ချင်းပြည်နယ်၊ ဟားခါးမြို့မှာ အောက်တိုဘာလ ၁၄ ရက်ညက ပြည်နယ် လဝကရုံးဟောင်း မီးလောင်ကျွမ်းခဲ့တယ်လို့ ဟားခါးမြို့ဒေသခံတွေဆီကနေ သိရပါတယ်။
ဟားခါးမြို့ ချင်းဦးစီးရပ်ကွက်မှာ မနေ့ည ၁၀ နာရီ ခွဲလောက်မှာ ပြည်နယ် လဝက ရုံး မီးလောင်ကျွမ်းခဲ့တာလို့ ဟားခါးမြို့ခံတစ်ယောက်က ဒီဗွီဘီကိုပြောပါတယ်။
မီးလောင်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးဘဲ ပေါက်ကွဲသံတွေကြားရတာကြောင့် ဘယ်သူမှ မီးငြိမ်းသတ်ဖို့မထွက်ရဲဘဲ ည ၁၁ နာရီကျော်လောက်မှာ မီးသတ်ကားတွေရောက်တဲ့ အချိန်မှာတော့ အဆောက်ဦးဟာ မီးလောင်ပြာကျသွားပြီလို့ပြောပါတယ်။
ဟားခါးမြို့မှာ CDF တပ်ဖွဲ့နဲ့ အကြမ်းဖက်စစ်အုပ်စုတွေတိုက်ပွဲ ဖြစ်ပွားပြီးတော့ စက်တင်ဘာ ၁၈ ရက်နေ့က မီးလောင်မှုဖြစ်ပွားသလို့ အခု ဒုတိယကြိမ်မြောက် ထပ်မံမီးလောင်ကျွမ်းခဲ့တာလို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဖလမ်းမြို့နယ်၊ ရီလ်သီးရွာနဲ့ ထလန်ရောန်ကျေးရွာမှာလည်း အောက်တိုဘာလ ၁၃ ရက်နဲ့ ၁၄ ရက်နေ့တွေမှာ ဘုရားကျောင်းအပါအဝင် နေအိမ် ၁၉ လုံးကို အကြမ်းဖက်စစ်တပ်က မီးရှို့ ဖျက်ဆီးခဲ့ပါတယ်။