပြထားပါတယ်။

မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇ (၁)၊ နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု၊ အကြည်ညိုပျက်အောင် လုပ်မှု၊ နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေနဲ့ ပြစ်မှုတွေ၊ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈၊ အများပြည်သူ အကျိုးပျက်စီးစေမှု ပုဒ်မ ၅၀၅၊ ၁၉၅၀ အရေးပေါ်စီမံမှု အက်ဥပဒေတွေနဲ့ ပြစ်ဒဏ် ကျခံနေရသူတွေဟာ ဒီ လွတ်ငြိမ်းခွင့်မှာ အကျုံးဝင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီအမှုတွေနဲ့ တရားရုံးတွေမှာ ကြားနာစစ်ဆေးဆဲအမှုတွေကိုလည်း ပိတ်သိမ်းပြီး စုံစမ်းအရေးယူဆဲဖြစ်တဲ့ အမှုတွေကိုလည်း ဆက်လက် အရေးယူခြင်း မပြုဘဲ ပိတ်သိမ်းရမယ်လို့ ကြေညာခဲ့ပါတယ်။

ဖော်ပြပါပုဒ်မတွေနဲ့ အကျဉ်းကျခံနေရသူ၊ အမှုရင်ဆိုင်နေတဲ့သူနဲ့ စုံစမ်းစစ်ဆေးခံနေရသူ အားလုံးကို လွတ်ငြိမ်းခွင့်ပေးလိုက်ပေမယ့် လွတ်မြောက်လာတဲ့ အကျဉ်းသားစာရင်းကို အတိအကျ မသိရှိရသေးပါဘူး။

နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီက ဦးရဲအောင်ကတော့ ဒီ လွတ်ငြိမ်း ချမ်းသာခွင့်ကြောင့် ကော်မတီက သတ်မှတ်ထားတဲ့ နိုင်ငံရေးအကျဉ်းသား ၃၅ ဦး ကျန်နေဆဲဖြစ်ပြီး ၅ ဦး လွတ်မြောက်လာတယ်လို့ ပြောပါတယ်။

“အခြားပုဒ်မတွေနဲ့ ကျန်နေတာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ကိုလည်း ကျနော်တို့က ဒါက နိုင်ငံရေးပုဒ်မ မဟုတ်ဘူး၊ ရာဇ၀တ်ပုဒ်မ ဆိုပြီး မသတ်မှတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော သူတို့ အမိန့်ချမှတ်ခံရတဲ့ အချိန်တုန်းက စစ်မှန်တဲ့ တရားဥပဒေရဲ့ အကျိုးခံစားခွင့် မရှိခဲ့ပါဘူး။ အမျိုးမျိုး စွပ်စွဲပြီး ထောင်ချခံခဲ့ရတာ ဖြစ်တယ်။ လက်ရှိ ထောင်ကျနေတဲ့ ဥပဒေ ပုဒ်မအရကသာ အခြား ရာဇ၀တ်မှု ပုဒ်မ ဖြစ်ပေမယ့် သူတို့ ဆောင်ရွက်ခဲ့တဲ့၊ သူတို့လုပ်ခဲ့တဲ့ဟာတွေက နိုင်ငံရေး ရည်ရွယ်ချက်နဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီလူတွေကို ထပ်ပြီး လွှတ်ပေးဖို့အတွက် ကျနော်တို့ တိုက်တွန်းထားတာပါ။ အဲဒါကလည်း ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။”

လွှတ်ပေးလိုက်တဲ့အထဲမှာ ပုဒ်မ ၁၈ နဲ့ အကျဉ်းကျခံနေတဲ့သူ၂ ဦးနဲ့ တိုင်းရင်းသားအဖွဲ့က ၃ ဦး ပါဝင်နေပြီး ဒီဇင်ဘာ ၂၁ ရက် ဆွေးနွေးပွဲမှာ ဒီ ၅ ဦးကို တင်ပြခဲ့တာလို့ ဆိုပါတယ်။

သမ္မတရဲ့ ပြောခွင့်ရသူ ပြည်ထောင်စု ဒုဝန်ကြီး ဦးရဲထွဋ်ကတော့ ၂၀၁၃ အကုန်မှာ နိုင်ငံရေးအကျဉ်းသားတွေ မရှိစေရဘူးဆိုတဲ့ ကတိစကားနဲ့ အညီ ဖြည့်ဆည်းပေးခဲ့တာ ဖြစ်သလို ပြုပြင်ပြောင်းလဲမှုတွေကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်သွားမယ့် အကြောင်းနဲ့ ကျန်နေတဲ့သူတွေဟာ တခြားသော ပုဒ်မတွေနဲ့ စွဲဆိုထားတာ ဖြစ်တဲ့အတွက် လွှတ်ပေးလို့ မရတာလို့ ပြောပါတယ်။

“၁၇ (၁) နဲ့ ငြိတယ်။ ကောင်းပြီ ၁၇ (၁)ကတော့ ပယ်ဖျက်လိုက်မှာပဲ။ သို့သော် နောက် ၁ မှုက လူသတ်မှု တမျိုးဖြစ်နေတယ်။ ဥပမာ - ကိုသံချောင်းလို လူမျိုးပေါ့။ ကိုသံချောင်းလို လူမျိုးကို နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီကိုက တင်ပြတဲ့အထဲမှာ မပါဘူး။ အဲဒါမျိုးတွေကို ဘေးလူတွေက ပြောနေတာ ဖြစ်လိမ့်မယ်။ ကျနော်သိသလောက်တော့ ကော်မတီက နောက်ဆုံး ခုနက သမ္မတကြီး ကြေညာချက် ၅၁ ထဲမှာ ပါတဲ့ အမိန့်နဲ့အထဲမှာ အကျုံးမ၀င်တဲ့ အမှုတွေ ရှိသော်ငြားလည်း လွှတ်ပေးသင့်ပါတယ်လို့ ပြောတဲ့အထဲမှာ ၅ ယောက်ပဲ ရှိတဲ့အတွက် သမ္မတကြီးက အဲဒီ ၅ ယောက်ကို ပြစ်ဒဏ်က လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တယ်။”

သမ္မတဦးသိန်းစိန်ရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်နဲ့ ဒီနေ့ ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ဦးရန်နိုင်ထွန်းနဲ့ ဦးအောင်မင်းနိုင်တို့လည်း အင်းစိန်အကျဉ်းထောင်ကနေ ပြန်လွတ်လာပါတယ်။

ဒီလိုပဲ ပီအန်အယ်လ်အိုအဖွဲ့က အိုက်ပိုင် (တောင်ကြီးထောင်)၊ ရဲမင်း (ခ) ကာဘရယ် (တောင်ကြီးထောင်) နဲ့ ကေအန်ယူအဖွဲ့က ဆန်းထွေး (မော်လမြိုင်ထောင်) တို့လည်း ပြန်လည် လွတ်မြောက်လာကြတယ်လို့ သတင်းရရှိပါတယ်။

အင်းစိန်အကျဉ်းထောင်ကနေ တရုတ်-မြန်မာနယ်စပ် လိုင်ဇာကို ငြိမ်းချမ်းရေးအတွက် ခရီးရှည်လမ်းလျှောက်တဲ့အတွက် ပုဒ်မ ၁၈ နဲ့ စွဲဆို ထောင်ဒဏ်ချမှတ်ခံရတဲ့ ဦးရန်နိုင်ထွန်းက ပြစ်ဒဏ်က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်လာတဲ့အပေါ် အခုလို ပြောပါတယ်။

“ကျနော်တို့ကတော့ လွတ်ငြိမ်းချမ်းသာခွင့်လို့ မခံယူဘူးဗျ။ တရားဥပဒေစိုးမိုးမှုရဲ့ အားနည်းချက်တွေ၊ မှားယွင်းမှုတွေအတွက် ဖြည့်စွက်ပေးတဲ့၊ ဖာထေးပေးတဲ့ လုပ်ရပ်တွေလို့ မြင်တယ်။ ဒီလိုလွတ်မြောက်လာတာကလည်း အပြင်မှာကျန်ခဲ့တဲ့ ကျနော်တို့ သူငယ်ချင်းတွေရဲ့ တွေးအားပေးမှုကြောင့်၊ သမ္မတရဲ့ ကတိတည်ကြည်မှုကြောင့်လို့ မြင်ပါတယ်။”

အလားတူ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာ ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ရန်ကုန်မှာ ငြိမ်းချမ်းစွာ စီတန်း လမ်းလျှောက်ခဲ့ပြီး ပုဒ်မ ၁၈နဲ့ တရားစွဲဆိုခံနေရတဲ့ ဒေါ်မေစပယ်ဖြူကတော့ လက်ရှိ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

“သမ္မတရဲ့ အပြည်ပြည်ဆိုင်ရာ ခရီးစဉ်တွေမှာ ၂၀၁၃ မကုန်ခင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံး မရှိစေရဘူး၊ လွှတ်ပေးမယ်ဆိုတဲ့ စကားအပေါ်မှာ တည်အောင်လုပ်တဲ့သဘောပဲရှိတယ်။ အမိန့်ကြေညာချက်မှာလည်း ပါတယ်။ ဒီဇင်ဘာ ၃၁ ရက်နောက်ပိုင်းမှာ စစ်တဲ့အမှုတွေက မသက်ဆိုင်ဘူးဆိုတာ။ ဘယ်လိုပဲဖြစ်ဖြစ် ပုဒ်မ ၁၈ တို့၊ ၅၀၅ (ခ) တို့၊ ၁၇ (၁) တို့ကို လုံးဝပယ်ဖျက်တာ မဟုတ်သေးဘူး။ အဲအပေါ်မှာ ဆက်ပြီး ဆက်ကြည့်ရမယ်လို့ ထင်တယ်။”

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ၁ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဆန္ဒပြပြီး တရုတ်အလံကို မီးရှို့ခဲ့တဲ့ ဦးတင်ထွဋ်ပိုင်လည်း လွတ်ငြိမ်းခွင့်နဲ့ လွတ်မြောက်လာမှာလို့ ကြားသိရတဲ့အတွက် အင်းစိန်ထောင်ဘူးဝကနေ စောင့်မျှော်နေတယ်လို့ မိခင် ဒေါ်ငယ်က ပြောပါတယ်။

သမ္မတဦးသိန်းစိန်က ဒီနှစ် အကုန်မှာ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား လုံးဝ မရှိ စေရဆိုပြီး သူရဲ့ ဥရောပခရီးစဉ်အတွင်းမှာ နိုင်ငံတကာကို ကတိပြု ပြောကြားထားတာ ဖြစ်ပါတယ်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) က တွဲဖက် အတွင်းရေးမှူး ဦးတိတ်နိုင်ကတော့ အကျဉ်းသားတွေကို လွှတ်ပေးလိုက်တာကို ကြိုဆိုပေမယ့် ဆက်လက်ရှိနေတဲ့ ပုဒ်မ ၁၈ နဲ့ ပုဒ်မ ၅၀၅ တို့ကြောင့် နိုင်ငံရေး အကျဉ်းသားတွေ ဆက်ရှိနေဦးမယ်လို့ ပြောပါတယ်။

“ဒီလူတွေဟာ တရားမျှတတဲ့ တရားစီရင်မှုတွေ မရခဲ့ဘူးဆိုတာ တင်ပြခဲ့တဲ့အထဲမှာ ပါတယ်။ လာမယ့်အပတ်လောက်မှာ အကုန်လုံး ပြန်လွတ်မယ်လို့ မြင်ပါတယ်။ သို့ပေမယ့် ပုဒ်မ ၁၈ တို့၊ ၅၀၅ (ခ) တို့က တရားဝင်ဖျက်သိမ်းခြင်း မရှိသေးတဲ့အတွက် ၂၀၁၄ မှာ ဒီပုဒ်မတွေ ဆက်ရှိနေမယ်ဆိုရင် တရားစွဲတဲ့ကိစ္စတွေ၊ ထောင်ထဲပြန်ရောက်တဲ့ ကိစ္စတွေ၊ ဆက်ရှိနေဦးမှာပဲ။ နိုင်ငံရေးအကျဉ်းသားတွေလည်း ထပ်ရှိလာနိုင်ပါတယ်။ ပြည်သူလူထုရဲ့ ရပိုင်ခွင့်တွေကို ဖိနှိပ်ထားတဲ့ ဒီပုဒ်မတွေကို ပယ်ဖျက်သင့်တယ်ဆိုတာ အစိုးဘက်က စဉ်းစားသင့်တယ်လို့ ကျနော်တို့ မြင်ပါတယ်။”

၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ လက်ကျန် နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီရဲ့ လုပ်ငန်းတွေ စတင်အကောင်ထည်ဖော်ပြီး နောက်ပိုင်း သမ္မတက အနည်းဆုံး လွတ်ငြိမ်းချမ်းသာခွင့် ၃ ကြိမ်လောက် ပေးခဲ့ပြီး လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားပေါင်းက ၃၅၄ ဦး ရှိပါတယ်။

[gallery ids="49428,49429,49430,49431,49432,49433,49434,49435,49436"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013